News

POST TYPE

FOREIGN AFFAIRS

ရောဂါကပ်ဘေးကြောင့် အထိနာသည့် American Airlines အစိုးရထံမှ အကူအညီ ဒေါ်လာ ၁၂ ဘီလီယံ တောင်းခံမည်
01-Apr-2020


နယူးယောက်၊ မတ် ၃၁

ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှု၏ သက်ရောက်မှုများကြောင့် ဘဏ္ဍာရေးဆိုင်ရာ  အထောက်အကူအဖြစ် အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံ အစိုးရထံမှ တောင်းခံသွားမည်ဟု American Airlines ကုမ္ပဏီက  အတည်ပြုထားသည်။ 

ယင်းသို့ ထောက်ပံ့မှုများရရှိပါက အဆိုးဆုံးအခြေအနေများ၌ပင် ခရီးစဉ်များ ဆက်လက်ပျံသန်းနေနိုင်မည်ဖြစ်ပါကြောင်း  ဝန်ထမ်းများက ပြောကြားသည်။

လာမည့် ခြောက်လအတွင်း လုပ်ခလစာလျှော့ချခြင်းများ၊ ခံစားခွင့်လျှော့ချခြင်းများ ရှိလာမည်မဟုတ်သေးဟု အဆိုပါ လေကြောင်းလိုင်းက ထုတ်ပြန်ကြေညာထားသည်။ 

မိမိစိတ်ဆန္ဒအလျောက် ခွင့်ယူခြင်းများ၊ စောစီးစွာ အငြိမ်းစားယူခြင်းများကိုလည်း ကမ်းလှမ်းသွားမည်ဟု ကုမ္ပဏီများကဆိုသည်။ 

ပြီးခဲ့သည့်နှစ်က ကုမ္ပဏီသည် အမြတ်ငွေ အမေရိကန်ဒေါ်လာ ၂ ဒသမ ၉ ဘီလီယံရှိခဲ့ပြီး ရှယ်ယာရှင်များသို့ ၁ ဒသမ ၃ ဘီလီယံ ပြန်လည်ခွဲဝေပေးခဲ့သည်ဟု စီးပွားရေးသတင်းဌာန Bloomberg က ကြေညာထားသည်။ 

ပြီးခဲ့သည့် သီတင်းပတ်က အမေရိကန်ကွန်ဂရက်လွှတ်တော်က စီးပွားရေးလုပ်ငန်းများကို ကျားကန်ပေးရန် ထောက်ပံ့ငွေ ဒေါ်လာ ၂ ဒသမ ၂ ထရီလီယံပေးမည် ဟု ဥပဒေပြုထားခဲ့ကာ ဒေါ်လာ ၅၀ ဘီလီယံကို လေကြောင်းလိုင်းများအား ထောက်ပံ့ပေးမည့် အစီအစဉ်ပါဝင်သည်။

ကမ္ဘာ့အကြီးမားဆုံး၊ ခရီးသည် အများဆုံး လေကြောင်းလိုင်းဖြစ်သော American Airlines ခရီးစဉ် အစီအစဉ်များအတိုင်း ပျံသန်းနိုင်ရန် မျှော်လင့်ထားသည်ဟုဆိုသည်။ 

ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုကို ရပ်ဆိုင်းရန်အတွက် တစ်ကမ္ဘာလုံးက ခရီးသည်တင်လေယာဉ်များစွာ မြေဆိုက်ကပ်ထားရချိန်တွင် ကမ္ဘာ့လေကြောင်းလိုင်းများ ဘဏ္ဍာရေးအရ ရုန်းကန်နေကြရသည်။ 

အခြား အမေရိကန်လေကြောင်းလိုင်းကြီးဖြစ်သောDelta ကလည်း ဝန်ထမ်းများကို ခွင့်ရက်ရှည်ပေးသည့် အစီအစဉ်များ ဆောင်ရွက်နေသည်။ 

ကမ္ဘာ့နိုင်ငံ အားလုံးလောက်နီးပါးတွင် ဖြစ်ပွားနေသော COVID-19 ကြောင့် နောက်ဆက်တွဲ စီးပွားရေးပြဿနာများ အကြီးအကျယ် ရိုက်ခတ်လာမည်ဟု ကမ္ဘာ့ဘဏ်က သတိပေးထားသည်။

F-02