News

POST TYPE

FOREIGN AFFAIRS

နီပေါနှင့် အိန္ဒိယတွင် ရေလွှမ်းမိုးမှုများကြောင့် လူဒါဇင်နှင့်ချီသေဆုံး
14-Jul-2019

ဒေလီ၊ ဇူလိုင် ၁၄ 

အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းနှင့် နီပေါနိုင်ငံတို့တွင် မုတ်သုံရာသီရေကြီး ရေလျှံမှုများကြောင့် လူဒါဇင်နှင့်ချီ၍ သေဆုံးခဲ့ရကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။

နီပေါနိုင်ငံတွင် ယခုရာသီ မိုးသည်းထန်စွာရွာသွန်းမှုနှင့် ရေလွှမ်းမိုးမှုများကြောင့် လူ ၄၃ ဦးသေဆုံးခဲ့ကြောင်း အာဏာပိုင်များက PTI သတင်းဌာနသို့ ပြောကြားသည်။

နီပေါသတင်းစာတစ်စောင်ဖြစ်သော Himalayan Times ၏ ရေးသားဖော်ပြချက်အရ လူပေါင်း ၂၄ ဦးခန့်ပျောက်ဆုံးလျက်ရှိသည်။ ရေလွှမ်းမိုးမှုကြောင့် လူပေါင်းတစ်သန်းကျော်ခန့် အတိဒုက္ခရောက်ခဲ့ရသည်။

လာမည့်ရက်များအတွင်း မိုးများသည်းထန်စွာ ရွာသွန်းမည်ဖြစ်သည်ဟု မိုးလေဝသဌာနများက ခန့်မှန်းထားသည်။

နီပေါရဲတပ်ဖွဲ့က ရေလွှမ်းမိုးမှုမှ ကယ်တင်ခဲ့ရသူပေါင်း ၁၁၀၀ ကျော်ခန့်ရှိသည်ဟု ခန့်မှန်းပြောကြားထားသည်။ အိမ်ထောင်စုပေါင်း တစ်သောင်းကျော် ထိခိုက်ခဲ့ရသည်ဟုလည်း ဆိုသည်။

ခတ္တမန္ဒူတွင် အိမ်ပြိုကျမှုကြောင့် မိသားစုဝင်သုံးဦးသေဆုံးခဲ့ရသည်။ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် တရုတ်နိုင်ငံတို့ကို ဖြတ်သန်းစီးဆင်းသော ဘရာမာပူထရာမြစ်ရေမှာ အဆမတန်မြင့်တက်လာပြီး အိန္ဒိယပြည်မြောက်ပိုင်း အာသံပြည်နယ်ရှိ ကျေးရွာပေါင်း ၁၈၀၀ ကျော်ခန့် ရေလွှမ်းခံခဲ့ရသည်။

“သုံးရက်အတွင်း လူနှစ်ဦး သေဆုံးခဲ့ရတယ်၊ ရေနစ်လို့ပါ။ လူပေါင်း တစ်သန်းကျော်လောက် ဒုက္ခရောက်ကြရတယ်။ ရေလွှမ်းမိုးတဲ့အခြေအနေက ပိုမိုဆိုးရွားနေတယ်”ဟု ပြည်နယ်အစိုးရက သတင်းထုတ်ပြန်သည်။

အရှေ့တောင်အာရှဒေသတွင် နှစ်စဉ် ဇွန်လတွင်စတင်ပြီး စက်တင်ဘာလတွင် အဆုံးသတ်သည့် မုတ်သုံရာသီဥတုကြောင့် ထိခိုက်ပျက်စီးများကြုံတွေ့ရစမြဲဖြစ်သည်။

ယမန်နှစ်ကလည်း မြေပြိုကျမှုများနှင့် မုန်တိုင်းဝင်ရောက်မှုများကြောင့် ဒေသတွင်း သေဆုံးသူ ၁၂၀၀ ကျော်ခန့်ရှိခဲ့သည်။ အိန္ဒိယနိုင်ငံ ကာရာလာပြည်နယ်မှာ ရာစုနှစ်တစ်ခုအတွင်း အဆိုးရွားဆုံးသော ရေလွှမ်းမိုးမှုကြီးနှင့် ရင်ဆိုင်ခဲ့ရသည်။

F-01