News

POST TYPE

FOREIGN AFFAIRS

တရုတ်မှလာသည့် ဗိုင်းရပ်စ်ကာကွယ်ရေးပစ္စည်းများ စံချိန်မမီသဖြင့် အစိုးရအချို့ ခွင့်မပြု
01-Apr-2020


အမ်စတာဒမ်၊ မတ် ၃၁

ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးအတွက် ဒီဇိုင်းဆင်ထားသော တရုတ်နိုင်ငံဖြစ် ကိရိယာများကို ဥရောပအစိုးရအချို့က လက်မခံကြောင်း သတင်းများက ဆိုသည်။ 

စပိန်၊ တူရကီနှင့် နယ်သာလန်အာဏာပိုင်များက တရုတ်မှသွင်းလာသည့် စမ်းသပ်စစ်ဆေးကိရိယာများနှင့် ဆေးဘက် သုံးကာကွယ်ရေးနှာခေါင်းစည်း၊ မျက်နှာဖုံးများသည် စံချိန်မမီဘဲ အပြစ်အနာအဆာများ ရှိနေသည်ဟု ပြောကြားလိုက်သည်။ 

ဥရောပတွင် သောင်းပေါင်းများစွာသော ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုဆိုင်ရာဖြစ်စဉ်များ ရှိနေသည်။

စတင်ကူးစက်မှုများ ဖြစ်ပြီးကတည်းက အီတလီတွင် လူတစ်သောင်းကျော် သေဆုံးသွားပြီးဖြစ်သည်။ 

၂၀၁၉ အကုန်တွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၌ ဗိုင်းရပ်စ်ကို စတင်တွေ့ရှိရပြီးဖြစ်ကာ ကူးစက်မှုကို ထိန်းချုပ်နိုင်ရန်အတွက် အစိုးရက တင်းကျပ်သော ပိတ်ဆို့ထိန်းချုပ်မှု Lockdown ကိုပြုလုပ်ခဲ့သည်။ 

နယ်သာလန်ကျန်းမာရေး ဝန်ကြီးဌာနက ပြီးခဲ့သည့် စနေနေ့တွင် မျက်နှာဖုံးနှာခေါင်းစည်းပေါင်း ၆ သိန်းခန့်ကို ပြန်လည် သိမ်းဆည်းခဲ့သည်။

အဆိုပါပစ္စည်းများသည် မတ်လ ၂၁ ရက်နေ့တွင် တရုတ်ပြည်၌ ထုတ်လုပ်ခဲ့ပြီး ရှေ့တန်းတွင် ရောဂါထိန်းချုပ်ရေး လုပ်ဆောင်နေသော ကျန်းမာရေးလုပ်သားများထံသို့ ပေးပို့ခဲ့ပြီးဖြစ်သည်။ 

နှာခေါင်းစည်းများသည် အရွယ်အစား မမှန်ဘဲပါဝင်သော ရောဂါတားဆီးပစ္စည်းများကလည်း ရည်ရွယ်ထားသည့်အတိုင်း အလုပ်မလုပ်ဟု နယ်သာလန် အာဏာပိုင်များကဆိုသည်။ သို့သော် အဆိုပါနှာခေါင်းစည်းများတွင် အရည်အသွေးလက်မှတ်ကား ရှိသည်။ 

စပိန်တွင်လည်း အလားတူပြဿနာများ ရင်ဆိုင်နေရသည်။ တရုတ်ကုမ္ပဏီမှ တင်သွင်းထားသော ဗိုင်းရပ်စ်စမ်းသပ်စစ်ဆေးမှုကိရိယာ ၆ သောင်းခန့်သည် အမှန်တကယ်စစ်ဆေးနိုင်ခြင်းမရှိဟု စပိန်အစိုးရက ဆိုသည်။ 

စပိန်က ဝယ်ယူထားသည့် Shenzhen Bioeasy ဇီဝနည်းပညာကုမ္ပဏီထုတ်ပစ္စည်းများသည် တရုတ်ကျန်းမာရေးအာဏာပိုင်အဖွဲ့၏ လိုင်စင်ရထားခြင်း မရှိပါကြောင်း စပိန်ရှိ တရုတ်သံရုံးက twitter တွင် ပြောကြားထားသည်။ 

တရုတ်မှရောက်လာသော စမ်းသပ်ကိရိယာများသည် မတိကျကြောင်း တူရကီနိုင်ငံကလည်း ဆိုထားသည်။ 

F-02