News

POST TYPE

FOREIGN AFFAIRS

ရာသီဥတုပြောင်းလဲလာမှု ထိန်းချုပ်ရေး ဆန္ဒပြပွဲများ ကမ္ဘာတစ်လွှားကျင်းပ
11-Sep-2018
ဘာလင်၊ စက်တင်ဘာ ၁၀

ရာသီဥတုပြောင်းလဲလာမှု ထိန်းချုပ်ရေး ဆန္ဒပြပွဲများကို ကမ္ဘာတစ်လွှားရှိ မြို့ကြီးများတွင် ကျင်းပခဲ့ကြောင်း DW သတင်းဌာနက ဖော်ပြသည်။ 

ပါရီသဘောတူညီချက် အသက်ဝင်စေရန်အတွက် ရည်ရွယ်သောကုလသမဂ္ဂဆွေးနွေးပွဲများနှင့် အချိန်ကိုက်ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။

ရာသီဥတုအတွက် နိုးထကြလော့ (Rise for Climate) ခေါင်းစဉ်ဖြင့် ဆန္ဒပြပွဲများ၏ တစ်စိတ်တစ်ဒေသအဖြစ် နိုင်ငံ ၁၀၀ ခန့်တွင် စက်တင်ဘာလ ၈ ရက်နေ့က ဆန္ဒပြပွဲပေါင်း ၁၀၀၀ နီးပါးပြုလုပ်ခဲ့ကြသည်။ ပွဲစီစဉ်သူများကအစိုးရများအနေနှင့် ရုပ်ကြွင်းလောင်စာများအပေါ် မှီခိုမှုအဆုံးသတ်ရန်နှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သို့ လျင်လျင်မြန်မြန် ပြောင်းလဲရန်တောင်းဆိုခဲ့ကြသည်။

ယခုဆန္ဒပြပွဲများတွင် ဘန်ကောက်တွင် ပြုလုပ်နေသော ဆွေးနွေးပွဲများနှင့် အချိန်ကိုက်လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ဆွေးနွေးပွဲတွင် ကိစ္စအများအပြားညှိနှိုင်း၍မရဖြစ်နေချိန်တွင် ရာသီဥတုထိန်းချုပ်ရေး လှုပ်ရှားသူများက နိုင်ငံများအနေနှင့် ကာဘွန်ဒိုင်အောက်ဆိုက်ဒ်ထွက်ရှိမှု လျှော့ချထိန်းချုပ်ရေး ကတိကဝတ်များအတိုင်း ချက်ချင်အကောင်အထည်ဖော်ကြရန် တောင်းဆိုခဲ့ကြသည်။ လာမည့် ဒီဇင်ဘာလတွင် ပိုလန်နိုင်ငံတောင်ပိုင်း၊ ကာရိုဝိုက်စ်တွင် ကျင်းပမည့် ဝန်ကြီးများနှင့် နိုင်ငံခေါင်းဆောင်များ တက်ရောက်မည့် နောက်ဆုံးအဆင့် ဆွေးနွေးပွဲသို့တင်ပြမည့် ကမ္ဘာလုံးဆိုင်ရာ အပူချိန်မြင့်တက်လာမှု ကန့်သတ်ရေးဥပဒေ မူဘောင်မူကြမ်းရေးဆွေးရန် လတ်တလော ဘန်ကောက်တွင် ဆွေးနွေးနေကြခြင်း ဖြစ်သည်။

လာမည့်အပတ်တွင်လည်း ကယ်လီဖိုးနီးယားပြည်နယ် ပြည်နယ်အုပ်ချုပ်ရေးမှူး၏ ကမကထပြုမှုဖြင့် ဆန်ဖရန်စစ္စကိုတွင် ရာသီဥတုဆိုင်ရာ ထိပ်သီးဆွေးနွေးပွဲကျင်းပမည်ဖြစ်သည်။ သမ္မတဒေါ်နယ်ထရမ့်လက်ထက်တွင် ပါရီရာသီဥတုပြောင်းလဲမှု ထိန်းချုပ်ရေးဆိုင်ရာ သဘောတူညီချက်မှ အမေရိကန်က နုတ်ထွက်ခဲ့ပြီးနောက် ကယ်လီဖိုးနီးယားပြည်နယ်အစိုးရက ယခုကဲ့သို့ တန်ပြန်လုပ်ဆောင်ခြင်း ဖြစ်သည်။

၂၀၁၅ ပါရီသဘောတူညီချက်အရဆိုလျှင် ယခုအချိန်မှာ ၂၁၀၀ ပြည့်အတွင်း နောက်ထပ်အပူချိန် ထပ်မမြင့်စေရန် ရည်ရွယ်ဆောင်ရွက်ကြရမည်ဖြစ်သည်။ ပါရီရည်မှန်းချက်များအတိုင်း ပြည့်မီရန်မှာ လာမည့်ရာစုနှစ်ဝက်အတွင်း ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှင့်မှုကို တစ်ကမ္ဘာလုံးက ဝိုင်းဝန်းလျှော့ချရမည်ဖြစ်သည်။ 

ရာသီဥတုပြောင်းလဲလာမှုတိုက်ဖျက်ရေးတွင် မည်သို့မည်ပုံထောက်ပံ့ပေးမည်၊ ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် မည်သို့ ဆောင်ရွက်ပေးမည်ဆိုခြင်းမှာ လတ်တလော ဘန်ကောက်တွင်ကျင်းပနေသည့် ဆွေးနွေးပွဲ၌ အကျေအလည်ညှိနှိုင်းနေရသည့် ကိစ္စဖြစ်သည်။

ဆန္ဒပြပွဲများမှာ ဩစတြေးလျမှ စတင်ခဲ့ပြီးရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးစာတန်းများ ချိတ်ဆွဲထားသောရွက်လှေ တစ်စင်းမှာ ဆစ်ဒနီအော်ပရာဟောက်စ်ရှေ့ ဆစ်ဒနီဆိပ်ကမ်းကိုဖြတ်၍ ရွက်လွှင့်ခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံမနီလာမြို့တွင် တိုင်ရန်နိုဆောရပ်စ် (T-Rex) ဒိုင်နိုဆောပုံစံ ဝတ်စားထားသူတစ်ဦးက “ရုပ်ကြွင်း (လောင်စာ) ကင်းစင်ခေတ်ကိုသွားကြပါစို့” ဆိုသော ဆိုင်းဘုတ်ကို ကိုင်ဆောင်ကာ လူ ၈၀၀ ခန့် ချီတက်ဆန္ဒပြခဲ့ကြပြီး နိုင်ငံတွင် ကျောက်မီးသွေးကို စွမ်းအင်အတွက် အလွန်အကျူးမှီခိုနေရမှုအပေါ် ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။

ဘန်ကောက်တွင် ရာသီဥတုပြောင်း လဲမှုဆိုင်ရာကိစ္စများဆွေးနွေးရာ ကုလသမဂ္ဂ ဒေသဆိုင်ရာရုံးခွဲရှေ့တွင် ဆန္ဒပြသူ ၂၀၀ ခန့် စုဝေးခဲ့ကြသည်။ ထိုင်းလယ်သမားများနှင့် အလုပ်သမားများမှာပင်လယ်ရေမျက်နှာပြင် မြင့်တက်လာမှုအန္တရာယ် ရင်ဆိုင်နေရခြင်းကဆန္ဒပြရန် စေ့ဆော်မှုတစ်ရပ်ဖြစ်ခဲ့သည်။

ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင်မူ လူထောင်သောင်းချီကာ ချီတက်ဆန္ဒပြခဲ့ပြီး မြို့တော်ခန်းမရှေ့ရှိ ရင်ပြင်တွင် လူများ ပြည့်လျှံသွားခဲ့ကာ သမ္မတနိုင်ငံရင်ပြင်သို့ ချီတက်ခဲ့ကြသည်။

ပွဲစီစဉ်သူများက ပြင်သစ်နိုင်ငံတစ်ဝန်း ချီတက်ဆန္ဒပြသူ တစ်သိန်းကျော်ရှိခဲ့ပြီး နိုင်ငံသမိုင်းတစ်လျှောက် သဘာဝပတ်ဝန်းကျင်အရေး ဆန္ဒပြသူအများဆုံး မှတ်တမ်းဝင်ခဲ့သည်ဟု ပြောကြားခဲ့သည်။ ပဲရစ်မြို့တစ်မြို့တည်းတွင် ဆန္ဒပြသူ ၅ သောင်းခန့်ရှိခဲ့သည်ဟု ပွဲစီစဉ်သူများက ခန့်မှန်းခဲ့သည်။ ရဲတပ်ဖွဲ့ကမူပဲရစ်တွင် ဆန္ဒပြသူ ၁၈၅၀၀ သာရှိသည်ဟု ထုတ်ပြန်သည်။

ဒိန်းမတ်နိုင်ငံကိုပေဟေဂင်တွင် လူ ၁၀၀၀၀ ခန့်၊ ဘယ်လ်ဂျီနိုင်ငံ ဘရပ်ဆဲလ်မြို့ ဥရောပပါလီမန်ရှေ့တွင် လူ ၁၃၀၀ ခန့် ဆန္ဒပြခဲ့ကြသည်။ 

F-03