News

POST TYPE

FOREIGN AFFAIRS

Lockdown လုပ်ထားသည့် တောင်အာဖရိကတွင် စူပါမားကက်တစ်ခု၌ လူစုလူဝေးဖြင့် စီတန်းဈေးဝယ်သူများကို ရဲတပ်ဖွဲ့က ရော်ဘာကျည်ဆန်များဖြင့် ပစ်ခတ်လူစုခွဲ
30-Mar-2020


ဂျိုဟန်ဇဘတ်၊ မတ် ၂၉ 

တောင်အာဖရိကနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများအနေနှင့် နေအိမ်ထဲတွင်သာနေထိုင်ရန် အမိန့်ထုတ်ပြန်ထား သော်လည်း မတ်လ ၂၉ ရက်နေ့က အဆိုပါအမိန့်ကို ချိုးဖောက်ပြီး ဂျိုဟန်ဇဘတ်ရှိ ဆူပါမားကက်တစ်ခု၌ ဈေးတန်းစီဝယ်နေသော လူရာပေါင်းများစွာကို တောင်အာဖရိက ရဲတပ်ဖွဲ့ကရော်ဘာကျည်ဆန်များဖြင့်ပစ်ခတ်ကာ လူစုခွဲပစ်လိုက်ရကြောင်း AFP သတင်းဌာနက ရေးသားဖော်ပြသည်။ 

တောင်အဖရိကအစိုးရက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် Lockdown ပြုလုပ်ပြီး သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများအား ပြည်သူများအနေနှင့် လိုက်နာရန် ကြိုးပမ်းနေစဉ် ဂျိုဟန်ဇဘတ်မြို့၌ ထိုသို့ ဈေးဝယ်သူများကို ရဲတပ်ဖွဲ့ဖြင့် လူစုခွဲ ရှင်းထုတ်ခဲ့ကြခြင်းဖြစ်သည်။ 

ဈေးဝယ်ရန် တန်းစီနေခဲ့ကြသူများမှာ အလုပ်သမားလူတန်းစားများဖြစ်ကြကြောင်း၊ ယင်းမြို့ရှိ ဆူပါမားကက်နှင့်ကုန်စုံဆိုင်များတွင် တိုးဝှေ့နေခဲ့ကြခြင်းကြောင့် ရဲတပ်ဖွဲ့က လူစုခွဲပစ်ခြင်းဖြစ်ကြောင်း သိရသည်။ 

ဂျိုဟန်ဇဘတ်မြို့ရှိ အထင်ကရ စူပါမားကက်တစ်ခု၏အပြင်ဘက်တွင် လူ ၂၀ဝ မှ ၃၀ဝ ခန့် လူစုလူဝေးဖြင့် ဈေးဝယ်ရန် ကြိုးပမ်းခဲ့ကြခြင်းဖြစ်သည်ဟု  ရဲတပ်ဖွဲ့ကဆိုသည်။ 

ထိုသို့တန်းစီနေစဉ် အများစုမှာ Social Distancing ဟူသည့် တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေရန် သတ်မှတ်ချက်ကို လိုက်နာခြင်းမရှိဘဲ ပူးကပ်နေခဲ့ကြသည်ဟု  ရဲတပ်ဖွဲ့၏ အဆိုအရသိရသည်။ 

ရဲတပ်ဖွဲ့ဝင်များက အဆိုပါနေရာသို့  ကင်းလှည့်ယာဉ် ၁၀ စီးခန့်ဖြင့်ရောက်ရှိလာပြီး ရော်ဘာကျည်ဆန်ဖြင့် ဈေးဝယ်နေသူများကို ပစ်ခတ်ခဲ့ကြသည်။ ထိုသို့ပစ်ခတ်မှု ကြောင့် ဈေးဝယ်သူများ ရုန်းရင်းဆန်ခတ်ဖြစ်ကာ ထွက်ပြေးခဲ့ကြကြောင်း၊ အချို့မှာ တစ်ဦးနှင့်တစ်ဦးတိုက်မိကာ ချော်လဲခဲ့ကြကြောင်းသိရသည်။ 

သို့သော် ခဏအကြာတွင် ရဲတပ်ဖွဲ့က ကြိမ်လုံးများအသုံးပြုကာ ဈေးဝယ်သူများအနေနှင့် လူတစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေရန် စည်းကမ်းသတ်မှတ်ချက်ကို  လိုက် နာရန် ညွှန်ကြားခဲ့သည်။ 

ဂျိုဟန်ဇဘတ်မြို့ရှိ အလက်ဇန္ဒား မြို့နယ်၌ ဈေးဝယ်ရာတွင်အသုံးပြုသည့် တွန်းလှည်းများရှိခြင်းကြောင့် တစ်ဦးနှင့်တစ်ဦး နီးကပ်မှုမရှိတော့အောင် အထောက် အပံ့ဖြစ်စေကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။ 

"ဒီနေ့ ဒီနေရာမှာတော့ လက်တွန်းလှည်းတွေကိုသုံးပြီး တစ်ယောက်နဲ့တစ်ယောက် ၁ ဒသမ ၅ မီတာအကွာအဝေးမှာ နေကြဖို့ စည်းမျဉ်းထုတ်လိုက်တယ်"ဟု Alexandra ရှော့ပင်းမောလ်မှမန်နေဂျာတစ်ဦးက ပြောကြားသည်။ 

တောင်အာဖရိကတွင် ပြေးခြင်း၊ ခွေးကျောင်းခြင်း၊ လမ်းလျှောက်ထွက်ခြင်း စသည်တို့ကို ကန့်သတ်တားမြစ်ထားသော်လည်း အစားအစာနှင့် အခြားသော အခြေခံ စားသောက်ကုန်များ ဝယ်ယူခွင့်ရှိသည်။ သို့သော် ယမကာရောင်းချမှုကိုပိတ်ပင်ထားသည်။

တောင်အာဖရိကနိုင်ငံသည် အာဖရိကတိုက်တွင် ကိုရိုနာဗိုင်းရပ်စ် အများဆုံးကူးစက် ဖြစ်ပေါ်နေသည့် နိုင်ငံတစ်နိုင်ငံဖြစ်ကာ ကျန်းမာရေးဌာနက ထုတ်ပြန်ချက်အရ  လူပေါင်း ၁၁၈၇ ဦး ကူးစက်ခံထားရပြီး သေဆုံးသူတစ်ဦးရှိကြောင်း သိရသည်။

F-01