News

POST TYPE

FOREIGN AFFAIRS

ဗုဒ္ဓဘာသာပြန့်ပွားရေး ဒိန်းမတ်တွင် ဥရောပဗုဒ္ဓဘာသာလူငယ်ဖိုရမ် ပထမဆုံးလုပ်မည်
14-May-2018
ရန်ကုန်၊ မေ ၁၃

ဗုဒ္ဓဘာသာ ထွန်းကားပြန့်ပွားရေးအတွက် ပထမဆုံးအကြိမ် ဥရောပဗုဒ္ဓ ဘာသာလူငယ်ဖိုရမ်တစ်ရပ်ကို ဒိန်းမတ်နိုင်ငံ၊ Horve မြို့၊ ဓမ္မဆာယာ (ဓမ္မအရိပ်) သာသနာပြုဘုန်းကြီးကျောင်း၌ ဇူလိုင်လ ၂၆ ရက်မှစ၍ ငါးရက်ကြာ ပြုလုပ်မည်ဖြစ်ကြောင်း ဦးဆောင်ပါဝင်သူ ဆရာတော်ဦးကုသလသာမိက ပြောကြားသည်။

“ဥရောပနိုင်ငံတွေမှာ ဗုဒ္ဓဘာသာကို စိတ်ဝင်စားသူတွေ ရှိတယ်။ အထူးသဖြင့် တရားအားထုတ်တဲ့အလုပ် (Meditation) ပိုင်း လုပ်ချင်တဲ့ နိုင်ငံခြားသား အများကြီးရှိတယ်။ ဒါတွေကို လူငယ်ကွန်ရက်တစ်ခု ထူထောင်ပြီးတော့ ဝိုင်းဝန်းလုပ်ကိုင်နိုင်ရင် ဗုဒ္ဓဘာသာက ပိုကျယ်ပြန့်လာမယ်”ဟု ဆရာတော်က မိန့်ဆိုသည်။

အဆိုပါပွဲသို့ တက်ရောက်ရန် ဂျာမနီ၊ ဒိန်းမတ်၊ ဆွီဒင်၊ နော်ဝေ၊ နယ်သာလန်နှင့် မြန်မာနိုင်ငံမှ ရဟန်းသံဃာအချို့နှင့် သီလရှင်အချို့တို့လည်း တက်ရောက်မည်ဖြစ်ပြီး ယင်းပွဲသို့ တက်ရောက်သူအားလုံးကို ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့သို့ လေ့လာရေးခရီးစဉ်အဖြစ် ပို့ဆောင်ပေးရန် စီစဉ်ထားကြောင်း မြန်မာနိုင်ငံမှ ယင်းပွဲတက်ရန် ဖိတ်ကြားခံရသူ ဦးတေဇနိယက ပြောကြားသည်။

“နိုင်ငံတကာ ဗုဒ္ဓဘာသာ သာသနာပြုလုပ်ငန်းဖြစ်တော့ စိတ်ဝင်စားတယ်။ ဘုန်းဘုန်းတို့ တက်နိုင်တဲ့အပိုင်းရှိရင်လည်း ကူညီဆောင်ရွက်ပေးဖို့တက်မှာပေါ့” ဟု ၎င်းက မိန့်ကြားသည်။

ထို့အပြင် မြန်မာနိုင်ငံမှ ဥရောပနိုင်ငံများသို့ ရောက်ရှိနေသော ဗုဒ္ဓဘာသာဝင် လူငယ်များကြား စည်းလုံးညီညွှတ်မှု ပိုမိုရရှိလာစေရန်၊ ဗုဒ္ဓဘာသာ လူငယ်ကွန်ရက်တစ်ခု ထူထောင်နိုင်မည့်အစီအစဉ်တစ်ရပ်ကိုလည်း ယင်းဖိုရမ်ကျင်းပသည့် ငါးရက်တာအတွင်း ထည့်သွင်းဆွေးနွေးမည်ဖြစ်ကြောင်း ပွဲစီစဉ်သူအချို့က ဆိုသည်။

မြန်မာနိုင်ငံမှ ဥရောပနိုင်ငံများဖြစ်သည့် ရုရှား၊ အင်္ဂလန်၊ အမေရိကန်၊ ပြင်သစ်၊ စပိန်၊ ဂျာမနီ၊ အီတလီ၊ ဒိန်းမတ်၊ ဆွီဒင်၊ နော်ဝေတို့တွင် သာသနာပြုလုပ်ငန်း၊ အသက်မွေးကျောင်းလုပ်ငန်းအပါအဝင် ပညာသင်ကြားနေသော မြန်မာနိုင်ငံသား လူငယ်လူရွယ်များ ရာချီ၍ရှိကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနထံမှ စုံစမ်းသိရသည်။

J-17