News

POST TYPE

FOREIGN AFFAIRS

အိန္ဒိယတွင် ရှစ်လသမီးအရွယ် ကလေးငယ် မုဒိမ်းကျင့်ခံရပြီးနောက် ပြည်သူများ အမျက်ထွက်ပေါက်ကွဲ
01-Feb-2018
ဒေလီ၊ ဇန်နဝါရီ ၃၁

အိန္ဒိယနိုင်ငံ နယူးဒေလီတွင် ရှစ်လသမီးအရွယ် ကလေးငယ်ကို သူမ၏ အစ်ကိုဝမ်းကွဲက မုဒိမ်းကျင့်ခဲ့သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။

ကလေးငယ်သည် တနင်္ဂနွေနေ့က ဆေးရုံသို့ ရောက်ရှိလာခဲ့ပြီး စိုးရိမ်ရသော အခြေအနေတွင်ရှိသည်ဟု ရဲများကပြောကြားသည်။ တရားခံဖြစ်သူ ၂၈ နှစ်အရွယ် အစ်ကိုဝမ်းကွဲကိုလည်း ရဲများကဖမ်းဆီးထားသည်။

တနင်္ဂနွေနေ့က ဖြစ်ပွားခဲ့သော ဖြစ်ရပ်ကို တနင်္လာနေ့တွင် ပြည်တွင်းမီဒီယာများက ဖော်ပြသောအခါမှ သိရှိကြရခြင်းဖြစ်သည်။

အဆိုပါ စိတ်ပျက်စရာကောင်းသော အမှုသည် အိန္ဒိယတစ်နိုင်ငံလုံးကို တုန်လှုပ်သွားစေခဲ့ပြီး ကလေးငယ်၏ ဒဏ်ရာရရှိမှု အတိုင်းအတာက လူအများကို ကြောက်လန့်သွားစေသည်။ အိန္ဒိယပြည်သူများသည် နိမ့်ကျသောခေတ်တစ်ခုသို့ ရောက်နေသလားဟူသော တွေးတောမှုများကိုလည်း ဖြစ်ပေါ်လာစေသည်။

အစိုးရကထုတ်ပြန်သော ကိန်းဂဏန်းများအရ ထိုကဲ့သို့အမှုများသည် မများသေးသော်လည်း အရေအတွက် မြန်ဆန်စွာ တိုးနေသည်ကို စိုးရိမ်ဖွယ်တွေ့ရှိရသည်။ ကလေးသူငယ်မုဒိမ်းမှုသည် ၂၀၁၅ တွင် ၁၀၈၅၄ မှုသာရှိရာမှ ၂၀၁၆ တွင် ၈၂ ရာခိုင်နှုန်းတိုးကာ ၁၉၇၆၄ မှု ရှိလာခဲ့သည်။

အိန္ဒိယတွင် လွန်ခဲ့သော ၂ နှစ်က မိခင်နံဘေးတွင် အိပ်နေသော ၁၁ လ သမီးအရွယ် ကလေးငယ်ကို အိမ်နီးချင်းတစ်ဦးက ခိုးယူသွားကာ ၂ နာရီကြာ မုဒိမ်းကျင့်မှုဖြစ်ပွားခဲ့သည်။ ၂၀၁၅ နိုဝင်ဘာလကလည်း တောင်ပိုင်းဟိုက်ဒရာဘတ်မြို့တွင် သုံးလသမီးအရွယ် ကလေးငယ်ကိုခိုးယူကာ မုဒိမ်းကျင့်မှုဖြစ်ပွားခဲ့သည်။

ကလေးငယ်ကို သွားရောက်ကြည့်ရှုခဲ့သော ဒေလီအမျိုးသမီးကော်မရှင် ဥက္ကဋ္ဌ ဆွာတီမာလီဝါက ကလေး၏ဒဏ်ရာများမှာ ကြောက်မက်ဖွယ်ဖြစ်ပြီး သုံးနာရီကြာ ခွဲစိတ်ကုသခဲ့ရသည်ဟု ပြောကြားသည်။ “အရေးပေါ်ကုသဆောင်မှာ ကလေးက အသည်းခိုက်အောင်နာလို့ အော်ငိုနေသံကို ကြားခဲ့ရတယ်။ အတွင်းကလီစာတွေ ဆိုးဆိုးဝါးဝါးထိခိုက်သွားတယ်”ဟု သူမက ပြောကြားသည်။ 

“ဘယ်လိုလုပ်ကြမလဲ။ ဒေလီမှာ ရှစ်လသမီးအရွယ်လေး မုဒိမ်းကျင့်ခံရတာကို တစ်မြို့လုံး အိပ်နေကြဦးမှာလား။ ဒါ ကံကြမ္မာပဲဆိုပြီးတော့ မျက်စိမှိတ် လက်ခံလိုက်ကြတော့မှာလား”ဟု မာလီဝါက twitter တွင် နှိုးဆော်ထားသည်။

ထို့ပြင် အိန္ဒိယတွင် မိန်းကလေးများကို အကာအကွယ်ပေးရန် ပိုမိုတင်းကျပ်သော ဥပဒေများနှင့် ရဲတပ်ဖွဲ့ရင်းမြစ်များ လိုအပ်နေသည်ဟု twitter တွင် မာလီဝါက ဝန်ကြီးချုပ်မိုဒီထံ တိုက်ရိုက် မေတ္တာရပ်ခံလိုက်သည်။

အိန္ဒိယတွင် ၂၀၁၂ ခုနှစ်က ဘတ်စ်ကားတစ်စီးပေါ်တွင် ကျောင်းသူတစ်ဦးကို အုပ်စုဖွဲ့ မုဒိမ်းကျင့်သတ်ဖြတ်မှု ဖြစ်ပွားခဲ့ပြီးနောက် တစ်နိုင်ငံလုံး ဆန္ဒပြမှုများ ပေါ်ပေါက်လာခဲ့ရာ အစိုးရက သေဒဏ်ပေးခြင်း အပါအဝင် တင်းကျပ်သော မုဒိမ်းမှုတိုက်ဖျက်ရေး ဥပဒေများကို ပြဋ္ဌာန်းကျင့်သုံးလာခဲ့သည်။

သို့သော်အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် ရက်စက်သော လိင်အကြမ်းဖက်မှုများ နိုင်ငံတစ်လွှားတွင် ဆက်လက်ဖြစ်ပွားလျက်ရှိသည်။

သို့ရာတွင် အားတက်စရာကောင်းသော အချက်မှာ အမျိုးသမီးများက ၎င်းတို့ ၏ တိုက်ပွဲဝင်မှုကို လက်လျှော့ရန် ငြင်းဆန်နေခြင်းပင်ဖြစ်သည်ဟု ဘီဘီစီသတင်းထောက်က မှတ်ချက်ပေးသည်။ 

F-04


  • VIA