News

POST TYPE

FOREIGN AFFAIRS

လူမျိုးရေးခွဲခြားသည့် မှတ်ချက်စကားများ ပြောဆိုခဲ့သည့် ဒေါ်နယ်ထရမ့်အပေါ် ရီပတ်ဘလစ်ကန်တို့၏ ထောက်ခံမှု မြင့်တက်လာခဲ့ဟု စစ်တမ်းဖော်ပြ
18-Jul-2019


နယူးယောက်၊ ဇူလိုင် ၁၇ 

ဒီမိုကရက်တစ်ပါတီမှ ကွန်ဂရက် လွှတ်တော်အမျိုးသမီးအမတ်လေးဦးကို လူမျိုးရေးနှင့် အသားအရောင်ခွဲခြားဆက်ဆံသည့် မှတ်ချက်စကားကြောင့် ဝေဖန်ပြောဆို ခံရမှုများကို Twitter မှတစ်ဆင့် ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့ပြီးနောက် အမေရိကန် သမ္မတဒေါ်နယ်ထရမ့်အပေါ် ရီပတ်ဘလစ်ကန်များ၏ ထောက်ခံမှု သိသိသာသာ မြင့်တက်လာကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။ 

Reuters နှင့် Ipsos က တနင်္လာနှင့် အင်္ဂါနေ့တွင် ပြုလုပ်သော လူထုသဘောထား ဆန္ဒစစ်တမ်းအရ ကွန်ဂရက်အမျိုးသမီးလွှတ်တော်အမတ်လေးဦးအား ၎င်းတို့ လာရောက်ခဲ့ကြသည့် မူလဇာတိမြေသို့ ပြန်သွားကာ ရာဇဝတ်မှုများနှင့် ယိုယွင်းပျက်စီးမှုများ ပပျောက်ကောင်းမွန်သွားအောင် ကူညီပံ့ပိုးပေးသင့်သည်ဟု ဒေါ်နယ်ထရမ့်က တုံ့ပြန်ပြောဆိုခဲ့ပြီးနောက် ထရမ့်အပေါ် ရီပတ်ဘလစ်ကန်တို့၏ ထောက်ခံမှုမှာ ၇၂ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သည်။ 

လူထုသဘောထားစစ်တမ်းတွင် ပါဝင်ဖြေဆိုခဲ့သူ ၁၀ ဦးအနက် ၃ ဦးက ထရမ့်၏ မှတ်ချက်စကားနှင့်ပတ်သက်၍ သဘောတူညီခဲ့သည်။ 

ထရမ့်သည် လာမည့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ပြန်လည်ရွေးကောက် တင်မြှောက်ခံရရေးအတွက် စတင်ကြိုးပမ်းနေချိန်တွင် ယခုလို Twitter မှတစ်ဆင့် အသားအရောင်ခွဲခြားရေးဆိုင်ရာ မှတ်ချက်များဖြင့် ပွဲဆူအောင်ပြုလုပ်ခဲ့သည်။ 

အမျိုးသမီးလွှတ်တော်အမတ် လေးဦးအား ဆက်တိုက် ဝေဖန်တိုက်ခိုက်ခဲ့သော သမ္မတဒေါ်နယ်ထရမ့်အား ပြစ်တင်ရှုတ်ချရန် အမေရိကန်အောက် လွှတ်တော်က အင်္ဂါနေ့တွင် မဲခွဲဆုံးဖြတ်ခဲ့သည်။ 

သမ္မတထရမ့်၏ လူမျိုးရေးခွဲခြားသော မှတ်ချက်များသည် အမေရိကန် နိုင်ငံသားခံယူသူ အသစ်များနှင့် အသားအရောင်ရှိသော လူများ၏ အကြောက်တရားနှင့် အမုန်းတရားများကို ဘောင်ဝင်သွားစေသည်ဟု လွှတ်တော်ဆုံးဖြတ်ချက်တွင် ဖော်ပြခဲ့သည်။

အမျိုးသမီးအမတ်အချို့အား တိုင်းပြည်မှ ထွက်ခွာသွားရန် ပြောဆိုခဲ့သော သမ္မတထရမ့်သည် လူမျိုးရေးခွဲခြားသူ၊ လူမျိုးခြားမုန်းတီးသူအဖြစ် စွပ်စွဲခြင်းခံနေရသည်။

ထရမ့်ကမူ ၎င်းတွင် လူမျိုးရေးခွဲခြား စိတ်မရှိကြောင်း ငြင်းဆိုထားသည်။ 

အဆိုပါဆုံးဖြတ်ချက်ကို ဒီမိုကရက်များလွှမ်း မိုးထားသော လွှတ်တော်က ၂၄၀- ၁၈၇ မဲဖြင့် အတည်ပြုခဲ့သည်။ ဆုံးဖြတ်ချက်ကိုထောက်ခံရာတွင် ဒီမိုကရက် အမတ် ၂၃၅ ဦးစလုံးနှင့်အတူ ရီပတ်ဘလစ်ကန် အမတ်လေးဦးနှင့် တစ်သီးပုဂ္ဂလအမတ် ဂျပ်စတင်အေမတ်စ်လည်း ပါဝင်ခဲ့သည်။

အမျိုးသမီးလွှတ်တော်အမတ်များဖြစ်သော အလက်ဇန်းဒရီးယားအိုကက် စီယိုကော်တက်စ်၊ အီလ်ဟမ်အိုမာ၊ အေယန်နာပရက်စလေနှင့် ရာရှီဒါတာလစ်တို့သည် အလုံးစုံပျက်သုဉ်းနေသောအစိုးရများ အုပ်ချုပ်သည့်နိုင်ငံများမှ လာသူများဖြစ်ရာ ပြန်သွားသင့်ကြောင်းသမ္မတထရမ့်က တနင်္ဂနွေနေ့က twitter တွင် ဆက်တိုက်ပြောဆိုခဲ့သည်။

ထရမ့်က ၎င်းတို့၏ အမည်ကိုထုတ်ဖော် မပြောခဲ့သော်လည်း ဆက်စပ်မှုများအရ လေးဦးတပ်ဖွဲ့ဟုလူသိများသော ဒီမိုကရက် အမတ်လေးဦးဖြစ်ကြောင်း ပေါ်လွင်လာခဲ့ခြင်းဖြစ်သည်။

အမျိုးသမီးလွှတ်တော်အမတ်များက ဒေါ်နယ်ထရမ့်၏မှတ်ချက်များသည် အာရုံနောက်စေသည်ဟု တနင်္လာနေ့တွင် ကန့်ကွက်ခဲ့ကြပြီးသမ္မတ၏ စကားလုံးများထက် ၎င်း၏ မူဝါဒများကိုသာ အာရုံစိုက်ကြရန် တိုက်တွန်းခဲ့သည်။ လွှတ်တော်၌ မဲမခွဲမီအပြင်းအထန် ဆွေးနွေးငြင်းခုံကြရာတွင် ဒီမိုကရက်အမတ်များက အစိုးရ၏ အမြင့်ဆုံးရာထူးအဆင့်တွင် လူမျိုးရေး ခွဲခြားမှုမူဝါဒအတွက် နေရာမရှိသင့်ကြောင်း ဝေဖန်ခဲ့ကြသည်။  

F-01


  • VIA