News

POST TYPE

FOREIGN AFFAIRS

အမေရိကန်ပြည်ထောင်စုသည် စစ်အေးခေတ်အယူအဆဖြင့် နျူကလီးယားစွမ်းရည် တိုးချဲ့လျက်ရှိဟု တရုတ်စွပ်စွဲ
04-Feb-2018

ဘေဂျင်း၊ ဖေဖော်ဝါရီ ၄ 

အမေရိကန်ပြည်ထောင်စုသည် စစ်အေးခေတ်ကာလ အတွေးအခေါ်ဖြင့် နျူကလီးယားမူဝါဒသစ် အကောင်အထည်ဖော်နေခြင်းကို စွန့်လွှတ်ရန် တရုတ်အစိုးရက တိုက်တွန်းလိုက်ကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။ 

အမေရိကန်အစိုးရက အခြားသောနိုင်ငံများ၏ အန္တရာယ်ပြုမှုများကို ဟန့်တားရန်အလို့ငှာ နျူကလီးယား စွမ်းဆောင်ရည်များ တိုးချဲ့မည့် အစီအစဉ်တစ်ရပ်အား ထုတ်ပြန်ခဲ့ပြီးနောက် တရုတ်နိုင်ငံက ယင်းသို့ တိုက်တွန်းခြင်းဖြစ်သည်။ 

ထို့ပြင် တရုတ်နိုင်ငံ၏ စစ်ရေးအင်အား တိုးမြှင့်တည်ဆောက်နေမှုအပေါ်တွင်လည်း အထင်အမြင် မမှားစေလိုကြောင်း တရုတ်အစိုးရက ဆိုသည်။ 

“ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးသည် ကမ္ဘာကြီး၏ ပြန်လှည့်၍မရနိုင်သော လားရာဖြစ်သည်။ ကမ္ဘာပေါ်တွင် နျူကလီးယားလက်နက်ကို အကြီးမားဆုံး အတိုင်းအတာဖြင့် ပိုင်ဆိုင်ထားသော အမေရိကန် ပြည်ထောင်စုအနေနှင့် ယင်းငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးဟူသော လမ်းကြောင်း နောက်သို့သာ လိုက်သင့်ပေသည်”ဟု တရုတ်ကာကွယ်ရေး ဝန်ကြီးဌာနက ကြေညာချက်တစ်ရပ် ထုတ်ပြန်သည်။ 

နျူကလီးယားမူဝါဒကို အမေရိကန် ပြည်ထောင်စု ပြန်လည် ဆန်းစစ်မှုက ရုရှားနိုင်ငံကိုပါ အမျက်ဒေါသ ဖြစ်စေခဲ့သလို နှစ်နိုင်ငံအကြား အထင်မှား အမြင်မှားဖြစ်ကာ ပြဿနာများ ကြီးထွားလာစေနိုင်သည့် အန္တရာယ်ကိုလည်း ဖြစ်ပေါ်စေသည်။ 

အမေရိကန် ပြည်ထောင်စုသည် တရုတ်နှင့် ရုရှားတို့၏ စစ်အင်အားတိုးချဲ့မှုကို ပြန်လည် တစ်စခန်းထလာသော ပါဝါများဟုဖော်ပြပြီး ၎င်းတို့ကို တန်ပြန် ချိန်ခွင်လျှာညှိနိုင်မည့် အမျိုးသား ကာကွယ်ရေး မဟာဗျူဟာတစ်ရပ်ကို ယခုလဆန်းပိုင်းတွင် ထုတ်ပြန်ခဲ့သည်။ 

အမေရိကန် ပြည်ထောင်စု၏ နျူကလီးယား စွမ်းဆောင်မှုကို တိုးချဲ့ခြင်းဖြင့် ရုရှားနိုင်ငံ နျူကလီးယားလက်နက် အသုံးပြုမည့်ကိစ္စကို ဟန့်တားနိုင်လိမ့်မည်ဟု အမေရိကန် အစိုးရအရာရှိများက ဆိုသည်။ 

တရုတ်နိုင်ငံကမူ အမေရိကန် ပြည်ထောင်စုသည် တရုတ်၏ ဦးတည်ချက်များအပေါ် ဆင်ခြင်တုံတရားမဲ့သည့် ထင်မြင်မှုများ ပြုလုပ်နေကြောင်း၊ တရုတ်သည် နျူကလီးယားလက်နက်များ ထုတ်လုပ်မှုအပေါ် သတိကြီးစွာ ထိန်းချုပ်တတ်သည့် သဘောထား အမြဲထားရှိခဲ့သလို နျူကလီးယားတပ်ဖွဲ့ကိုလည်း အင်အား အနည်းဆုံး ဖြစ်အောင် ပြုလုပ်ထားကြောင်း ပြောကြားသည်။

“စစ်အေးခေတ်ကာလက အယူအဆတွေ၊ အတွေးအခေါ်တွေကို အမေရိကန် ပြည်ထောင်စုအနေနှင့် စွန့်လွှတ်လိမ့်မည်ဟု ကျွနု်ပ်တို့ မျှော်လင့်မိသည်။ ထို့အတူ တရုတ်နိုင်ငံ၏ မဟာဗျူဟာ ဦးတည်ချက်များကို မှန်မှန်ကန်ကန် နားလည်ပြီး တရုတ်အမျိုးသား ကာကွယ်ရေးနှင့် စစ်ရေး တည်ဆောက်မှုကို ဓမ္မဓိဋ္ဌာန်ကျစွာ ရှုမြင်ပေးနိုင်မည်ဟု မျှော်လင့်ပါသည်”ဟု တရုတ်ကာကွယ်ရေး ဝန်ကြီးဌာန၏ ကြေညာချက်ကဆိုသည်။

F-01