News

POST TYPE

FOREIGN AFFAIRS

တရုတ်ခရီးစဉ်အစတွင် ပညာရေးကဏ္ဍ သဘောတူညီမှုများကို ထရီဇာမေကြေညာ
01-Feb-2018


လန်ဒန်၊ ဇန်နဝါရီ ၃၁ 

ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေသည် ဘရိတ်ဇစ်အပြီး ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများကို မြှင့်တင်ရန်အတွက် တရုတ်နိုင်ငံသို့ သုံးရက်ခရီးစဉ် ရောက်ရှိနေပြီး ပညာရေးကဏ္ဍ သဘောတူချိတ်ဆက်မှု အသစ်များကို ကြေညာလိုက်သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။

သဘောတူညီမှုအသစ်များတွင် သင်္ချာဘာသာရပ်သင် ဆရာများ ဖလှယ်သည့်အစီအစဉ် တိုးချဲ့ရေးနှင့် တရုတ်တွင် အင်္ဂလိပ်ဘာသာ စကားသင်ကြားမှု မြှင့်တင်ရေးတို့ပါဝင်သည်။

ဝန်ကြီးချုပ်က သူမ၏ ခရီးစဉ်သည် ဗြိတိန်တရုတ်ဆက်ဆံရေး ရွှေရောင်ခေတ်ကို အရောင်တင်ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။ 

သို့ရာတွင် တရုတ်နိုင်ငံသည် လွတ်လပ်မျှတသော ကုန်သွယ်ရေးကျင့်ထုံးများကို စွဲကိုင်ရန် လိုသည်ဟု သူမက ပြောဆိုသည်။

တရုတ်ခရီးစဉ် မစမီ သူမက လန်ဒန်နှင့်ဘေဂျင်းသည် ကိစ္စရပ်အချို့တွင် အမြင်ချင်းမတူခဲ့ကြကြောင်း ဝန်ခံပြောဆိုခဲ့ပြီး ယူကေဘက်က စိုးရိမ်နေသော သံမဏိအလွန်အကျွံ ထုတ်လုပ်မှုကိစ္စနှင့် အသိပညာမူပိုင်ခွင့် ချိုးဖောက်မှုကိစ္စများကို ထုတ်ဖော်ဆွေးနွေးမည်ဟု ကတိပြုခဲ့သည်။

ဆွေးနွေးဖွယ်ရှိသော အခြားကိစ္စများတွင် မြောက်ကိုရီးယားအရေး၊ ရာသီဥတု ပြောင်းလဲမှုအရေးတို့ပါဝင်ပြီး ဟောင်ကောင်မှ လူ့အခွင့်အရေး ချိုးဖောက်မှုကိစ္စ ပါဝင်မလားဆိုသည်ကိုမူ သဲကွဲစွာ မသိရပေ။

ဝန်ကြီးချုပ်ထရီဇာမေသည် အဖွဲ့ဝင် ၅၀ ပါ ကုန်သွယ်ရေး ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ရောက်ရှိလာခြင်းဖြစ်ပြီး BP နှင့် Jaguar Land Rover ကဲ့သို့ ကုမ္ပဏီကြီးများ၊ ကုမ္ပဏီလေးများနှင့် မန်ချက်စတာ၊ လီဗာပူးစသော တက္ကသိုလ်များ ပါဝင်သည်။

ထရီဇာမေသည် ကမ္ဘာတစ်ဝန်းမှ ကျောင်းသားများ အများဆုံးစုဝေးရာ တရုတ်အလယ်ပိုင်း ဝူဟန်တွင် ပထမဆုံး ဝင်ရောက်ရပ်နားမည်ဖြစ်သည်။

ပညာရေးကဏ္ဍ သဘောတူ စာချုပ်များသည် ပေါင်စတာလင် သန်း ၅၅၀ ခန့် တန်ဖိုးရှိပြီး ယူကေတွင် အလုပ်အစ်ကိုင် ၈၀၀ ခန့် ဖန်တီးပေးနိုင်မည်ဟု ဆိုသည်။

ထရီဇာမေသည် သုံးရက်ခရီးစဉ်အတွင်း ဘရိတ်ဇစ်အလွန် ကုန်သွယ်ရေးစာချုပ်များ ချုပ်ဆိုရေးထက် ရှိပြီးသား ကုန်သွယ်ရေးလုပ်ဆောင်မှုများ တိုးချဲ့ရေးကို အာရုံစိုက်မည်ဟု မျှော်လင့်ရသည်။ 

သူမ၏ အစီအစဉ်များသည် ခရီးတစ်ခေါက်တည်းနှင့် မပြီးနိုင်သော်လည်း လာမည့်နှစ်များအတွက် အကျိုးတူ ရည်မှန်းချက်ဖြစ်ရမည်ဟု ဗြိတိန်ဝန်ကြီးချုပ်က ဆိုသည်။

ခရီးစဉ် မတိုင်မီ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်သော ကြေညာချက်တွင် မစ္စမေ၏ ခရီးစဉ်သည် တရုတ် ယူကေ ကမ္ဘာ့အဆင့် မဟာဗျူဟာမြောက် လက်တွဲဆောင်ရွက်မှုအသစ် ဖြစ်ပေါ်ရရှိမည့် အခွင့်အလမ်းဟု ဘေဂျင်းက ရှုမြင်ကြောင်းဖော်ပြခဲ့သည်။

ယူကေသည် အနောက်အုပ်စုတွင် တရုတ်၏ အရင်းနှီးဆုံး လက်တွဲဖော်ဖြစ်လိုသည့် ရည်မှန်းချက် အောင်မြင်နိုင်သလားဟု မေးမြန်းသောအခါ ပူးပေါင်းဆောင်ရွက်မှုများသည် အမြဲတစေအောင် မြင်လေ့ရှိကြောင်းနှင့် အရင်းနှီးဆုံး လက်တွဲဖော်များ ဖြစ်လာမလားဆိုသောအချက်မှာ ဝန်ကြီးချုပ်မေ၏ ယခုခရီးစဉ်အပေါ် စောင့်ကြည့်ရမှာဖြစ်ကြောင်း အဆိုပါ ပြောရေးဆိုခွင့်ရှိသူက မှတ်ချက်ပေးသည်။

လက်ရှိနှစ်များအတွင်း နှစ်နိုင်ငံစလုံးက ဆက်ဆံရေး ရွှေရောင်ခေတ်အဖြစ် တင်စားနေကြသည်။

တရုတ်နိုင်ငံက ဗြိတိန်ရှိဟင်ကလေ နျူကလီးယား ဓာတ်အားပေးစက်ရုံသစ်တွင် ရင်းနှီးမြှုပ်နှံရန် ဆန္ဒရှိကြောင်း ထုတ်ဖော်ပြသထားသော်လည်း ဗြိတိန်တွင် အမျိုးသားလုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လျက်ရှိသည်။

ဗြိတိန်-တရုတ် ကုန်သွယ်ရေးသည် ၂၀၁၀ နောက်ပိုင်းတွင် ၆၀ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး လာမည့်နှစ်တွင် အီးယူမှနုတ်ထွက်ပြီးနောက် ဗြိတိန်သည် စီးပွားရေးလုပ်ရန် အကောင်းဆုံးနေရာ ဖြစ်နေဆဲဖြစ်ကြောင်းကို ယူကေဝန်ကြီးများက ယခုခရီးစဉ်တွင် ပြသကြမည်ဟု မျှော်လင့်ရသည်။

သို့ရာတွင် ဗြိတိသျှကိုလိုနီဖြစ်သော ဟောင်ကောင်တွင် နောက်ဆုံး ဗြိတိသျှအုပ်ချုပ်ရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သူ လော့ဒ်ပက်တန်က လက်ရှိနှစ်များအတွင်း ဟောင်ကောင်တွင် လွတ်လပ်ခွင့်နှင့် လူ့အခွင့်အရေးများ တိုက်စားလျော့ပါးလာခြင်းကို ယခုခရီးစဉ်တွင် သီးသန့်ဆွေးနွေးရန် ဝန်ကြီးချုပ်မေကို တိုက်တွန်းထားသည်ဟု သိရှိရသည်။

ဝန်ကြီးချုပ်ထံ လော့ဒ်ပက်တန်နှင့် လစ်ဘရယ် ဒီမိုကရေစီခေါင်းဆောင်း လော့ဒ်အက်ရှ်ဒေါင်းတို့၏ ပေးစာတွင် “ယခုအချိန်တွင် ဗြိတိန်က ဟောင်ကောင် ပြည်သူများအတွက် စောင့်ထိန်းရမည့် ဝတ္တရားများကိုရင်းကာ ကုန်သွယ်ရေး သဘောတူစာချုပ်များ ထွက်ပေါ်လာမည်မဟုတ်ကြောင်း အာမခံချက်ကို ဟောင်ကောင်ပြည်သူများက လိုအပ်နေသည်”ဟု ဖော်ပြထားသည်။ 

F-04


  • VIA