News

POST TYPE

FOREIGN AFFAIRS

ဒိန်းမတ်တွင် မျက်နှာဖုံးကွယ် ခေါင်းမြီးခြုံမှုဖြင့် အမျိုးသမီးတစ်ဦးကို ပထမဆုံးစွဲချက်တင်
05-Aug-2018


ကိုပေဟေဂင်၊ ဩဂုတ် ၄

ဒိန်းမတ်တွင် မျက်နှာဖုံးလွှမ်းသည်အထိ ခေါင်းမြီးခြုံမှုကိုပိတ်ပင်သည့် ဥပဒေ စတင်အသက်ဝင်ခဲ့ပြီးနောက် လူမြင်ကွင်းတွင် မျက်လုံးနှစ်လုံးသာဖော်ထားသည့် ခေါင်းမြီးခြုံထည် (နစ်ကတ်) ဝင်ဆင်သော အမျိုးသမီးတစ်ဦးကို ပထမဆုံးအနေနှင့် စွဲချက်တင်ခဲ့ကြောင်း BBC သတင်းဌာနက ဖော်ပြသည်။

ခေါင်းမြီးခြုံအမျိုးသမီး၏ မျက်နှာဖုံးထားသည့်အဝတ်ကို အခြားအမျိုးသမီးတစ်ဦးက ဖွင့်လှစ်ရန် ကြိုးစားခဲ့ပြီးနောက် ခိုက်ရန်ဖြစ်ပွားခဲ့ကြသည်။ ရဲများက CCTV မှတ်တမ်းကို ပြန်ကြည့်ကာ မျက်နှာဖုံးလွှမ်း ခေါင်းမြီးခြုံသည့် အမျိုးသမီးကသာ နစ်ကတ်ခြုံထည်ကိုမချွတ်လျှင် စွဲချက်တင်မည်ဟု အသိပေးခဲ့ကြသည်။

ဒိန်းမတ်နိုင်ငံ၏ အဆိုပါဥပဒေသစ်တွင် ဘူရ်ခါကာ၊ နစ်ကတ်စသော ခြုံထည်အမည်များကို တိုက်ရိုက်ရည်ညွှန်းထားခြင်းမရှိသော်လည်း “အများပြည်သူ သွားလာရာနေရာတွင် မျက်နှာကိုဖုံးကွယ်ထားသည့် အဝတ်အထည်ကို ဝတ်ဆင်သွားလာသူ မည်သူမဆို ဒဏ်ကြေးပေးဆောင်ရမည်” ဟု ပြဋ္ဌာန်းထားသည်။

ယခုဥပဒေကို ကန့်ကွက်ဆန္ဒပြမှု အချို့ရှိခဲ့သလို လူ့အခွင့်အရေးအဖွဲ့အစည်းများကလည်း ဝေဖန်ခဲ့ကြသည်။

ပြီးခဲ့သောဗုဒ္ဓဟူးနေ့ ဥပဒေအာဏာ စတင်သက်ဝင်ချိန်တွင် ကန့်ကွက်ဆန္ဒပြမှုများရှိခဲ့သည်။ နောက်နှစ်ရက်အကြာ သောကြာနေ့တွင် ကိုပေဟေဂင်မြို့ရှိ ဈေးဝယ်စင်တာတစ်ခုတွင် ယခုကဲ့သို့ အရေးယူမှုစတင်ဖြစ်ပွားခြင်းဖြစ်သည်။

ဈေးဝယ်စင်တာတွင် ရန်ဖြစ်နေသည်ဟု သတင်းပို့သောကြောင့် ရဲများရောက်လာခဲ့ပြီးနောက် အမျိုးသမီးနှစ်ဦးစလုံးကို ငြိမ်းချမ်းသည့်အခြေအနေ ပျက်ပြားစေမှုဖြင့်ပါ စွဲချက်တင်ခဲ့သလို ခေါင်းမြီးခြုံသည့် တစ်ဦးကို အထက်ပါဥပဒေဖြင့်ပါ စွဲချက်တင်ခဲ့ခြင်းဖြစ်သည်။

မျက်နှာခြုံထည်ဖယ်ရှားပေးရန် တောင်းဆိုမှုကို ငြင်းပယ်ချဲ့သော အဆိုပါ အမျိုးသမီးမှာ ဒိန်းမတ် ခရိုနာ ၁၀၀၀ (၁၅၅ ဒေါ်လာ) ပေးဆောင်ခဲ့ရသည်။ ထပ်တလဲလဲ ပြစ်မှုကျူးလွန်ပါက ခရိုနာ ၁၀၀၀၀ အထိ ဒဏ်ကြေးမြင့်တင်သွားမည်ဖြစ်သော်လည်း ဒိန်းမတ်နိုင်ငံတွင်းရှိ မွတ်ဆလင်အမျိုးသမီးအချို့က လိုက်နာမည်မဟုတ်ဟု ကြေညာထားသည်။

ပြီးခဲ့သည့်နှစ်ကလည်း ဘယ်လ်ဂျီယမ်နိုင်ငံတွင် အလားတူပိတ်ပင်သည့် ဥပဒေကို မကျေနပ်သူများက ဥရောပလူ့အခွင့်အရေးခုံရုံးသို့ အယူခံတက်ခဲ့ကြသည်။ 

သို့ရာတွင် တရားရုံးက တစ်ဦးတစ်ယောက်ချင်းစီ၏ ဘာသာရေးယုံကြည်မှုကို ဖော်ပြခြင်းထက် ရပ်ရွာအသိုင်းအဝိုင်းအတွင်း သဟဇာတဖြစ်ရေးက ပိုအရေးကြီးသည်ဟု သုံးသပ်ကာ ပိတ်ပင်မှုကို လက်ခံခဲ့သည်။ ပြင်သစ်၊ ဩစတြီးယား၊ ဘူလ်ဂေးရီးယားနှင့် ဂျာမနီနိုင်ငံ ဘာဗေးရီးယားပြည်နယ်တို့တွင်လည်း မည်သူမည်ဝါမှန်း မသိနိုင်သည်အထိ မျက်နှာကို ဖုံးကွယ်ခေါင်းမြီးခြုံခြင်းကို အပြည့်အဝ သို့မဟုတ် တစ်စိတ်တစ်ဒေသ ပိတ်ပင်မှုများ ပြုလုပ်ထားသည်။

F-03