News

POST TYPE

FOREIGN AFFAIRS

Facebook လူမှုကွန်ရက် ဒဏ်ငွေ ကန်ဒေါ်လာ၅ဘီလီယံချမှတ်ခံရမည်
13-Jul-2019

လော့အိန်ဂျလိစ်၊ ဇူလိုင် ၁၃

အချက်အလက်များလုံခြုံရေးကို ချိုးဖောက်သည့်အတွက် စုံစမ်းစစ်ဆေးခံခဲ့ရသော Facebook ကို အမေရိကန်အာဏာပိုင်ကြီးကြပ်သူများက ဒဏ်ငွေအဖြစ် ကန်ဒေါ်လာ ၅ ဘီလီယံရိုက်မည်ဖြစ်ကြောင်း မီဒီယာများက ဖော်ပြထားသည်။

အဆိုပါ လူမှုကွန်ရက်မီဒီယာပလက်ဖောင်းကို စွပ်စွဲထားမှုများအား ပြည်ထောင်စုအဆင့် ကုန်သွယ်ရေးကော်မရှင် FTC က စုံစမ်းနေခြင်းဖြစ်သည်။

အသုံးပြု ၈၇ သန်းထံမှ မလျော်ကန်သောနည်းဖြင့် အချက်အလက်များရယူကာ နိုင်ငံရေးအတိုင်ပင်ခံ Cambridge Analytica သို့ပို့ခဲ့သည်ဆိုသော စွပ်စွဲမှုများကို စစ်ဆေးခဲ့ခြင်းဖြစ်သည်။

စစ်ဆေးရေးကော်မတီက မလျော်ကန်သော သတင်းအချက်အလက် လွှဲပြောင်းမှုဟု ဆုံးဖြတ်ခဲ့သည်ဟု သတင်းရင်းမြစ်များက အမေရိကန်ပြည်တွင်းမီဒီယာများကို ပြောကြားခဲ့သည်။

ယင်းသတင်းများနှင့်ပတ်သက်၍ ကုန်သွယ်ရေးကော်မရှင် FTC နှင့် Facebook တို့က မှတ်ချက်ပြုခြင်း မရှိသေးပေ။

အမေရိကန်နိုင်ငံရေးသမားအချို့က လူမှုကွန်ရက်ကုမ္ပဏီများကို တင်းကျပ်စွာ စည်းကျပ်ရမည်ဟုမြင်နေပြီး၊ အချို့က ယခုကဲ့သို့ဒဏ်ရိုက်ခြင်းသည် မသင့်လျော်ဟု ဝေဖန်နေကြသည်။

F-02