News

POST TYPE

FOREIGN AFFAIRS

ထိုင်းနိုင်ငံတွင် ဗိုင်းရပ်စ်ကူးစက်မှုမြင့်တက်၊ သေဆုံးသူ ၉ ဦးရှိ
31-Mar-2020


ဘန်ကောက်၊ မတ် ၃၀

ထိုင်းနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် တနင်္လာနေ့က သေဆုံးသူနှစ်ဦး ထပ်တိုးလာပြန်ရာ ယင်းရောဂါကြောင့် သေဆုံးသူစုစုပေါင်း ၉ ဦးရှိသွားပြီဖြစ်ကြောင်း Reuters သတင်းဌာနကရေးသားဖော်ပြသည်။ 

သေဆုံးသွားသူနှစ်ဦးမှာ ယာလာပြည်နယ်မှ အသက် ၅၄ နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် ဘန်ကောက်မှ ၅၆ နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်သည်ဟု သတင်းကဆိုသည်။ 

ယာလာပြည်နယ်မှအမျိုးသားမှာ မလေးရှားနိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့သည့် ခရီးသွားရာဇဝင်ရှိသည်ဟု ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန၊ ရောဂါထိန်းချုပ်ရေးဌာနမှ အကြီးတန်းအရာရှိ အန်နူပေါင်ဆူရာယာကူးလ်က ပြောကြားသည်။ 

တနင်္လာနေ့အစောပိုင်းတွင် ထိုင်းကျန်းမာရေးအာဏာပိုင်များက ကိုရိုနာဗိုင်းရပ်စ် ထပ်မံကူးစက်ခံရသူ ၁၃၆ ဦးရှိကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရောဂါစတင်တွေ့ရှိခဲ့သည့်အချိန်မှစ၍ စုစုပေါင်း ၁၅၂၄ ဦး ကူးစက်ခံခဲ့ရပြီဖြစ်ကြောင်း သတင်းထုတ်ပြန်သည်။ 

ထိုင်းနိုင်ငံတွင် ယင်းဗိုင်းရပ်စ်ကူးစက်ခံရသူများအနက် ၁၃၈၈ ဦးမှာ ယခုအချိန်အထိ ဆေးရုံ၌ ကုသမှုခံယူနေရဆဲဖြစ်ပြီး ၂၃ ဦးမှာမူ အရေးပေါ်ကြပ်မတ် ကုသမှုခံယူနေရသည်။ 

ကျန်းမာရေးအာဏာပိုင်များ၏ ခန့်မှန်းချက်အရ ထိုင်းနိုင်ငံတွင် ဗိုင်းရပ်စ်ကူးစက်ခံရမှုများမှာ ဆက်လက်မြင့်တက်ဖွယ်ရှိနေသည်။ 

လက်တလောကူးစက်ခံရမှုများကို ကြည့်လျှင် မြို့တော်ဘန်ကောက်ထက် အခြားပြည်နယ်များက ကူးစက်မှုနှုန်းပိုမို မြင့်တက်နေသည်ဟု COVID-19 ဆိုင်ရာ စီမံခန့်ခွဲရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားသည်။ 

ထိုင်းအစိုးရသည် ပြီးခဲ့သည့်သောကြာနေ့ကစ၍ ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်ရန် အများပြည်သူနှင့်ဆိုင်သော အဆောက်အအုံများနှင့် နေရာများသာမက စီးပွားရေးလုပ်ငန်းများကိုပါ ပိတ်ပစ်ရန် ညွှန်ကြားချက် ထုတ်ပြန်ခဲ့သည်။ 

အဆိုပါ ပိတ်ပင်ကန့်သတ်ချက်များကိုလည်း လာမည့် ဧပြီလကုန်ပိုင်းအထိ ဆက်လက်ပြဋ္ဌာန်းထားမည်ဖြစ်ကြောင်း အစိုးရကဆိုသည်။ 

ထိုင်းနိုင်ငံတောင်ပိုင်း နရာသီဝတ်နှင့် ပတ္တာနီပြည်နယ်တို့ကို အာဏာပိုင်များက Lockdown လုပ်ထားသည်။ အခြားပြည်နယ်များတွင်မူ ၂၄ နာရီဖွင့်လှစ်သည့် ကုန်စုံဆိုင်များကို ဆိုင်ဖွင့်ချိန်ကန့်သတ်ရန် အမိန့်ထုတ်ပြန်ထားသည်။ 

F-01