News

POST TYPE

HEALTH

ပုဂ္ဂလိကဆေးခန်းနှစ်ခုကိုတရားစွဲ၊ ကျော်စောသတင်းဖြစ်သည့်ဆေးခန်းများကိုဆက်တိုက်စစ်ဆေးမည်
17-May-2018
ရန်ကုန်၊ မေ ၁၇
ရန်ကုန်တိုင်းဒေသကြီးအတွင်း ပုဂ္ဂလိကဆေးခန်း များစွာရှိနေပြီး လူမှုကွန်ရက်တွင် ကျော်စောသတင်းဖြစ်နေသည့် ဆေးခန်းများကို ဆက်တိုက်စစ်ဆေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထွန်းမြင့်က ပြောကြားသည်။

“အခုဆေးခန်းခြောက်ခုကိုစစ်တာ နှစ်ခုကိုတော့ တရားစွဲပြီး ပိတ်သိမ်းထားတယ်။ သံသယဖြစ်ဖွယ် တွေ့ရုံနဲ့ကို အရေးယူတာ။ ကျန်တဲ့လေးခုကတော့ စစ်ဆေးတဲ့အချိန်မှာ ဥပဒေအရ အရေးယူလို့ရတာမျိုး မတွေ့ခဲ့ဘူး။ ကျွန်တော်တို့က တရားမဝင် ကုထုံးနဲ့ကုနေတာကို လက်မခံဘူး”ဟု ၎င်းကဆိုသည်။

ရန်ကုန်တိုင်းအတွင်း တရားမဝင် ကုသမှုပုံစံဖြင့် ဖွင့်လှစ်ထားသော ဆေးခန်းများ ရှိသည်ဟူသည့် တိုင်ကြားစာများ ရရှိသဖြင့် သက်ဆိုင်ရာဌာနများ ပူးပေါင်း၍ ပြီးခဲ့သည့်မတ်လ ၂၁ ရက်နေ့မှစတင်ကာ ပုဂ္ဂလိက ဆေးခန်းများကို ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ဧပြီလ ၆ ရက်နေ့အထိ ဆေးခန်း စုစုပေါင်း ခြောက်ခန်းကို စစ်ဆေးခဲ့ပြီးဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။

ယင်းကဲ့သို့ပုဂ္ဂလိကဆေးခန်း ခြောက်ခန်းကိုစစ်ဆေးရာ လှိုင်မြို့နယ်ရှိ ရောင်နီဦး ဆေးခန်းကို မှတ်ပုံတင်ထားခြင်း မရှိသည့်ဆေးများ တွေ့ရှိမှု၊ တရားမဝင် ခွဲစိတ်ခန်းထားရှိမှုကြောင့် အမျိုးသား ဆေးဝါးဥပဒေအရလည်းကောင်း၊ လမ်းမတော်မြို့နယ်ရှိ နေဝန်းဆေးခန်းကို မှတ်ပုံတင်ထားခြင်း မရှိသည့်ဆေးများ တွေ့ရှိမှု၊ တရားမဝင် ဆေးကုသနေသည့် တရုတ်လူမျိုး နိုင်ငံခြားသား တွေ့ရှိမှုများကြောင့် မြန်မာနိုင်ငံ ဆေးကောင်စီဥပဒေအရလည်းကောင်း တရားစွဲဆိုထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာန၏ အချက်အလက်များတွင် ဖော်ပြထားသည်။

ပုဂ္ဂလိကဆေးခန်းများကို လုပ်ငန်းလိုင်စင် ရှိ မရှိ၊ ဥပဒေနှင့်အညီ ဆောင်ရွက်ထားမှု ရှိ မရှိ၊ တရားမဝင် နိုင်ငံခြားသား ကုသမှု ရှိ မရှိနှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ စည်းမျဉ်းစည်းကမ်းများကို လိုက်နာခြင်း ရှိ မရှိ စသောအချက်များအပေါ် မူတည်ကာ စစ်ဆေး အရေးယူမှုများကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြောကြားသည်။

“လူမှုကွန်ရက်တွေမှာ ဖော်ပြတာခံရပြီး လူထုက တိုင်တန်းထားတာတွေကို ဦးစားပေး ဆောင်ရွက်တယ်။ တချို့ဆေးခန်းတွေဆို အလွန်အကြူး ကြော်ငြာတာတွေ ရှိတယ်။ ကျွန်တော်တို့က နိုင်ငံသားတွေရဲ့ စီးပွားရေးကို နှောင့်ယှက်တာမဟုတ်ပါဘူး”ဟု ၎င်းကရှင်းပြသည်။

ရန်ကုန်တိုင်းအတွင်း လိုင်စင်ရအထူးကုဆေးရုံ ၁၂ ရုံ၊ အထွေထွေ ရောဂါကုဆေးရုံ ၄၂ ရုံ၊ အထူးကုဆေးခန်း ၂၈၀၊ အထွေထွေ ရောဂါကုဆေးခန်း ၂၆၆၆ ခန်းရှိပြီး လက်ရှိအချိန်တွင် စစ်ဆေးထားသည့် ဆေးခန်းများမှာ လူထုမေတ္တာဆေးခန်း၊ ရောင်နီဦးဆေးခန်း၊ စင်ကာပူဆေးခန်း၊ တိုကျိုဆေးခန်း၊ နေဝန်းဆေးခန်းနှင့် Thailand ဆေးခန်းတို့ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထွန်းမြင့်က ဖြည့်စွက်ပြောကြားသည်။

J-12