News

POST TYPE

FOREIGN AFFAIRS

အီတလီတွင်ကိုဗစ်ကြောင့် သေဆုံးသူ တစ်သောင်းကျော်၊ နေအိမ်အပြင်မထွက်ရအမိန့် ဆက်လက်ပြဋ္ဌာန်းဖွယ်ရှိ
30-Mar-2020


ရောမ၊ မတ် ၂၉ 

အီတလီနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားခဲ့သည့် အချိန်မှစ၍ မတ်လ  ၂၈ ရက်နေ့(စနေ)အထိ သေဆုံးသူအရေအတွက် ၁၀,ဝ၀ဝ ကျော်သွားပြီဖြစ်ကြောင်း AFP သတင်းဌာနက ရေးသားဖော်ပြသည်။ 

ပြီးခဲ့သည့် သောကြာနေ့က ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၉၆၉ ဦးရှိခဲ့ပြီး စနေနေ့တွင် ၈၈၉ ဦးရှိခဲ့သည်ဟု ကျန်းမာရေးအာဏာပိုင်များက သတင်းထုတ်ပြန်သည်။ 

သောကြာနေ့က သေဆုံးသူအရေအတွက်မှာ အီတလီနိ်ုင်ငံအတွက် စံချိန်တင်အမြင့်မားဆုံးနှုန်းထားဖြစ်ခဲ့သည်။ 

အီတလီတွင် ဗိုင်းရပ်စ်ကြောင့်သေဆုံးမှုနှုန်းရော ကူးစက်ဖြစ်ပွားမှုနှုန်းပါ မြင့်တက်နေခြင်းက အစိုးရအာဏာပိုင်များအနေနှင့် Lockdown လုပ်သည့် အမိန့်ကြေညာချက်ကို ဆက်လက်သက်တမ်းတိုးရမည့် အခြေအနေသို့ တွန်းပို့နေသည်။ အိမ်ထဲမှ အိမ်ပြင်မထွက်ရနှင့် လူစုလူဝေးမပြုလုပ်ရဟူသော သွားလာလှုပ်ရှားမှုများကို တင်းတင်းကျပ်ကျပ်တားမြစ်ထားသည့် အမိန့်မှာ ပြီးခဲ့သည့်လက စတင်ခဲ့ပြီးလာမည့် ဧပြီလ ၃ ရက်နေ့တွင် ကုန်ဆုံးမည်ဖြစ်သည်။ 

"ဒီအချိန်ဟာ တိုင်းပြည်ကို ပြန်ဖွင့်ပေးရမယ့်အချိန်လား၊ ကျွန်တော့်အထင်တော့ အဲဒီကိစ္စကို ဂရုတစိုက်စဉ်းစားပြီးမှ ဆုံးဖြတ်သင့်တယ်"ဟု အရပ်ဘက်ကာ ကွယ်ရေးဌာနမှ အန်ဂီလိုဘိုရာလီက ပြောကြားသည်။ 

"အီတလီမှာ အားလုံးရပ်ဆိုင်းထားပြီဖြစ်တယ်။ အားလုံးအသက်ရှင်ရေးအတွက် သွားလာလှုပ်ရှားမှုတွေကို အနည်းဆုံးဖြစ်အောင် ဆက်လုပ်ထားရမှာပဲ ဖြစ်တယ်"ဟု ၎င်းက ဆက်လက်ပြောကြားသည်။ 

အီတလီဝန်ကြီးချုပ် ဂူဆီပီကွန်တေးက အီတလီပြည်သူများအနေနှင့် မိမိတို့၏နေအိမ်အသီးသီးတွင် ဆက်လက်နေထိုင်သွားရန် စီစဉ်ထားကြရမည်ဖြစ်ကြောင်း  ပြောကြားသည်။ 

အီတလီနိုင်ငံသည် လွန်ခဲ့သည့်သီတင်းပတ်ငါးပတ်၊ ဗိုင်းရပ်စ်ကူးစက်မှု အဆမတန် မြင့်တက်ခဲ့သည့်အချိန်မှစ၍  ကြီးမားပြင်းထန်သည့် ကန့်သတ်မှုများကို  သတ်မှတ်ပြဋ္ဌာန်းခဲ့သော အနောက်ဥရောပနိုင်ငံတစ်နိုင်ငံဖြစ်သည်။ အီတလီသည် သီတင်းပတ်တစ်ပတ်ထက်တစ်ပတ် ပို၍ တင်းကျပ်မှုများပြုလုပ်ခဲ့ရာ ပြီးခဲ့သည့်  သောကြာနေ့တွင် လုံးလုံးလျားလျားမလုပ် မဖြစ်သောကိစ္စမှလွဲ၍ ကျန်သွားလာလှုပ်ရှားမှုများ အားလုံးကို တားမြစ်ပိတ်ပင်ခဲ့သည်။ 

သို့သော် အမေရိကန်ပြည်ထောင်စုမှာ အီတလီနိုင်ငံထက် ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုနှုန်းမြင့်မားပြီး ယခုဆိုလျှင် ဖြစ်ပွားသူပေါင်း တစ်သိန်းကျော်သွားပြီ ဖြစ်သည်။ အီတလီမှာ ၉၂,၄၇၂  ဦးကူးစက်ခံထားရသည်။

"အဆမတန်ဖြစ်တဲ့၊ အထွတ်အထိပ်အနေအထားကို ကျွန်တော်တို့ အီတလီ မရောက်သေးဘူး၊ အမြင့်ဆုံးအပိုင်းကို မဖြတ်သန်းသေးဘူး"ဟု အီတလီနိုင်ငံ Superior Health Institute ၏ အကြီးအကဲ ဆီလ်ဗီယိုဘရူဆာဖာရိုက  သတင်းထောက်များကို ယမန်နေ့က ပြောကြားသည်။

F-01