News

POST TYPE

FOREIGN AFFAIRS

နိုင်ဂျီးရီးယား အကျင့်ပျက်လာဘ်စားမှုတိုက်ဖျက်ရေး ခုံသမာဓိခေါင်းဆောင် အကျင့်ပျက်လာဘ်စားမှုဖြင့် အရေးယူခံရ
05-Feb-2018


အဘူဂျာ၊ ဖေဖော်ဝါရီ ၄

ထိပ်တန်းအမှုများကို ကိုင်တွယ်ရသော အကျင့်ပျက်လာဘ်စားမှု တိုက်ဖျက်ရေး ခုံရုံးတရားသူကြီးသည် တရားမဝင်ငွေများ လက်ခံမှုဖြင့် အရေးယူခံနေရပြီဖြစ်ကြောင်း သတင်းဌာန DW က ရေးသားဖော်ပြထားသည်။ 

အကျင့်ပျက်လာဘ်စားမှုတိုက်ဖျက်ရေးခုံရုံးတွင် အဆိုပါ တရားသူကြီးကို သံသယရှိသူတစ်ဦးထံမှ လာဘ်ငွေရယူမှုဖြင့် တရားစွဲဆိုထားခြင်းဖြစ်သည်။ 

အမှုရင်ဆိုင်နေရသော စွပ်စွဲခံရသူတစ်ဦးထံမှ အမေရိကန်ဒေါ်လာ နှစ်သောင်းခုနစ်ထောင်ကျော်သော လာဘ်ငွေကို တောင်းခဲ့သည်ဆိုသည့် ပြစ်မှုဖြင့် တရားသူကြီး ဒန်လာဒီအူမာကို အရေးယူထားခြင်း ဖြစ်သည်။ 

၂၀၁၂ ခုနှစ်ကလည်း ၎င်း၏ လက်ထောက်မှတစ်ဆင့် နိုင်ဂျီးရီးယားငွေ ၁ ဒသမ ၈ သန်းဖို့ လာဘ်စားခဲ့မှုလည်း ပေါ်ပေါက်ခဲ့သေးသည်။ 

ထိပ်တန်းတရားသူကြီးတစ်ဦး၏ အကျင့်ပျက်လာဘ်စားမှု ပေါ်ပေါက်ခဲ့သည့်အတွက် နိုင်ဂျီးရီးယားပြည်သူအများက ဒေါသတစ်ကြီး တုံ့ပြန်ခဲ့ကြသည်။

“ဒန်လာဒီအူမာကို အကျင့်ပျက်လာဘ်စားမှုနဲ့ အရေးယူတော့ ကျွန်တော် မအံ့ဩပါဘူး။ တရားရေးစနစ်မှာအကျင့် ပျက်ခြစားခြင်းက ရိုးရာလိုဖြစ်နေပါပြီ”ဟု လေဂို့စ်မြို့ခံ ပြည်သူတစ်ဦးဖြစ်သူ မာယိုဝါအဒီဘိုလာ က DW ကို ပြောကြားခဲ့သည်။ 

အတိတ်တွင် အကောင်ကြီးကြီးများကို အကျင့်ပျက်လာဘ်စားမှုဖြင့် နှိမ်နင်းရုံးတင်ခဲ့ဖူးသော်ငြား စည်းမျဉ်းစည်းကမ်းဆိုင်ရာ တရားခုံရုံးသည်ပင်လျှင် အကျင့်ပျက်လာဘ်စားသည်ကို သံသယမရှိစရာ အကြောင်းမရှိကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ 

အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး တရားရုံးသည်ပင်လျှင် ပိုက်ဆံရှာ၍ ကောင်းသောနေရာ ဖြစ်နေပါကြောင်း ဒေသခံအများက ဆိုသည်။ 

သမ္မတမူဟာမာဒူဘူဟာရီ အစိုးရသည် ၎င်းတို့ ပြန်လည်ရွေးကောက်ခံရရေး လမ်းကြောင်းပေါ်မှ အတားအဆီးများကိုသာ လိုက်ဖမ်းနေခြင်းဖြစ်ပါကြောင်း နိုင်ဂျီးရီးယား လူမှုကွန်ရက် မီဒီယာများပေါ်တွင် ပြောဆိုဝေဖန်လျက်ရှိကြသည်။

ရေနံသယံဇာတ ပေါကြွယ်ဝသော နိုင်ဂျီးရီးယားနိုင်ငံတွင် အကျင့်ပျက်ခြစားမှု၊ အကြမ်းဖက် အစွန်းရောက်မှု စသည့်ပြဿနာများ ရှိနေခြင်းကြောင့် ပြည်သူအများစုမှာ ဆင်းရဲနွမ်းပါးလျက် ရှိကြသည်။

F-02