News

POST TYPE

FOREIGN AFFAIRS

အမေရိကန်ပြည်ထောင်စုတွင် ကိုဗစ်ကြောင့် သေဆုံးသူ တစ်သိန်းမှ နှစ်သိန်းထိ မြင့်တက်လာနိုင်ဟု ထိပ်တန်းပညာရှင် ခန့်မှန်း
31-Mar-2020


နယူးယောက်၊ မတ် ၃၀

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုနှုန်း အမြင့်မားဆုံး နိုင်ငံတစ်နိုင်ငံဖြစ်သည့် အမေရိကန်ပြည်ထောင်စုတွင် ယင်းဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေ ၁၀ဝ,ဝ၀ဝ မှ ၂၀ဝ,ဝ၀ဝ အထိမြင့်တက်လာနိုင်သည်ဟု ကူးစက်ရောဂါဆိုင်ရာ ကျွမ်းကျင်သူပညာရှင်တစ်ဦးက ဟောကိန်းထုတ်ပြောကြားလိုက်ကြောင်း DW သတင်းဌာနက ရေးသားဖော်ပြသည်။ 

အမေရိကန်အမျိုးသား ဓာတ်မတည့်မှုဆိုင်ရာရောဂါနှင့် အခြားကူးစက်ရောဂါများဆိုင်ရာ အင်စတီကျု၏သက်တမ်းရင့်  ညွှန်ကြားရေးမှူး ဒေါက်တာအန်တိုနီဖောင်စီက အထက်ပါအတိုင်း ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်၍ ဟောကိန်းထုတ်ပြောဆိုလိုက်ခြင်းဖြစ်သည်။ 

ဒေါက်တာအန်တိုနီဖောင်စီသည်SARS ၊ MERS ၊ Ebola စသည့်ကူးစက်ရောဂါများဖြစ်ပွားခဲ့စဉ်က အမေရိကန်ပြည်ထောင်စုအတွက် ရောဂါကာကွယ်ရေးဆိုင်ရာ စီမံချက်များရေးဆွဲရာတွင် အဓိကနေရာမှ ပါဝင်ခဲ့သူဖြစ်သည်။ 

၎င်းက ကိုရိုနာဗိုင်းရပ်စ်ကြောင့် အမေရိကန်ပြည်ထောင်စုတွင် လူ ၂၀ဝ,ဝ၀ဝ ခန့်အထိ သေဆုံးနိုင်ဖွယ်ရှိသည်ဟု ဆိုရခြင်းမှာ တိကျမှန်ကန်သော အချက်အလက်များနှင့် မော်ဒယ်လ်များအပေါ်တွင် အခြေခံကာ ခန့်မှန်းထားခြင်းဖြစ်သည်ဟု ဆိုသည်။ 

ဗိုင်းရပ်စ်ကြောင့် အမေရိကန်သန်းပေါင်းများစွာ ထိခိုက်သေဆုံးနိုင်သည်ဆိုသော ယူဆချက်နှင့်ပတ်သက်၍ "မဖြစ်နိုင်ဘူးလို့တော့ ယူဆလို့မရပါဘူး။ ဒါပေမဲ့ ဖြစ်ဖို့လည်း အင်မတန် ခဲယဉ်းပါတယ်" ဟု ၎င်းက သတိပေးပြောကြားသည်။ 

အမေရိကန်ပြည်ထောင်စုတွင် မတ်လ ၂၉ ရက်နေ့အထိ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၂၀ဝ၀ ကျော်သို့ရောက်ရှိသွားပြီး ကူးစက်ခံရသူပေါင်း ၁၂၀,ဝ၀ဝ ကျော်ရှိလာသည်။ သေဆုံးမှုနှင့် ကူးစက်ခံရမှု၏ ထက်ဝက်ကျော်ခန့်မှာ နယူးယောက် ပြည်နယ်တွင်ဖြစ်သည်။ 

ထိုသို့ ကူးစက်မှုနှင့် သေဆုံးမှုနှုန်းများမြင့်တက်နေခြင်းအတွက် သမ္မတဒေါ်နယ်ထရမ့်က လူတစ်ဦးနှင့်တစ်ဦးမတွေ့ဘဲ ခပ်ခွာခွာနေရန် ညွှန်ကြားချက်ကို ဧပြီလ ၃၀ ရက်နေ့အထိ သက်တမ်းတိုးလိုက်ကြောင်း ပြောကြားသည်။

"အမေရိကဟာ ပြန်လည်နာလန်ထူမယ့် လမ်းကြောင်းပေါ်ကို ကောင်းကောင်းမွန်မွန် ပြန်ရောက်မှာပါ။ ဇွန်လ ၁ ရက်နေ့ လောက်ကစပြီး ပြန်ရောက်မှာပါ"ဟု ထရမ့်ကပြောကြားသည်။ 

အမေရိကန်ပြည်ထောင်စု၌ ကိုဗစ်ကြောင့် သေဆုံးမှုနှုန်းအမြင့်ဆုံးအနေအထားသို့ လာမည့်သီတင်းပတ်များအတွင်း  ရောက်ရှိလိမ့်မည်ဖြစ်ကြောင်း ၎င်းကအိမ်ဖြူတော်တွင်ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။ 

အမေရိကန်ပြည်ထောင်စုအနေနှင့် ဗိုင်းရပ်စ်တိုက်ဖျက်ရေး လုပ်ဆောင်ရာတွင် အီတလီ၊ စပိန်စသည့်နိုင်ငံများနှင့် အနီးကပ် ဆက်သွယ်ကာ လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။ ဂျာမနီတွင် ကူးစက်ခံရသူ နှုန်းများပြားသော်လည်း သေဆုံးသူဦးရေ နည်းပါးခြင်းမှာ စမ်းသပ်စစ်ဆေးမှုများကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်၍ဖြစ်ကြောင်း ဒေါ်နယ်ထရမ့်က ပြောကြားသည်။ 

F-01