News

POST TYPE

FOREIGN AFFAIRS

ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးကို ဦးဆောင်ခဲ့သည့် အိုက်စလန်နိုင်ငံကို ဖိလစ်ပိုင်သမ္မတ ဒူတာတေး သံအဆက်အသွယ်ဖြတ်မည်ဟုဆို
16-Jul-2019

မနီလာ၊ ဇူလိုင် ၁၆

ဖိလစ်ပိုင်နိုင်ငံ၏ ကြမ်းတမ်းရက်စက်လွန်းသော မူးယစ်ဆေးဝါး နှိမ်နင်းမှုစီမံချက်ကို စုံစမ်းစစ်ဆေးမည့် ကုလသမဂ္ဂ ဆုံးဖြတ်ချက်ကို ဦးဆောင်ခဲ့သည့် အိုက်စလန်နိုင်ငံအား သံအဆက်အသွယ်ဖြတ်ရန် သမ္မတဒူတာတေးက စဉ်းစားနေသည်ဟု သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူက ပြောကြားကြောင်း AFP သတင်းက ဖော်ပြသည်။

လူသားများအပေါ် ကျူးလွန်သည့်ရာဇဝတ်မှုဟု ဝေဖန်သူများကဆိုကြသည့် ဖိလစ်ပိုင် မူးယစ်ဆေးနှိမ်နင်းမှုပုံစံအပေါ် အနောက်နိုင်ငံများ၏ ပြစ်တင်ဝေဖန်မှု မှန်သမျှကို သမ္မတဒူတာတေးက ဒေါသတကြီး တုံ့ပြန်လေ့ရှိသည်။

“အိုက်စလန်က အဆိုပြုခဲ့တဲ့ ဆုံးဖြတ်ချက်ဟာ တစ်ဖက်သတ်ဆန်လွန်း၊ ကျဉ်းမြောင်းလွန်း၊ ဘက်လိုက်လွန်းတဲ့ မလျော်မကန် ဆုံးဖြတ်ချက်ဖြစ်ပါတယ်။ သမ္မတက အိုက်စလန်ကို သံအဆက်အသွယ်ဖြတ်ဖို့ စဉ်းစားနေပါတယ်”ဟု ပြောရေးဆိုခွင့်ရှိသူ ပါနယ်လိုက ပြောကြားသည်။

ဖိလစ်ပိုင်တွင် သမ္မတဒူတာတေး အာဏာရလာပြီးနောက် ၂၀၁၆ တွင် စတင်ခဲ့သည့် မူးယစ်ဆေးနှိမ်နင်းရေး စီမံချက်အတွင်း မူးယစ်ဆေးတရားခံ ၅၃၀၀ ကျော်ကို သုတ်သင်ခဲ့သည်ဟု ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသော်လည်း အမှန်တကယ် သုတ်သင်ခံရမှု အရေအတွက်မှာ အဆိုပါကိန်းဂဏန်းထက် လေးဆပိုများသည်ဟု လူ့အခွင့်အရေးအုပ်စုများက ပြောကြားသည်။

ယခုနှစ် အစောပိုင်းတွင် ဖိလစ်ပိုင်နိုင်ငံ နုတ်ထွက်သွားခဲ့သော နိုင်ငံတကာ ရာဇဝတ်မှုခုံရုံးမှ စစ်ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေးမှူးများ လုပ်ဆောင်ခဲ့သည့် ကနဦး လေ့လာစစ်ဆေးမှုအပြီးတွင် ကုလသမဂ္ဂ၏ သုံးသပ်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

ကုလသမဂ္ဂ ဆုံးဖြတ်ချက်သည် ဖိလစ်ပိုင်နိုင်ငံတွင် ပြည်သူများအား ကာကွယ်စောင့်ရှောက်နေသော အချုပ်အခြာအာဏာကို အနောက်အင်အားကြီးနိုင်ငံများက မထီမဲ့မြင်ပြုသည့် သက်သေပင်ဖြစ်သည်ဟု သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူက တုံ့ပြန်ဝေဖန်သည်။

ဒူတာတေးအစိုးရသည် ၎င်းအပေါ် နိုင်ငံတကာ ပြစ်တင်ဝေဖန်မှုများကို အချုပ်အခြာ ထိပါးမှုအဖြစ် ပုံဖော်ကာ တုံ့ပြန်လေ့ရှိသည်။ အကဲခတ်စောင့်ကြည့်ရေးအုပ်စုများကလည်း ဖိလစ်ပိုင်တွင် ဒူတာတေး အာဏာရနေသမျှ မှန်ကန်မျှတသော စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် မဖြစ်နိုင်သေးကြောင်း ပြန်လည် တုံ့ပြန်ပြောဆိုထားကြသည်။

ဖိလစ်ပိုင်၏ မူးယစ်စစ်ပွဲ သတ်ဖြတ်စီရင်မှုများသည် စနစ်တကျ ကျူးလွန်နေသော ရာဇဝတ်မှုများဖြစ်ပြီး အဆိုပါညပိုင်း လူသတ်ပွဲများနှင့်ပတ်သက်၍ အထက်တာဝန်ရှိသူများက စုံစမ်းစစ်ဆေးပါကလည်း မဖြစ်စလောက်သာ ပြစ်ဒဏ်ပေးလေ့ရှိသည်ဟု Amnesty International လူ့အခွင့်အရေးအုပ်စုက ယခင်အပတ်က အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။

F-04