News

POST TYPE

FOREIGN AFFAIRS

အမေရိကန် ကိုယ်ကာယဆရာဝန် လာရီနာဆာ မိန်းကလေး ၂၆၅ ဦးကို လိင်စော်ကားမှု ကျူးလွန်
02-Feb-2018


ဝါရှင်တန်၊ ဖေဖော်ဝါရီ ၁ 

အမေရိကန် ကိုယ်ကာယဆရာဝန် လာရီနာဆာ၏ လိင်စော်ကားမှုကျူးလွန်ခံရသော မိန်းကလေးအရေအတွက်သည် ၂၆၅ ဦးအထိ တိုးလာကြောင်း မီချီဂန် တရားရုံးက ပြောကြားသည်။

တရားစီရင်မှု သုံးကြိမ်အနက် နောက်ဆုံးကြားနာမှုတွင် တရားခံနာဆာ ၅၄ နှစ်ကို နစ်နာသူ ၆၅ ဦးက တရားရင်ဆိုင်ကြရန် ယခုအပတ် တရားရုံးတွင် စီစဉ်ထားသည်ဟု အစိုးရရှေ့နေများက ပြောကြားသည်။

၎င်းက ဗလက္ကာရ ပြုခဲ့သည်ဟု မိန်းကလေး ၁၆၀ နီးပါးက ထွက်ဆိုခဲ့ကြပြီးနောက် လာရီနာဆာအား ထောင်ဒဏ် နှစ် ၄၀ မှ ၁၇၀ အထိ ချမှတ်ထားပြီးဖြစ်သည်။

၎င်းကြောင့် နစ်နာသူများထဲတွင် အိုလံပစ်ရွှေတံဆိပ်ဆုရှင် အယ်လီရေးစမန်းနှင့် ဂျော်ဒင်းဝိုင်ဘာတို့လည်း ပါဝင်သည်။

တရားခံနာဆာသည် ကလေးသူငယ် လိင်ညှဉ်းပန်းမှုဓာတ်ပုံများ လက်ဝယ်ပိုင်ဆိုင်မှုဖြင့် ထောင်ဒဏ် နှစ် ၆၀ ကျခံနေရပြီးဖြစ်သည်။

မီချီဂန်ပြည်နယ် ဒီမွန်ဒေးလ်ရှိ ကာယလေ့ကျင့်ရေးကလပ်၏ နောက်ဘက်ခန်းတွင် လူနာများကို ဗလက္ကာရလုပ်ခဲ့ခြင်းကြောင့် ပြစ်ဒဏ်စီရင်ရန် လက်ရှိကြားနာမှုတွင် စစ်ဆေးနေခြင်းဖြစ်သည်။

မီချီဂန်တက္ကသိုလ်မှ ဆရာဝန်သည် ဆေးကုသမှုပေးရမည့် မိန်းကလေးများကို ရာဇဝတ်မှုမြောက်သော လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုပြုလုပ်ခဲ့မှုအတွက် အပြစ်ရှိကြောင်း နိုဝင်ဘာလတရားစစ်ဆေးမှုတွင် ဝန်ခံလျှောက်လဲခဲ့သည်။

လိင်စော်ကားခံရသော နစ်နာသူများအနက် တစ်ဦးမှာ ၁၃ နှစ်ပင် မပြည့်သေးသူဖြစ်ပြီး အခြားနှစ်ဦးမှာအသက် ၁၅ နှစ်၊ ၁၆ နှစ်အရွယ် ဖြစ်သည်။

မီချီဂန် ချားလော့တရားရုံးမှ တရားသူကြီး ဂျင်းနစ်ကာနင်ဟန်က “နစ်နာသူ ၂၆၅ ဦးအထိ ရှိတယ်လို့ စိစစ်တွေ့ရှိရပါတယ်။ ကမ္ဘာပေါ်မှာ၊ ဒီတိုင်းပြည်မှာ၊ ဒီပြည်နယ်မှာများပြားလွန်းတဲ့ အရေအတွက်ပါပဲ”ဟု ဗုဒ္ဓဟူးနေ့က ပြောကြားသည်။

“တိုက်ရိုက်ထုတ်လွှင့်မှုနဲ့ twitter ကနေ ပြောဆိုခွင့်ရှိတဲ့အတွက် သက်သေထွက်ဆိုမှု လုပ်ငန်းစဉ်မှာ အားလုံးပါဝင်နိုင်ကြမှာပါ”ဟု တရားသူကြီးက ပြောကြားသည်။

နစ်နာသူအသက် ၁၇ နှစ်အရွယ် ဂျက်ဆီကာက “လာရီနာဆာဟာ ထိခိုက် ကျိုးပဲ့နေတဲ့ မိန်းကလေးတွေကိုသူ့ရဲ့ တဏှာရာဂအတွက် စတေးပစ်ခဲ့ပါတယ်။ အဆိုးဆုံးရာဇဝတ်ကောင် မကောင်းဆိုးဝါးပါပဲ”ဟု တရားရုံးတွင် ထွက်ဆိုသည်။

ယခုနောက်ဆုံး တရားစီရင်မှုတွင် နာဆာ၏ လက်ရှိထောင်ဒဏ်အပေါ် နောက်ထပ် ၂၅ နှစ်မှ နှစ် ၄၀ အထိ ထပ်မံချမှတ်မည်ဟု မျှော်လင့်ရသည်။

ယခုကြားနာမှုတွင် သက်သေထွက်ဆိုမည့် နစ်နာသူများ တန်းစီနေသောကြောင့် သုံးရက်တိုင်တိုင် ကြားနာရန် စီစဉ်ခဲ့ရသည်။

နာဆာကိစ္စ အရှုပ်အထွေးကြောင့် အမေရိကန်ကိုယ်ကာယအသင်းချုပ်မှ ဒါရိုက်တာများအားလုံး နုတ်ထွက်ကြမည်ဖြစ်သည်။ 

ကိုယ်ကာယအသင်း ဘုတ်အဖွဲ့ဝင်များအားလုံး နုတ်ထွက်ကြရန်နှင့် သို့မဟုတ်ပါက အသင်း၏ စီမံအုပ်ချုပ်ခွင့်အာဏာဆုံးရှုံးမှုကို ရင်ဆိုင်ရလိမ့်မည်ဟု အမေရိကန်အိုလံပစ်ကော်မတီက သတိပေးထားသည်။

နစ်နာသူ ၁၄၀ ခန့်က အမေရိကန် ကိုယ်ကာယအသင်း Amarican Gymnastics နှင့် မီချီဂန်တက္ကသိုလ် MSU တို့ထံမှ နစ်နာကြေးရရှိရန် တောင်းဆိုထားကြသည်။ 

ထိုအသင်းအဖွဲ့များသည် စွပ်စွဲချက်များကို လျစ်လျူရှုခဲ့ကြသည်ဟု ၎င်းတို့က တင်ပြထားသည်။

မီချီဂန်ပြည်နယ် ရှေ့နေချုပ်ကမီချီဂန် တက္ကသိုလ်ကို စုံစမ်းစစ်ဆေးမှု စတင်ပြုလုပ်နေပြီဖြစ်သည်။

တက္ကသိုလ် အဓိပတိနှင့် အားကစားတာဝန်ရှိသူများမှာမူ နာဆာ၏အမှု ထွက်ပေါ်လာပြီးနောက် နုတ်ထွက်သွားကြပြီဖြစ်သည်။

မီချီဂန်တက္ကသိုလ်ဘုတ်အဖွဲ့က ယာယီအဓိပတိအဖြစ် အုပ်ချုပ်ရေးမှူးဟောင်း ဂျွန်အင်ဂလာကို ခန့်အပ်ခဲ့ပြီးနောက် ကျောင်းသားများနှင့် တက္ကသိုလ်ဝန်ထမ်းများက ထိုသို့ အသိမပေးပဲ အစားထိုးခန့်အပ်မှုကို ကန့်ကွက်သည့် ဆန္ဒပြမှုများ ပေါ်ပေါက်လာခဲ့သည်။

လာရီနာဆာအမှုတွင် နစ်နာသူအများစုမှာ အမေရိကန် ကိုယ်ကာယအသင်း၏ တက်ဆပ်လေ့ကျင့်ရေးစခန်းတွင် စော်ကားခံခဲ့ရခြင်းဖြစ်သည်။

F-04