News

POST TYPE

FOREIGN AFFAIRS

ဦးပိန်တံတားကို ဂျာမနီနှင့် ပူးပေါင်း၍ သုံးလအတွင်းပြင်မည်
10-Oct-2018
မန္တလေး၊ အောက်တိုဘာ ၉

အမရပူရမြို့နယ် တောင်သမန်အင်းတွင် တည်ဆောက်ထားသော ကမ္ဘာကျော် ဦးပိန်တံတား ရှေးမူမပျက် ရေရှည်တည်တံ့နိုင်ရေးအတွက် ဂျာမနီနှင့်ပူးပေါင်း၍ သုံးလအတွင်း စပြင်မည်ဖြစ်ကြောင်း ဂျာမနီနိုင်ငံမှ ကျွမ်းကျင်ပညာရှင်များက ပြောကြားသည်။ 

ထိန်းသိမ်းစောင့်ရှောက်မှုလုပ်ငန်းများကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလတွင် စတင်မည်ဖြစ်ပြီး ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် ပြီးဆုံးမည်ဖြစ်ကြောင်း၊ လေ့လာမှုရလဒ် အစီရင်ခံစာအရ အဓိကကျသည့် အစိတ်အပိုင်းများကို စတင်လုပ်ဆောင်မည်ဖြစ်ကြောင်း ၎င်းတို့က ပြောဆိုသည်။

“ပြုပြင်ထိန်းသိမ်းရေးလုပ်နေတဲ့ အချိန်မှာ တံတားကို ပိတ်ပစ်လိုက်လို့မရဘူး။ သက်ဝင်လှုပ်ရှားနေတဲ့အရာတွေ ရှိနေတယ်။ ဒီပေါ်မှာ လူတွေဖြတ်သန်း သွားလာလို့ရအောင် ဘယ်လိုလုပ်ပေးမလဲဆိုတာကို စဉ်းစားထားဖို့လိုတယ်”ဟု ဂျာမနီနိုင်ငံမှ သစ်ပညာရှင် Mr. Karl Kleineberg က အကြံပြုပြောဆိုသည်။

နည်းပညာတက္ကသိုလ် (မန္တလေး)၊ ဗိသုကာဌာနမှ ပါမောက္ခ ဒေါက်တာ ဇာခြည်မင်းနှင့် ကျောင်းသား ကျောင်းသူများ၊ ဂျာမနီနိုင်ငံမှ Mr. Karl Kleineberg အပါအဝင် ကျွမ်းကျင်ပညာရှင်လေးဦးတို့သည် ဦးပိန်တံတား၏ ပျက်စီးနေမှုအပိုင်းများကို မေလကစ၍ လေ့လာခဲ့ရာ ယင်းလေ့လာတွေ့ရှိချက် အစီရင်ခံစာကို မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီသံအမတ်ကြီး H.E. Dorothee Janetzke Wenzel က မန္တလေးတိုင်း အစိုးရအဖွဲ့ထံသို့ အောက်တိုဘာလ ၉ ရက်တွင် ပေးအပ်ခဲ့ရာ၌ ပညာရှင်များက ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ဦးပိန်တံတားကို ရှေးမူမပျက်လည်းဖြစ်ချင်တယ်။ ရေရှည်လည်းခံချင်တယ်။ အသုံးလည်းပြုချင်တယ်ဆိုတဲ့ အချက်တွေစဉ်းစားပြီး ဘယ်လို ထိန်းသိမ်းရမလဲဆိုတာ ရေးပေးထားတာ။ ဒီအကြံပြုချက်အတိုင်း အကောင်အထည်ဖော်မယ်ဆိုရင် တိုင်းအစိုးရအတွက် အခက်အခဲမရှိဘူး”ဟု ဒေါက်တာဇာခြည်မင်းက ပြောဆိုသည်။

ရှေးဟောင်းယဉ်ကျေးမှုအမွေ အနှစ်ဖြစ်သည့် ဦးပိန်တံတားသည် မြန်မာနိုင်ငံ၏ ပုံရိပ်ကိုဖော်ပြနိုင်သော အရာတစ်ခုဖြစ်သော်လည်း လက်ရှိတွင် အခြေအနေကောင်းတစ်ခုတွင်မရှိတော့ဘဲ ပြုပြင်ထိန်းသိမ်းရန် လိုအပ်နေပြီဖြစ်ကြောင်း၊ ပြုပြင်ထိန်းသိမ်းရာတွင်လည်း တံတား၏မူလပုံစံအတိုင်း ပြုပြင်ရန်လိုကြောင်း ဂျာမနီနိုင်ငံမှ သစ်ပညာရှင် Mr. Karl Kleineberg က ထောက်ပြသည်။

ကမ္ဘာ့အရှည်ဆုံး ကျွန်းသစ်တံတားဖြစ်သောကြောင့် ပျဉ်းကတိုးများ၊ ကွန်ကရစ်များ၊ အုတ်များနေရာတွင် ကျွန်းသစ်ဖြင့်သာ အစားထိုးပြုပြင်ရန်လိုကြောင်း၊ တိုင်လုံးတစ်လုံးချင်းစီ၏ အရည်အသွေး လုံခြုံစိတ်ချမှုရှိစေရေးအတွက် ဆက်မသုံးသင့်သည့် အခြေအနေများကိုလည်း ရှင်းပြထားကြောင်း၊ မူလတံတား ပုံစံအတိုင်း ရှေးမူမပျက်ပြုပြင်ထိန်းသိမ်းရမည်ဆိုသည့် ဆောင်ပုဒ်ကို လက်ကိုငထားသင့်ကြောင်း ပညာရှင်များက ပြောဆိုသည်။  

M-07


  • VIA