News

POST TYPE

FOREIGN AFFAIRS

ဂျပန်တွင် လူမှုဖူလုံရေးဂေဟာတစ်ခု မီးလောင်၊ နေထိုင်သူ ၁၁ ဦး သေဆုံး
01-Feb-2018

တိုကျို၊ ဖေဖော်ဝါရီ ၁ 

ဂျပန်နိုင်ငံ မြောက်ပိုင်းဒေသ ဆပ်ပိုရိုမြို့ရှိ ငွေကြေး ခက်ခဲသူများနေထိုင်ရာ လူမှုဖူလုံရေး ဂေဟာတစ်ခုတွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ လူပေါင်း ၁၁ ဦးသေဆုံးသွားကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။ 

ဂျပန်အများပိုင် မီဒီယာတစ်ခုဖြစ်သော NHK ၏ ထုတ်လွှင့်တင်ဆက်မှု အစီအစဉ်တွင် ဗုဒ္ဓဟူးနေ့ညပိုင်းက အဆိုပါဂေဟာမှ မီးလုံးကြီးများနှင့် မီးခိုးများ ထွက်နေသည်ကို ရိုက်ကူးပြသခဲ့သည်။ 

အဆိုပါနေအိမ်တွင် လူ ၁၆ ဦး နေထိုင်လျက်ရှိရာ မီးလောင်ကျွမ်းမှု ဖြစ်ပေါ်စဉ် မီးသတ်သမားများက ငါးဦး ကိုသာ ကယ်ထုတ်နိုင်ခဲ့သည်။ 

NHK ၏ဖော်ပြချက်အရ အဆိုပါ လူမှုဖူလုံရေးဂေဟာကို အလုပ်အကိုင်နှင့် နေထိုင်စရာ ရှာဖွေပေးသည့် လူမှုဖူလုံရေး အဖွဲ့တစ်ဖွဲ့က စီမံခန့်ခွဲပေးခဲ့သည်။ 

အာဏာပိုင်များကမူ မီးလောင်ကျွမ်းမှု ဖြစ်ပွားရသည့် အကြောင်းအရင်းကို စတင် စုံစမ်းစစ်ဆေးလျက် ရှိသည်။ 

ဂျပန်မီးသတ်ဌာနမှ တာဝန်ရှိသူများက မီးလောင်ကျွမ်းသွားသော ယင်းဂေဟာတွင် နေထိုင်သူများမှာ အသက် ၄၀ မှ ၈၀ ကျော်အကြားတွင် ရှိသူများဖြစ်သည်ဟု ဆိုသည်။ လက်ရှိအနေအထား တွင် ဒဏ်ရာရရှိသွားသူ သုံးဦးရှိပြီး ၎င်းတို့သည် ဆေးရုံတွင် ကုသမှုခံယူလျက်ရှိကြောင်း၊ သို့သော် အသက်အန္တရာယ် စိုးရိမ်စရာမရှိကြောင်း ၎င်းတို့ကဆိုသည်။ 

မီးလောင်သွားသော ဂေဟာသည် သုံးထပ်အဆောက်အအုံဖြစ်ပြီး ယခင်က တည်းခိုခန်းတစ်ခုဖြစ်ခဲ့ကြောင်း၊ အိုဟောင်းနေသောကြောင့် မီးလောင်ကျွမ်းပါက အလိုအလျောက် ရေဖျန်းသည့် စနစ်များမပါရှိကြောင်း ဂျပန်အာဏာပိုင်များက ပြောကြားသည်။ 

အဆိုပါဂေဟာကို စီမံခန့်ခွဲနေသည့် အဖွဲ့အစည်းမှ အကြီးအကဲဖြစ်သူ နိုရီယို ရှီဖူဂျီမိုတိုက ယင်းဂေဟာတွင် အလိုအလျောက် ရေဖျန်းသည့်စနစ်များ မတပ်ဆင်ထားသည့်အတွက် လွန်စွာနောင်တရမိသည်ဟု Fuji News သို့ ပြောကြားသည်။ 

သက်ကြီးရွယ်အို အများစုနေထိုင်ရာ အဆိုပါ ဆပ်ပိုရိုမြို့တွင် ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ်အတွင်းက သက်ကြီးဂေဟာတစ်ခု မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ လူ ခုနစ်ဦး သေဆုံးခဲ့သည်။  

F-01