News

POST TYPE

FOREIGN AFFAIRS

နိုင်ငံတော်အခြေပြမိန့်ခွန်းတွင် အမေရိကအတွက် အားလုံးပူးပေါင်းကြရန် ဒေါ်နယ်ထရမ့်တိုက်တွန်း၊ မြောက်ကိုရီးယား၏ အန္တရာယ်ကို အထူးသတိပေး
01-Feb-2018


ဝါရှင်တန်၊ ဇန်နဝါရီ ၃၁

သမ္မတဒေါ်နယ်ထရမ့်က နိုင်ငံတော်အခြေပြ မိန့်ခွန်း (State of the Union Speech) ပြောကြားရာတွင် အမေရိကန် ခေတ်ကာလသစ်တစ်ခု ရောက်ရှိပြီဖြစ်သည်ဟု ဆိုပြီး ပိုမိုခိုင်မာတောင့်တင်းသည့် အမေရိကန်ပြည်ထောင်စု ဖြစ်လာရေးအတွက် လက်တွဲပြီး အလုပ်လုပ်ကြရန် ပြိုင်ဘက် နိုင်ငံရေးအင်အားစုများဖြစ်သည့် ဒီမိုကရက်များကို တိုက်တွန်းလိုက်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြထားသည်။

တစ်နှစ်နီးပါးကြာမျှ သမ္မတသက်တမ်းအတွင်း ပထမဆုံးအကြိမ်အဖြစ် ပြောကြားသော အဆိုပါ နိုင်ငံတော်အခြေပြ မိန့်ခွန်းတွင် ဒေါ်နယ်ထရမ့်က မြောက်ကိုရီးယား၏ နျူကလီးယားခြိမ်းခြောက်မှုကိုလည်း အရေးတကြီးကိစ္စအဖြစ် ထည့်သွင်းပြောဆိုသလို လူဝင်မှုကြီးကြပ်ရေးစနစ် ပြုပြင်ပြောင်းလဲရေးနှင့် အခြေခံအဆောက်အဦ ဖွံ့ဖြိုးရေးနှင့်ဆိုင်သော အဆိုပြုချက်များကို ကွန်ဂရက်အနေနှင့် အတည်ပြုပေးရန် တိုက်တွန်းသည်။ 

မြောက်ကိုရီးယားအရေးကိစ္စနှင့် ပတ်သက်၍ ထရမ့်က “ဆင်ခြင်တုံတရားမဲ့စွာ တဇွတ်ထိုး နျူကလီးယားလုပ်နေတဲ့ မြောက်ကိုရီးယားဟာ မကြာခင်မှာ ကျွန်တော်တို့ရဲ့တိုင်းပြည်ကို ခြိမ်းခြောက်လာနိုင်တယ်”ဟုဆိုပြီး ပြုံယမ်းကွန်မြူနစ်အစိုးရ၏ ဦးတည်ချက်များကို တုံ့ပြန်သွားမည်ဖြစ်သည်ဟု အသိပေးသည်။ 

ထို့ပြင် ရိုးစင်းမှုမရှိသည့် မြောက်ကိုရီးယား ခေါင်းဆောင်ပိုင်းများကို ဧရာမ ဖိအားများပေးနိုင်ရေးအတွက် ဆက်လက်ကြိုးပမ်းသွားမည်ဟုလည်း ထရမ့်က ပြောဆိုသည်။ 

ရီပတ်ဘလစ်ကန်သမ္မတဖြစ်သူ ထရမ့်က ၎င်း၏ အုပ်ချုပ်ရေးအဖွဲ့ (အစိုးရ) သည် လုံခြုံမှုရှိပြီး ခိုင်မာတောင့်တင်းမှုနှင့် ဂုဏ်ယူဝင့်ကြွားစရာရှိသော အမေရိကန်ပြည်ထောင်စုကို တည်ဆောက်လျက်ရှိကြောင်း ပြောကြားပြီး အမေရိကန်တို့၏ အိပ်မက်များကို အကောင်အထည် ဖော်နိုင်ရေးအတွက် ဒီမိုကရက်များအနေနှင့် ပူးပေါင်းလက်တွဲ လုပ်ဆောင်ကြရန်လည်း တိုက်တွန်းသည်။ 

“အမေရိကန်တွေရဲ့ အိပ်မက်တွေ အကောင်အထည်ဖော်နိုင်မယ့် အချိန်ဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ဘူး”ဟု မိနစ် ၂၀ တာကြာမျှ ပြောကြားသော အဆိုပါ နိုင်ငံတော်အခြေပြ မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။ 

အဆိုပါ နိုင်ငံတော်အခြေပြ မိန့်ခွန်းကို အမေရိကန်ပြည်သူ သန်း ၄၀ ခန့်က ရုပ်သံမှတစ်ဆင့် ကြည့်ရှုနားဆင်ခဲ့ကြလိမ့်မည်ဟု ယူဆရကြောင်း မီဒီယာများက ရေးသားဖော်ပြသည်။“အဖွဲ့တစ်ခုတည်း၊ ပြည်သူတစ်ရပ်တည်း၊ အမေရိက မိသားစုတစ်ခုတည်း အတူရှေ့ဆက်ကြရမယ်”ဟု ထရမ့်က ဆိုသည်။ 

“ရီပတ်ဘလစ်ကန်နဲ့ ဒီမိုကရက်ဆိုတဲ့ ပါတီကြီးနှစ်ခုက အဖွဲ့ဝင်တွေ အတူတူအလုပ်လုပ်ကြဖို့ ဒီညကျွန်တော် လက်ကမ်းကြိုဆိုလိုက်ပါတယ်။ ကျွန်တော်တို့ရဲ့ နိုင်ငံသားတွေအားလုံးကို ကာကွယ်ဖို့ အတူလက်တွဲသွားကြဖို့ တိုက်တွန်းလိုပါတယ်”ဟု ဆိုသည်။

F-01


  • VIA