News

POST TYPE

FOREIGN AFFAIRS

အမေရိကအတွက် သေရေးရှင်ရေးတမျှ အရေးကြီးသောအချိန်ဖြစ်ကြောင်း ထရမ့်ပြောကြား ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၄၀၀၀ ကျော်
02-Apr-2020


ဝါရှင်တန် ၊ ဧပြီ ၁

လက်ရှိအချိန်သည် သေရေးရှင်ရေးတမျှ အရေးကြီးသည့် အချိန်ကာလတစ်ခုထဲသို့ ရောက်ရှိနေသည်ဖြစ်ရာ အမေရိကန်ပြည်သူများအနေနှင့် သတ်မှတ်ထားသော လမ်းညွှန်ချက်များကို တစ်သဝေမသိမ်းလိုက်နာကြရန် သမ္မတဒေါ်နယ်ထရမ့်က တိုက်တွန်းပြောကြားလိုက်ကြောင်း BBC သတင်းဌာနကရေးသားဖော်ပြသည်။

အမေရိကန်ပြည်ထောင်စုတွင် မတ္လ ၃၁ ရက်နေ့အထိ ရရှိသောသတင်းအတည်ပြုချက်များအရ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၄၀၀၀ ကျော်သို့ရောက်ရှိသွားပြီး ၂၀၀,၀၀၀ အထိ လူသေဆုံးနိုင်ကြောင်းပညာရှင်များက ခန့်မှန်းထားချိန်တွင် သမ္မတထရမ့်က ယင်းသို့ သတိပေး ပြောဆိုလိုက်ခြင်း ဖြစ်သည်။

သမ္မတထရမ့်ကမူ ဗိုင်းရပ်စ် ကြောင့် အမေရိကန်ပြည်ထောင်စုတွင် လူတစ်သိန်းခန့်အထိသေဆုံးနိုင်ဖွယ်ရှိကြောင်း သတိပေးပြောကြားသည်။

ဧပြီ ၁ ရက်နေ့ အစောပိုင်းအထိ အမေရိကန်ပြည်ထောင်စုတွင် ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၈၈,၆၃၉ ဦးရှိကြောင်း သိရသည်။

အမေရိကန်ပြည်ထောင်စုအတွက် လာမည့်သတင်းပတ် နှစ်ပတ်ခန့်သည် အလွန်အမင်း နာကျင်ခံခက်ဖွယ်ကောင်းသော ကာလတစ်ခုကိုဖြစ်လာဖွယ်ရှိသည်ဟု ထရမ့်ကပြောကြားသည်။

အမေရိကန်ပြည်ထောင်စုတွင် တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေကြရန်(Social Distancing) ညွှန်ကြားချက်များကို ဆက်လက်ထိန်းသိမ်းထားနိုင်သည့်တိုင် ဗိုင်းရပ်စ် ကြောင့်သေဆုံးသူ တစ်သိန်းမှ ၂၄၀,၀၀၀ အထိ ရှိလာနိုင်ကြောင်း အိမ်ဖြူတော်က ခန့်မှန်းထားသည်။

"အမေရိကန်ပြည်သူ တစ်ဦးချင်းစီတိုင်း ရှေ့ကြုံတွေ့လာရနိုင်တဲ့ ဆိုးရွားမယ့်နေ့ရက်တွေအတွက် ပြင်ဆင်ထားစေလိုပါတယ်"ဟု ထရမ့်က အိမ်ဖြူတော်တွင် ပြောကြားသည်။

"ကျွန်တော်တို့အားလုံး အင်မတန် ရက်စက်ကြမ်းတမ်းတဲ့ သတင်းပတ် နှစ်ပတ်လောက်ကိုဖြတ်သန်းကြရအုံးမှာ။အင်မတန် နာကျင်ခံခက်ဖွယ်ကောင်းတဲ့ အချိန်ကာလကြီးကို ဖြတ်သန်းရဦးမှာပါ" ဟုထရမ့်ကဆိုသည်။

အမေရိကန်အမျိုးသား ဓာတ်မတည့်မှုနှင့် ကူးစက်ရောဂါဆိုင်ရာအင်စတီကျု မွ ဒါရိုက်တာ ဒေါက်တာအန်တိုနီဖောင်စီက အမေရိကန်ပြည်သူများအနေနှင့် ဖြစ်လာနိုင်ခြေရှိသောအခြေအနေများအတွက် အကောင်းဆုံးပြင်ဆင်ထားနိုင်သည့်တိုင် ဗိုင်းရပ်စ်ကြောင့် လူတစ်သိန်းခန့်သေကျေပျက်စီးရဖွယ်ရှိကြောင်း ခန့်မှန်းပြောဆိုသည်။

"ဟုတ်ပါတယ်လို့ပဲ ပြောရမှာပဲ ၊အဲဒီအရေအတွက်လောက်တော့ ရှိလာဖို့များပါတယ်"

ဤအတောအတွင်းမှာပင် ဂူအမ်နိုင်ငံ၌ ကျောက်ချရပ်နားထားသည့်အမေရိကန်လေယာဉ်တင်သငေ်္ဘာသီအိုဒိုရုစဗဲ့ပေါ်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူ အမြောက်အမြား စမ်းသပ်တွေ့ရှိရခြင်းကြောင့်အကူအညီပေးရန် သငေ်္ဘာကပ္ပတိန်က တောင်းဆိုလိုက်ကြောင်းသိရသည်။

အဆိုပါလေယာဉ်တင်သငေ်္ဘာပေါ်တွင် အမှုထမ်း ၄၀၀၀ ကျော်ပါရှိသည်ဟု ဆိုသည်။

"ကျွန်တော်တို့စစ်ဖြစ်နေတာမဟုတ်ဘူး ၊ရေတပ်စစ်သည်တွေသေစရာ အကြောင်းမရှိဘူး"ဟု ကပ္ပတိန်ဘရက်ခရောင်ဇာက ပင်တဂွန်စစ်ဌာနချုပ်သို့ စာရေးသားပေးပို့ခဲ့သည်။

F-02