News

POST TYPE

FOREIGN AFFAIRS

ဥရောပသို့ခိုးဝင်ရန် ကြိုးပမ်းသူ ၉၀ ကျော် ပါဝင်သော လှေတစ်စင်း လစ်ဗျားကမ်းလွန်တွင် တိမ်းမှောက်
04-Feb-2018


ထရီပိုလီ၊ ဖေဖော်ဝါရီ ၂

ဥရောပသို့ခိုးဝင်ရန် ကြိုးပမ်းသူ ၉၀ ကျော် ပါဝင်သော လှေတစ်စင်း လစ်ဗျားကမ်းလွန်တွင် တိမ်းမှောက်ခဲ့ရာ လိုက်ပါသွားသူများ ရေနစ်သေဆုံးမည်ကို စိုးရိမ်ရကြောင်း ကုလသမဂ္ဂ ရွှေ့ပြောင်းအခြေချမှုဆိုင်ရာ အေဂျင်စီ၏ ထုတ်ပြန်ချက်ကို ကိုးကား၍ BBC သတင်းဌာနက ဖော်ပြထားသည်။

အသက်ရှင်ကျန်ရစ်သူ သုံးဦး၏အဆိုအရ ရေနစ်သွားသူများမှာ ပါကစ္စတန် နိုင်ငံသားများဖြစ်ပြီး လစ်ဗျားနိုင်ငံသား အချို့လည်း ပါဝင်သည်ဟု သိရသည်။

လစ်ဗျားသည် ဥရောပတောင်ပိုင်းသို့ ပင်လယ်ရေကြောင်းမှ ခိုးဝင်ရန် ကြိုးပမ်းကြသူများအတွက် အဓိက ကြားခံလမ်းကြောင်းဖြစ်သည်။

ဥရောပသမဂ္ဂဝင်နိုင်ငံများသည် ရွှေ့ပြောင်းအခြေချသူများ အရေအတွက် လျှော့ချရေးနှင့် ခိုးဝင်လာသူများရောက်လာပါက မည်သည့်နိုင်ငံက တာဝန်ယူရမည်ဆိုသော ကိစ္စကို အငြင်းပွားနေဆဲ ဖြစ်သည်။

ခိုးဝင်ရန်ကြိုးပမ်းသူများကို ကြားဖြတ်ဟန့်တားပြီး လစ်ဗျားသို့ပြန်ပို့ရန် ဥရောပသမဂ္ဂသည် ယမန်နှစ်က လစ်ဗျား ကမ်းခြေစောင့်တပ်နှင့် သဘောတူညီမှု ယူထားခဲ့သည်။

အကူအညီပေးရေး အေဂျင်စီများနှင့် ဥရောပအစိုးရများကမူ လူမဆန်သည့် ဖြေရှင်းနည်းဖြစ်သည်ဟု ဥရောပအစိုးရများကို ဝေဖန်ထားကြသည်။

ယခု လှေတိမ်းမှောက်မှုတွင် လိုက်ပါလာသူ ၉၀ ကျော်အနက် သုံးဦးသာ အသက်ရှင်လျက် ပြန်တွေ့သေးပြီး ယင်းတို့အနက်မှ နှစ်ဦးမှာ ကမ်းခြေသို့ ရေကူးလာနိုင်ခြင်းဖြစ်ကာ ကျန်တစ်ဦးကို ငါးဖမ်းလှေတစ်စင်းက ကယ်နိုင်ခဲ့ခြင်းဖြစ်သည်။

“အလောင်း ၁၀ လောင်း လစ်ဗျားကမ်းခြေကို မျောပါလာပါတယ်”ဟု အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းအခြေချမှု ဆိုင်ရာအဖွဲ့ (IOM) က ထုတ်ပြန်ခဲ့သည်။

လှေပေါ်တွင် လစ်ဗျားနိုင်ငံသားများ ပါဝင်လာခြင်းသည် ထူးခြားချက်ဖြစ်ပြီး ပုံမှန်အားဖြင့် အာဖရိက အောက်ပိုင်းနိုင်ငံများနှင့် ပါကစ္စတန်သားများသာ ယင်း လမ်းကြောင်းမှ ဥရောပသို့ ထွက်ခွာနိုင်ရန် ကြိုးပမ်းကြခြင်းဖြစ်သည်။ 

F-03


  • VIA