News

POST TYPE

FOREIGN AFFAIRS

မြောက်ကိုရီးယားက ဆီးရီးယားနှင့်မြန်မာသို့ လက်နက်များတင်ပို့ခဲ့ဟု ကုလသမဂ္ဂအစီရင်ခံစာဖော်ပြ
04-Feb-2018


ဝါရှင်တန်၊ ဖေဖော်ဝါရီ ၃

မြောက်ကိုရီးယားသည် ကုလသမဂ္ဂ အရေးယူပိတ်ဆို့မှုများကို ချိုးဖောက်ပြီး ၂၀၁၇ ခုနှစ်အတွင်း ပိတ်ပင်ထားသော ပို့ကုန်များတင်ပို့မှုမှ ဒေါ်လာသန်း ၂၀၀ နီးပါးရရှိခဲ့ကာ ဆီးရီးယားနှင့်မြန်မာသို့ လက်နက်များတင်ပို့ခဲ့ကြောင်း လွတ်လပ်သော ကုလသမဂ္ဂစောင့်ကြည့်အဖွဲ့များ၏ လျှို့ဝှက်အစီရင်ခံစာကို ကိုးကားပြီး Reuters သတင်းဌာနက ဖော်ပြသည်။

ကုသလမဂ္ဂ အရေးယူပိတ်ဆို့မှုများဆိုင်ရာ ကော်မတီထံပေးပို့သော အဆိုပါ အစီရင်ခံစာကို Reuters သတင်းဌာနက ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ကြည့်ရှုခွင့်ရခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ 

မြောက်ကိုရီးယားသည် ရုရှား၊ တရုတ်၊ တောင်ကိုရီးယား၊ ဗီယက်နမ်၊ မလေးရှားတို့ အပါအဝင် နိုင်ငံအချို့၏ ဆိပ်ကမ်းများသို့ ကျောက်မီးသွေးတင်ပို့ခဲ့ကာ အဓိကအားဖြင့် စာရွက်စာတမ်း အတုလုပ်ကာ တင်ပို့ခဲ့ခြင်းဖြစ်ပြီး ကုန်စည်မူလဇာစ်မြစ်ကို မြောက်ကိုရီးယားအစား ရုရှား သို့မဟုတ် တရုတ်နာမည်သုံးစွဲခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

အဖွဲ့ဝင် ၁၅ နိုင်ငံပါ လုံခြုံရေးကောင်စီသည် ၂၀၀၆ ခုနှစ်ကတည်းက အရေးယူပိတ်ဆို့မှုများ တိုးမြှင့်ပြီး မြောက်ကိုရီးယား၏ နျူကလီးယားနှင့်ပဲ့ထိန်းဒုံးကျည် စီမံကိန်းကို ထိန်းချုပ်ရန်ကြိုးပမ်း ခဲ့သည်။ အရေးယူမှုများထဲတွင် ကျောက်မီးသွေး၊ သံ၊ ခဲ၊ ချည်ထည်၊ ပင်လယ်စာ တင်ပို့မှုများ ပိတ်ပင်ခြင်းပါဝင်သလို ရေနံစိမ်းနှင့်သန့်စင်ပြီး ရေနံထွက်ကုန်များ တင်သွင်းခြင်းကိုလည်း ကန့်သတ်ပိတ်ပင်ခဲ့သည်။

“မြောက်ကိုရီးယားသည် နိုင်ငံခြားသားများ၊ ပြည်ပမှ အမည်ခံကုမ္ပဏီများနှင့် နိုင်ငံတကာဘဏ်စနစ်ကို အလွဲအသုံးချပြီး ကမ္ဘာ့ရေနံ ထောက်ပံ့ကွင်းဆက်ကို အသုံးချပြီး မကြာသေးမီက ချမှတ်ခဲ့သော အရေးယူပိတ်ဆို့မှုများကို ရှောင်လွှဲလျက်ရှိသည်”ဟု စာမျက်နှာ ၂၁၃ မျက်နှာပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ကုလသမဂ္ဂ အစီရင်ခံစာနှင့်ပတ်သက်ပြီး မှတ်ချက်ပေးရန် ကုလသမဂ္ဂဆိုင်ရာ မြောက်ကိုရီးယား သံကိုယ်စားလှယ်အဖွဲ့ကို မေးမြန်းထားမှုမှာမူ တုံ့ပြန်မှု မရရှိသေးပေ။

ကုလသမဂ္ဂ စောင့်ကြည့်အဖွဲ့များသည် ဆီးရီးယားနှင့် မြန်မာနိုင်ငံအကြား ပဲ့ထိန်းဒုံးကျည်အရေး ပူးပေါင်းဆောင်ရွက်မှုများကိုလည်း စုံစမ်းစစ်ဆေးခဲ့ပြီး ယခင်က မှတ်တမ်းတင်ထားခြင်း မရှိသော ဆီးရီးယား၏ ဓာတုလက်နက်စီမံကိန်းကို ကွပ်ကဲရသော သိပ္ပံလေ့လာရေးနှင့် သုတေသနစင်တာသို့ မြောက်ကိုရီးယားက ၂၀၁၂ မှ ၂၀၁၇ အတွင်း ပေးပို့မှုအကြိမ်ရေ ၄၀ ကျော်ကိုပါ လေ့လာခဲ့သည်ဟု ဆိုသည်။

စုံစမ်းစစ်ဆေးမှုတွင် လက်နက်ရောင်းချမှု ပိတ်ပင်ထားမှုအပေါ် ချိုးဖောက်မှုများကိုပါ တွေ့ခဲ့ရသည်ဟု ဆိုသည်။ ဆီးရီးယားသို့ မြောက်ကိုရီးယားမှတင်ပို့သည့် ကုန်သေတ္တာများကိုလည်း အမည်မဖော်ပြထားသည့် ကြားနိုင်ငံများ၏ အကူအညီဖြင့် ကြားဖြတ်ဟန့်တား စစ်ဆေးနိုင်ခဲ့သည်ဟု ဆိုသည်။

သိမ်းဆည်းရမိသည့် ပစ္စည်းအချို့မှာ ဓာတုစက်ရုံ၏ အတွင်းနံရံအတွက် အုတ်များတည်ရာတွင်သုံးသည့် ပစ္စည်းများဖြစ်သည်ကို တွေ့ရှိခဲ့သည်ဟု ဆိုသည်။

ဆီးရီးယားသည် ၂၀၁၃ တွင် ဓာတုလက်နက်များကို ဖျက်သိမ်းရန် သဘောတူခဲ့သည်။ သို့သော်လည်း ဓာတုလက်နက် ထုတ်လုပ်နိုင်စွမ်းကို ဆက်လက်ထိန်းသိမ်းထားသည် သို့မဟုတ် ဆက်လက်ထုတ်လုပ်နေသည်ဟု သံတမန်များနှင့် လက်နက်စုံစမ်းစစ်ဆေးသူများက သံသယရှိနေကြသည်။

မြန်မာနိုင်ငံသည် မြောက်ကိုရီးယားမှ ပဲ့ထိန်းဒုံးကျည်စနစ်များနှင့် ရော့ကတ်အများအပြား ပစ်လွှတ်နိုင်သော လောင်ချာများ၊ မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်များအပါအဝင် သမားရိုးကျလက်နက်များကို လက်ခံရရှိခဲ့ကြောင်း၊ နိုင်ငံတစ်နိုင်ငံတွင် အထောက်အထားများ ရှိနေကြောင်းလည်း အစီရင်ခံစာတွင် ဖော်ပြထားပြီး မည်သည့်နိုင်ငံဆိုသည်ကိုမူ မဖော်ပြထားပေ။

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဟောက်ဒိုစွမ်းကမူ မြန်မာအစိုးရသည် မြောက်ကိုရီးယားနှင့် မည်သည့်ဆောင်ရွက်ဆဲ လက်နက်ဆက်ဆံရေးမျိုးမှ မရှိတော့ကြောင်း ဖြေကြားခဲ့ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်များကို လိုက်နာလျက်ရှိကြောင်း Reuters သို့ ပြောကြားခဲ့သည်။  

F-03


  • VIA