News

POST TYPE

FOREIGN AFFAIRS

ဗလက္ကာရ ပြုခံခဲ့ရသော မိန်းကလေးများ၏ ဖခင်က တရားခွင်တွင် တရားခံဆရာဝန်ကို တိုက်ခိုက်
04-Feb-2018


နယူးယောက်၊ ဖေဖော်ဝါရီ ၃

ကိုယ်ကာယဆရာဝန် လာရီနာဆာ၏ ဗလက္ကာရပြုခြင်းခံခဲ့ရသော သမီးသုံးယောက်၏ဖခင်က သောကြာနေ့ မီချီဂန်တရားရုံးတွင် အမှုစစ်ဆေး ကြားနာနေစဉ် တရားခံဆရာဝန်ကို ဒေါသတကြီး တိုက်ခိုက်ခဲ့သည်ဟု Reuters သတင်းတွင် ဖော်ပြထားသည်။

သမီးသုံးယောက်၏ဖခင် ရန်းဒေါမာဂရေ့ဗ်သည် ၎င်းနှင့် မနီးမဝေးတွင်ရှိသော တရားခံနာဆာကို တရားရုံးပရိသတ်များရှေ့မှောက်တွင် ထိုးကြိတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရဲအရာရှိများက ၎င်းကို ဝိုင်းဝန်းထိန်းချုပ်ခဲ့ရသည်။

စိတ်လှုပ်ရှားမှုကြောင့် အသိစိတ်လွတ်သွားခဲ့သည်ဟု မစ္စတာမာဂရေ့ဗ်က ရှင်းလင်းပြောကြားမှုကို တရားသူကြီးက လက်ခံလိုက်ပြီး ပြစ်ဒဏ်ပေးမည်မဟုတ်ဟု ပြောကြားခဲ့သည်။

အီတန်ကောင်တီတရားရုံးတွင် အမှုကို ဒုတိယနေ့ ကြားနာခဲ့ရာလော်ရင်းနှင့် မက်ဆီဆင် ညီအစ်မနှစ်ယောက်က မျက်ရည်တဝဲဝဲဖြင့် သက်သေထွက်ဆိုပြီးချိန်တွင် ထိုသို့ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

တရားခံနာဆာသည် ၎င်းကျူးလွန်ခဲ့သော ပြစ်မှုများအတွက် အင်ဂဟန် ကောင်တီတရားရုံးတွင် ထောင်ဒဏ် ၁၇၅ နှစ် ချမှတ်ခံရပြီးဖြစ်ရာ ယခု အီတန်ကောင်တီတရားရုံးတွင် ထပ်တိုးထောင်ဒဏ် ချမှတ်ခံရဖွယ်ရှိသည်။

တိုက်ခိုက်မှုအပြီး မိသားစုဝင်များ၊ ရှေ့နေများနှင့်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် မစ္စတာမာဂရေ့ဗ်က ၎င်း၏လုပ်ရပ်ကို တောင်းပန်ခဲ့ပြီး ထိုသို့ အသိစိတ်လွတ်သွားခဲ့ခြင်းကြောင့် နောင်တရကာ စိတ်ပျက်မိကြောင်း ပြောကြားခဲ့သည်။

မီးခိုးရောင်ဆံပင်ထူထူဖြင့် ခန္ဓာကိုယ်ထွားကျိုင်းသူ မာဂရေ့ဗ်က တရားခံ နာဆာ၏လက်တွင် ၎င်း၏သမီးများ ကြုံတွေ့ခဲ့ရသည့်ဖြစ်စဉ်အသေးစိတ်ကို ယခုသက်သေထွက်ဆိုမှုမတိုင်မီက မသိရှိခဲ့ရကြောင်းနှင့် ဖခင်တစ်ဦးအနေနှင့် သမီးများကို အကာအကွယ်ပေးရန်အတွက် ပျက်ကွက်ခဲ့မိကြောင်း ရှင်းလင်းပြောကြားသွားသည်။

တိုက်ခိုက်မှုဖြစ်ပွားပုံမှာ တရားရုံးတွင် ဇနီး၊ သမီးများနှင့်အတူထိုင်နေသော မာဂရေ့ဗ်က အလုံပိတ်အခန်းအတွင်း နာဆာနှင့် ငါးမိနစ်တွေ့ခွင့်ပေးရန် တရားသူကြီး ဂျင်းနစ်ကာနင်ဟန်ကို တောင်းဆိုခဲ့ရာတွင် တရားခံအား လူလွန်မသားဟု ခေါ်ဝေါ်ခဲ့ခြင်းအပေါ် တရားသူကြီးက ကန့်ကွက်ခဲ့ပြီး ထိုသို့တွေ့ခွင့်ပေးရန် မဖြစ်နိုင်ကြောင်း ပြောကြားခဲ့ရာ ၎င်းက တစ်မိနစ်သာတွေ့ခွင့်ပေးရန် ထပ်မံတောင်းဆိုခဲ့ရာ တရားသူကြီးက ထပ်မံငြင်းပယ်လိုက်ချိန်တွင် မားဂရေ့ဗ်က မလှမ်းမကမ်းရှိ စားပွဲတွင် ထိုင်နေသော လိမ္မော်ရောင်ဝတ်စုံဝတ် တရားခံထံလျှောက်သွားကာ ထိုးကြိတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တရားရုံးအတွင်း အံ့ဩတကြီး အော်ဟစ်သံများ ဆူညံသွားခဲ့ပြီး ရဲအရာရှိများက မားဂရေ့ဗ်ကို ဝိုင်းဝန်းချုပ်ကိုင်ကာ လှဲချပြီး လက်ထိတ်ခတ်လိုက်ကြသည်။

တရားရုံးထဲမှ ဆွဲထုတ်သွားချိန်တွင် မားဂရေ့ဗ်က တစ်မိနစ်တည်းပါဟု အကြိမ်ကြိမ် အော်ဟစ်ခဲ့ပြီး “ဟေ့ကောင်တွေ၊ မင်းတို့ရဲ့သမီးတွေ ဒီလိုဖြစ်ရင် ဘယ်လိုလုပ်ကြမှာတုံး”ဟု အော်ဟစ်ပြောဆိုခဲ့သည်။

မားဂရေ့ဗ်၏ တိုက်ခိုက်မှုသည် မိဘများ၏ နာကျင်မှုကို မီးမောင်းထိုးပြခဲ့သည်။ နောက်ဘက်ခန်းအတွင်း နာဆာက မိန်းကလေးများကို ဗလက္ကာရပြုနေချိန်တွင် အချို့မိဘများမှာ ဆရာဝန်စမ်းသပ်ခန်းအတွင်း ရှိနေခဲ့ကြသည်ဟု ဆိုသည်။ ကာမဘီလူး ဆရာဝန်ထံ ကလေးများကို ပြသမိခြင်းအတွက် အပြစ်ရှိသည်ဟုခံစားရကြောင်း မိဘများစွာက ပြောကြားခဲ့သည်။

မားဂရေ့ဗ်သည် ဆရာဝန်နာဆာ၏အကြောင်းကို ကြားသိရပြီးနောက် အိစ်လန်းဆင်းရပ်ကွက်တစ်ဝိုက်တွင် ကားပတ်မောင်းကာ ၎င်းကို လိုက်လံရှာဖွေနေခဲ့သည်ဟု ယခင်လက ကြားနာမှုတွင် သက်သေထွက်ဆိုခဲ့သူ အကြီးဆုံးသမီးမော်ဂန်က ပြောကြားသည်။

အီတန်ကောင်တီရဲဌာနကမူ မားဂရေ့ဗ်၏လုပ်ရပ်ကို ရာဇဝတ်မှုဖြင့် တရားစွဲရန် သင့်၊ မသင့်ကို လာမည့်အပတ်တွင် ဆုံးဖြတ်မည်ဟု ပြောကြားသည်။

လူမှုကွန်ရက်များတွင်မူ မားဂရေ့ဗ်ကို ဝိုင်းဝန်းထောက်ခံလျက်ရှိပြီး တရားစွဲခံရပါက ကုန်ကျမည့်အမှုစရိတ်အတွက် အွန်လိုင်းတွင် ရန်ပုံငွေစုပေးကြရာ ဒေါ်လာ ၁၈၀၀၀ ရရှိနေပြီဟု သိရှိရသည်။

လာရီနာဆာ၏အမှုကြောင့် အမေရိကန် အမျိုးသမီးကိုယ်ကာယအသင်းမှ ညှိနှိုင်းရေးတာဝန်ခံ ဗယ်လာရီလူကင် နုတ်ထွက်သွားခဲ့ရာ နုတ်ထွက်မှုကို အသင်းက လက်ခံလိုက်ပြီဟု ထုတ်ပြန်ကြေညာခဲ့သည်။

F-04