News

POST TYPE

FOREIGN AFFAIRS

လက်ယာစွန်း ရုန်းရင်းဆန်ခတ်မှုများကိစ္စ ဂျာမနီလွှတ်တော်တွင် အချေအတင်ငြင်းခုံ
14-Sep-2018


ဘာလင်၊ စက်တင်ဘာ ၁၃

ရွှေ့ပြောင်းအခြေချမှု၊ လက်ယာစွန်းဝါဒီများ၏ ရုန်းရင်းဆန်ခတ်မှုနှင့် ဘတ်ဂျက်ကိစ္စများအကြောင်း ဂျာမနီအောက် လွှတ်တော် (ဘန်ဒက်စ်တက်ဂ်) တွင် လွှတ်တော်အမတ်များ အခြေတင်ငြင်းခုံခဲ့ကြကြောင်း DW သတင်းဌာနက ဖော်ပြသည်။

ဂျာမနီနိုင်ငံအရှေ့ပိုင်းတွင် လက်ယာစွန်းဝါဒီများ၏ ရွှေ့ပြောင်းအချေချမှုဆန့်ကျင်ရေး ဆန္ဒပြမှုများနှင့် ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့ပြီးနောက် လွှတ်တော်တွင် အချေအတင်ဖြစ်ခဲ့ကြခြင်းဖြစ်သည်။ 

ရသုံးငွေစာရင်း (ဘတ်ဂျက်) ကိစ္စ ဆွေးနွေးမှုနှင့် အဓိပတိအန်ဂလာမာကယ်လ်၏ ရွှေ့ပြောင်းအခြေချမှုဆိုင်ရာ မူဝါဒများအရေးနှင့်ပတ်သက်၍ လည်းအချေအတင် ဖြစ်ခဲ့ကြသည်ဟု သိရသည်။

လွှတ်တော်အတွင်း အင်အားအကြီးဆုံး အတိုက်အခံဖြစ်သော လက်ယာစွန်းဝါဒီ အော်လ်တာနေးတစ်ပါတီ (AfD) က ချမ်းနစ်ဇ်တွင် ဖြစ်ပွားခဲ့သော လက်ယာယိမ်း ဆန္ဒပြပွဲများ၌ ဖြစ်ပွားခဲ့သည့် ရုန်းရင်းဆန်ခတ်မှုများအတွက် ဆန္ဒပြသူများကိုအပြစ်ဖို့ခဲ့သော အစိုးရနှင့် မာကယ်လ်ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြသည်။

AfD ပူးတွဲခေါင်းဆောင် အလက်ဇန္ဒြားဂေါက်လန်ကချမ်းနစ်ဇ်မြို့ ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သည့် ဆန္ဒပြသူများမှာ စိုးရိမ်ပူပန်နေကြသည့် ပြည်သူများသာဖြစ်ပြီး အစွန်းရောက်များမဟုတ်ကြောင်း တုံ့ပြန်ခဲ့သည်။

အချို့သော ဆန္ဒပြသူများမှာဂျာမနီတွင် တရားမဝင်သော ဟစ်တလာ အလေးပြုမှုမျိုးလုပ်ခဲ့သည် ဆိုခြင်းကို ဂေါက်လန်က ဝန်ခံခဲ့သော်လည်း လူနည်းစုသာဖြစ်သည်ဟု တုံ့ပြန်ခဲ့သည်။ တစ်ကယ်တမ်းရာဇဝတ်မှု ကျူးလွန်ခဲ့သည်မှာ ဂျာမနီနိုင်ငံသားကို သတ်ဖြတ်ခဲ့သည့် ခိုလှုံရန် ဝင်ရောက်လာသူ နှစ်ဦးသာဖြစ်သည်ဟု ပြောကြားခဲ့သည်။

“အမုန်းတရားဟာ ရာဇဝတ်မှု မဟုတ်ပါဘူး”ဟု ဂေါက်လန်က ပြောကြားခဲ့ပြီး“ ဒီတိုင်းပြည်ထဲမှာ အများပြည်သူ ငြိမ်းချမ်းစွာနေထိုင်ရေးကို ဘယ်သူက ခြိမ်းခြောက်နေတာလဲ၊ ကျွန်တော်တို့တော့ မဟုတ်ဘူးဗျ”ဟု တုံ့ပြန်ခဲ့သည်။

ဂေါက်လန်၏ မိန့်ခွန်းကို ဆိုရှယ်ဒီမိုကရက်တစ်ပါတီ (SPD) ခေါင်းဆောင်ဟောင်း မာတင်ရှုက မတ်တတ်ရပ် ဟန့်တားခဲ့ပြီး AfD သည် ဖက်ဆစ်ဝါဒပုံစံမျိုးချမှတ် ကျင့်သုံးနေကြောင်း၊ ရှုပ်ထွေးသည့် နိုင်ငံရေးပြဿနာများကို နိုင်ငံတွင်းရှိလူနည်းစုနှင့်သာ ဆိုင်သောတစ်ခုတည်းသော ပြဿနာအဖြစ် ပုံဖော်နေကြောင်း ထောက်ပြခဲ့သည်။

“အရာရာအတွက် ရွှေ့ပြောင်းတွေကို အပြစ်ဖို့ရမယ်ဆိုတဲ့ စကားလုံးမျိုးတွေက ဒီလွှတ်တော်ထဲမှာ အရင်ကလည်း ကြားခဲ့ဖူးတယ်။ အခုအချိန်ဟာ ဒီလိုလူမျိုးတွေလက်ကနေ ဒီမိုကရေစီကိုကာကွယ်ပေးရမယ့် အချိန်ပဲ”ဟု ရှုက ပြောကြားခဲ့ရာ အခြားသောဆိုရှယ်ဒီမိုကရက်အမတ်များကပါ မတ်တတ်ရပ် ဩဘာပေးခဲ့ကြသည်။

အဓိပတိမာကယ်လ်ကလည်း ဂေါက်လန်၏ မှတ်ချက်ကို တုံ့ပြန်ခဲ့ပြီး ဂျာမန်အမျိုးသားသေဆုံးမှုကြောင့် အကြမ်းဖက်မှုများ၊ ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ရသည်ဟု အကြောင်းပြချက်ပေး၍ မရကြောင်း၊ မတူကွဲပြားသူများကို တိုက်ခိုက်ခြင်းအတွက် ဆင်ခြေဆင်လက်ပေးရန် အကြောင်းမရှိကြောင်း တုံ့ပြန်ခဲ့သည်။

စီးပွားရေးမူဝါဒ အဓိကထားသည့် ဖရီးဒီမိုကရက်တစ်ပါတီ ခေါင်းဆောင် ခရစ္စရှန် လင်ဒ်နာကလည်း နှစ်ဖက်စလုံးကို တိုက်ခိုက်ခဲ့ပြီးဂျာမနီမှ နိုင်ငံရေးစကား စစ်ထိုးပွဲများသည် ဝမ်းနည်းစရာကောင်း လောက်အောင်ပင် ရွှေ့ပြောင်းကိစ္စ မေးခွန်းထုတ်ခြင်းသက်သက်အတွက်သာ ဖြစ်နေတော့ကြောင်း ထောက်ပြခဲ့သည်။

လင်န်ဒါက ပြည်ထဲရေးဝန်ကြီး၏ ရွှေ့ပြောင်းအခြေချမှုသည် ပြဿနာအားလုံး၏ မိခင်ဖြစ်သည်ဆိုသော မှတ်ချက်ကိုလည်း ဝေဖန်ခဲ့သည်။ 

“မစ္စတာဆီးဟော့ဖားခင်ဗျား၊ ရွှေ့ပြောင်းအခြေချမှုဟာ ပြဿနာမဟုတ်ပါဘူး။ ရွှေ့ပြောင်းအခြေချမှုကို စီမံခန့်ခွဲတာက ပြဿနာဖြစ်နေတာပါ။ အဲဒီအွက် လွန်ခဲ့တဲ့ငါးနှစ်လုံး တာဝန်ယူခဲ့တဲ့ ခင်ဗျားတို့ပါတီမှာ တာဝန်ရှိပါတယ်”ဟု လင်န်ဒါက ဝေဖန်ခဲ့သည်။  

F-03


  • VIA