News

POST TYPE

FOREIGN AFFAIRS

ဖယောင်းတိုင်မီးပေါ် လက်တင်ခိုင်းပြီး ကျောင်းသားများကို ဒဏ်ပေးသည့် ကျောင်းအုပ်ဆရာမကြီးကို အိန္ဒိယရဲတပ်ဖွဲ့ စစ်ဆေး
05-Feb-2018
ဒေလီ၊ ဖေဖော်ဝါရီ ၄ 

အိန္ဒိယနိုင်ငံ ဂျာကန်ပြည်နယ်ရှိ စာသင်ကျောင်းတစ်ခုတွင် ကျောင်းသား ကျောင်းသူ ၁၃ ဦးကို ဖယောင်တိုင်မီးပေါ်၌ လက်ထားခိုင်းကာ ဒဏ်ပေးခဲ့သည့် ကျောင်းအုပ်ဆရာမကြီးကို ရဲတပ်ဖွဲ့က ဖြေရှင်းချက်ပေးရန် အကြောင်းကြားထားကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။ 

ဂျာကန်ပြည်နယ်ရှိ ပုဂ္ဂလိကစာသင်ကျောင်းတစ်ခုမှ ကျောင်းအုပ်ဆရာမကြီး ဆူဟာသီဟမ်ဘရွန်သည် အသက် ၉ နှစ် အရွယ်ရှိ ကျောင်းသားကျောင်းသူငယ် ၁၃ ဦးအား အခြားကျောင်းသားတစ်ဦးထံမှ ပိုက်ဆံခိုးယူသည့်ကိစ္စ ပေါ်ပေါက်ရန် ဖယောင်းတိုင်မီးပေါ်တွင် လက်များ တင်ထားခိုင်းခဲ့ခြင်းဖြစ်သည်။ 

အဆိုပါကိစ္စကို ကျောင်းသားမိဘများ သိရှိသွားသည်နှင့် နောက်တစ်နေ့တွင် ရဲစခန်းသို့ တိုင်ကြားခဲ့ပြီး ၎င်းကို ရာထူးမှ ဆိုင်းငံ့ခဲ့သည်။ 

အဆိုပါကျောင်းအုပ်ဆရာမကြီး ဆူဟာသီဟမ်ဘရွန်သည် ထိုသို့ ဖယောင်းတိုင်မီးဖြင့် အပူပေးမည့်ကိစ္စကို ခြိမ်းခြောက်ပြောဆိုခြင်းကြောင့် ပိုက်ဆံခိုးယူထားသည့် ကျောင်းသားက အမှန်အတိုင်း ဝန်ခံလာလိမ့်မည်ဟု ထင်မှတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။

သို့သော် ကျောင်းသား၊ ကျောင်းသူ ၁၃ ဦးစလုံးက ကျောင်းအုပ်ဆရာမကြီး ပြောသည့်အတိုင်း ဖယောင်းတိုင်မီးတောက်ပေါ်သို့ လက်တင်ခဲ့ကြသည်။ 

အချို့ကျောင်းသားများက မီးအပူဟပ်သည်နှင့် လက်ကိုဖယ်ခဲ့ကြသော်လည်း အချို့ကမူ မီးလောင်ဒဏ်ရာရရှိသည်အထိ မီးပေါ်တွင် လက်ကိုတင်ထားခဲ့ကြသည်။ 

ဖယောင်းတိုင်မီးပေါ်သို့ လက်တင်ရန် မစ္စဆူဟာသီဟမ်ဘရွန်၏ အတင်းဖိအားပေးခံခဲ့ရသည်ဟုဆိုသော ကျောင်းသားငယ်မှာ မီးလောင်ဒဏ်ရာ ဆိုးရွားစွာ ရရှိသွားသဖြင့် ဆေးရုံတင်လိုက်ရသည်။

ရဲတပ်ဖွဲ့၏ အဆိုအရ မစ္စမစ္စဆူဟာသီ ဟမ်ဘရွန်က အဆိုပါကိစ္စနှင့်ပတ်သက်၍ ကြီးမားသည့်အမှားတစ်ခုကို လုပ်ခဲ့မိသည်ဟု ဝန်ခံသွားသလို ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများကိုလည်း တောင်းပန်ခဲ့ကြောင်း သိရသည်။ 

အိန္ဒိယနိုင်ငံတစ်ဝန်းရှိ စာသင်ကျောင်းများတွင် ပုံမှန်မဟုတ်သည့် ဒဏ်ပေးမှုများကြောင့် ကျောင်းသားမိဘများနှင့် ဆရာ၊ ဆရာမများအကြား မကြာခဏဆိုသလို ပြဿနာဖြစ်ပေါ်လေ့ရှိသည်။ အချို့ ဆရာ၊ ဆရာမများကမူ ကျောင်းသားများကို ဘောင်းဘီ၊ စကတ် စသည်တို့ ချွတ်ကာ ဒဏ်ပေးလေ့ရှိသည်။ 

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် မတ်လက ဒူတာပရာဒတ်ရှ်ပြည်နယ်ရှိ စာသင်ကျောင်းတစ်ခုတွင် အသက် ၁၀ နှစ်အရွယ် ကျောင်းသူ ၇၀ ဦးခန့်အား ရာသီသွေးလာနေခြင်း ရှိ၊ မရှိ စစ်ဆေးရန် ကိုယ်တုံးလုံး ချွတ်ခိုင်းခဲ့ခြင်းကြောင့် ကျောင်းသားမိဘများ ထိတ်လန့်တုန်လှုပ်ခဲ့ကြရသည်။

F-01