News

POST TYPE

FOREIGN AFFAIRS

ရွေးကောက်ပွဲ ရုရှားဝင်စွက်မှုတွင် မိမိမပတ်သက်ကြောင်း ရီပတ်ဘလစ်ကန်မှတ်တမ်းက သက်သေဟု ထရမ့်ပြောကြား
05-Feb-2018


ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂

၂၀၁၆ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် ရုရှားဝင်စွက်ခဲ့မှုတွင် မိမိပါဝင်ပတ်သက်ခြင်း မရှိကြောင်း ရီပတ်ဘလစ်ကန် လွှတ်တော်အမတ်များ ရေးသားထားသော ပြည်ထောင်စု တရားဥပဒေစိုးမိုးရေး အေဂျင်စီများကို ဝေဖန်တိုက်ခိုက်ထားသည့် အငြင်းပွားဖွယ်မှတ်တမ်းက သက်သေထူနေသည်ဟု သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့သည်ဟု Reuters သတင်းဌာနက ဖော်ပြသည်။

သမ္မတ ထရမ့်က ယင်းမှတ်တမ်းကို အကြောင်းပြချက်ပေးပြီး ယင်းကိစ္စ စုံစမ်းစစ်ဆေးမှုကို ဦးဆောင်သူ အထူးစစ်ဆေးရေးမှူး ရောဘတ်မူလာနှင့် မူလာကို ကြီးကြပ်ရသူ ဒုတိယရှေ့နေချုပ် ရော့ဒ်ရိုဆန်စတိန်းကိုပါ ထုတ်ပယ်ရန် ကြိုးပမ်းလာဖွယ်ရှိနေသည်။

ဖလော်ရီဒါရှိ ပမ်လ်ဘိချ်မှ သူ့ကိုယ်ပိုင် အပန်းဖြေစခန်းသို့ ရောက်ရှိနေသော ထရမ့်က ယင်းမှတ်တမ်းကြောင့် သူ့အပေါ် လုံးဝသံသယရှင်းသွားပြီ ဖြစ်သည်ဟု သူ့ထုံးစံအတိုင်း တွစ်တာလူမှုကွန်ရက်တွင် ရေးသားခဲ့သည်။

ထို့အပြင် ရုရှားအရေး အကြောင်းပြသည့် စုန်းဖမ်းပွဲ (ပစ်မှတ်ထားတိုက်ခိုက်မှု) သည် အဆုံးမသတ်သေးဟု မှတ်ချက်ပေးခဲ့သည်။

ယခု စုံစမ်းစစ်ဆေးမှုသည် အမေရိက၏ ဂုဏ်သရေကို ထိခိုက်စေသည်ဟုလည်း ဝေဖန်ခဲ့သည်။

အိမ်ဖြူတော်ကမူ ယင်းမှတ်တမ်းပါ ကောက်ချက်ဆွဲမှုများကြောင့် တရားရေးဌာနတွင် အပြောင်းအလဲတစ်စုံတစ်ရာ ရှိမည်မဟုတ်ဟု ထုတ်ပြန်ခဲ့သည်။

ဒီဗင်နူနက်စ် ဦးဆောင်သော အောက်လွှတ်တော် ထောက်လှမ်းရေးရာ ကော်မတီမှ ရီပတ်ဘလစ်ကန် အမတ်များ ရေးသားသည့် မှတ်တမ်းတွင် ထရမ့်၏ ၂၀၁၆ မဲဆွယ်အဖွဲ့နှင့် ရုရှားတို့အကြား ဆက်နွှယ်ပတ်သက်မှုများ ရှိ၊ မရှိ စုံစမ်းစစ်ဆေးမှုမှာ ပြည်ထောင်စု စုံစမ်းစစ်ဆေးရေး ဗျူရို (အက်ဖ်ဘီအိုင်) နှင့် တရားရေးဌာနက ထရမ့်အပေါ် နိုင်ငံရေးဘက်လိုက်မှုဖြင့် တိုက်ခိုက်ခြင်းသာဖြစ်သည်ဟု သုံးသပ်ထားသည်။

အောက်လွှတ်တော် ကြီးကြပ်ရေး ကော်မတီဥက္ကဋ္ဌ ရီပတ်ဘလစ်ကန် အမတ်တစ်ဦးပင်ဖြစ်သည့် ထရေးဂေါ်ဒီကမူ ထရမ့်နှင့် သဘောကွဲလွဲခဲ့ပြီး ယင်းမှတ်တမ်းသည် ရုရှားစွက်ဖက်မှု စုံစမ်းရေးအပေါ် သက်ရောက်မှု တစ်စုံတစ်ရာမရှိနိုင်ဟု မှတ်ချက်ပေးခဲ့သည်။

လျှို့ဝှက်အဖြစ် သတ်မှတ်ထားသော အဆိုပါမှတ်တမ်းကို တည်းဖြတ်မှုများ မပြုလုပ်ဘဲ လူသိရှင်ကြားထုတ်ပြန်ရန် ထရမ့်က ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။ 

ထရမ့်သမ္မတ မဖြစ်မီကတည်းက ရှိနှင့်ပြီးဖြစ်သော အိမ်ဖြူတော်နှင့် ဥပဒေစိုးမိုးရေး ထိပ်တန်းတာဝန်ရှိသူများအကြား တင်းမာမှုကို ပိုမိုဆိုးရွားလာစေနိုင်သောကြောင့် ယင်းမှတ်တမ်းကို မထုတ်ပြန်ရန် အက်ဖ်ဘီအိုင်က ကန့်ကွက်ခဲ့သော်လည်း ထရမ့်က ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။

စာမျက်နှာ လေးမျက်နှာသာရှိသည့် ယင်းမှတ်တမ်းသည် အထူးလျှို့ဝှက်ရမည့် အချက်အလက်များကို ဖွင့်ချရာရောက်စေပြီး၂၀၁၇ ခုနှစ် မေလက စတင်ခဲ့သော မူလာဦးဆောင်သော စုံစမ်းရေးအဖွဲ့၏ အားထုတ်မှုများကို ထိခိုက်စေနိုင်ကြောင်း ဒီမိုကရက်များက ဝေဖန်ခဲ့သည်။

F-03


  • VIA