News

POST TYPE

FEATURE

ကျည်မထွက်သော သေနတ်ကလေးများ
06-Sep-2020


“တစ် နေရာယူ၊ နှစ် ကျည်ဆန်ထည့်၊ သုံး မောင်းတင်၊ လေး အဆင်သင့်၊ ငါး ပစ်ကြစို့”

“ဒိုင်းညောင့် ဒိုင်းညောင့်၊ ဟေ့ကောင် မင်း သေပြီ မင်း နဖူးတည့်တည့်ကို ငါပစ်လိုက်တာ”

“ဘာလို့သေရမှာလဲကွ ငါက သစ်ပင်ကွယ်ထား တာလေ”

ကျွန်တော်တို့ငယ်ငယ်က ထိုသို့ စစ်တိုက်တမ်း ကစားခဲ့ကြသည်။ သေနတ်အတွက် မှောင်ခိုသွင်းစရာ မလို၊ တရားဝင်ဝယ်သည်လည်းမဟုတ် အဖေခွေလာ သောထင်းပုံကြီးသည် ကျွန်တော်တို့၏ လက်နက်ဂိုဒေါင် ဖြစ်သည်။ ကျွန်တော်တို့လက်ထဲက သေနတ်များသည် ခြောက်လုံးပြူးလည်း ဖြစ်နိုင်သည်။ ရိုင်ဖယ်လို့လည်း ပြောနိုင်သည်။ စတင်းဂန်းဟုပြောသော်လည်း စောဒက တက်မည့်သူမရှိ။ ကျည်ဆန်သည်ကား ကျွန်တော်တို့ ပါးစပ်မှထွက်သော “မင်းသေပြီ မသေဘူး” ဟူသော အငြင်းအခုံများဖြစ်သည်။ ကျည်ဆန်ထိမှန်၍ နာကျင်မှု မရှိ၊ သွေးမထွက်။ ကျည်ဆန်ထိမှန်သောသူသည် သဘော ကောင်းသူဖြစ်ပါက “အား”ခနဲအော်ကာ ပြန်ထလိုက် ခြင်းဖြင့် အသက်ထွက်ခြင်းကိစ္စပြီးတော့သည်။ သေဆုံး သောရဲဘော်အား သင်္ဂြိုဟ်ခြင်းမရှိ၊ အလေးပြုခြင်းမရှိ။ ငြင်းခုံတတ်သူဖြစ်ပါက သူတစ်ပြန်ကိုယ်တစ်ပြန် “ဒိုင်းညောင့် ဒိုင်းညောင့်” လုပ်နေရသဖြင့် စစ်ပွဲကြာရှည် တတ်သည်။ မောပန်းလွန်းသောအခါမှသာ သို့မဟုတ် အမေအော်ခေါ်သောအခါမှသာ အပစ်အခတ်ရပ်စဲ၍ “တော်ပြီကွာ နောက်နေ့မှ ဆက်တိုက်တော့မယ်” ပြော ကာ ငြိမ်းချမ်းရေးလက်မှတ် ရေးထိုးဖြစ်တော့သည်။ အမြဲတမ်းအတွက် လက်မှတ်ရေးထိုးခြင်းကားမဟုတ်။ သူငယ်ချင်းများစုံသောအခါ “ဒိုင်းညောင့် ဒိုင်းညောင့်” လုပ်ကြမြဲပင်။ ကျွန်တော်တို့စစ်ပွဲသည် အထိအခိုက် အကျအဆုံးမရှိ။ တစ်ဖက်နှင့်တစ်ဖက်အမြင်တွင် ရန်သူ များသာဖြစ်သည်။ ထို့အတူပင် ကိုယ့်ဘက်ကိုပြန်ကြည့် ပါက နှစ်ဖက်စလုံးသည် တိုင်းပြည်ကိုကာကွယ်ရင်း အသက်ပေးနေသော စစ်သားကြီးများဖြစ်သည်။ စစ်ပွဲပြီးဆုံးသွားပါက ထမင်းချက်နေသောအမေ့ရှေ့ တွင် လက်နက်ချကာ ငြိမ်းချမ်းရေးလက်မှတ်ရေးထိုးကြသည်။ စစ်မှန်သော အပြုံးကိုယ်စီဖြင့် ပြီးဆုံးမြဲဖြစ် သော ကျွန်တော်တို့စစ်ပွဲကို ကျွန်တော် လွမ်းလှသည်။

တိုင်းပြည်သည် ခေတ်မီဖွံ့ဖြိုးလာသည်နှင့်အမျှ ကျွန်တော်တို့ရွာတွင်လည်း သေနတ်အဆန်းများ ပေါ်လာခဲ့သည်။ တစ်လက်ကို အစိတ် (၂၅ ကျပ်) ပေးရသော ယမ်းသေနတ်များကို ကျွန်တော် မဝယ်နိုင်ခဲ့ပါ။ ခြောက်ချက်ပစ်ပြီးလျှင် ထိုယမ်းသေနတ်သည်လည်း တုတ်သေနတ်ဖြစ်သွားသည်ကိုမူ ထိုစဉ်ကတော့ မသိခဲ့ ပေ။ ယမ်းသေနတ်ကိုင်နိုင်သောသူများကို ပြဇာတ်က သောအခါတွင် တစ်လှည့်စီ မင်းသားတင်ကြရသည်။ ကစားဖက်မင်းသမီးများဖြစ်သော အေးတင်တို့ ဘုတ်ဆုံ တို့နှင့် တွဲခွင့်ပေးကြရသည်။ မင်းသား၏ ကျည်ဆန် မပါသော ယမ်းသေနတ်နှင့်အပစ်ခံရလျှင် ဂုဏ်ယူကြ ရသည်။ ထိုယမ်းသေနတ်နှင့်အပစ်ခံရလျှင် “မင်းသေ ပြီ မသေဘူး” ငြင်းစရာမလို။ “အား”ခနဲအော်ကာ စန့်စန့်ကြီး လဲသေလိုက်ကြသည်။ ပစ်လိုက်သောသူသည် လည်း ယမ်းမထွက်သောပြောင်းဝကို “ဖူး” ခနဲမှုတ် ကာ မိန့်မိန့်ကြီးပြုံးနေတတ်သည်။ ထိုယမ်းသေနတ် မပျောက်ပျက်သရွေ့ မင်းသားထိုင်ခုံကို အပိုင်စီးထား နိုင်သည်။ ကြာတော့လည်း အမြဲတမ်း လူဆိုးလုပ်ရ သော ကျွန်တော်တို့ ငြီးငွေ့ပျင်းရိလာသည်။ ထို့ကြောင့် မင်းသားဖြစ်နိုင်ရန်အတွက် ဆင်းရဲသားပါတီထောင် ရတော့သည်။ ယမ်းသေနတ်ကိုင် မင်းသားကြီးများ သည်လည်း ကစားဖော်မရှိသောကြောင့် သူ့သေနတ် အကျိုးကလေးကို သရေကွင်းနှင့် အထပ်ထပ်စည်း ကာ ဆင်းရဲသားပါတီသို့ ချီတက်လာရသည်ပင်။ ထိုအခါတွင်တော့ ပျော်ရွှင်ချမ်းမြေ့ဖွယ်ကောင်းသည့် ကလေးတိုင်းပြည်တစ်ခု ဖြစ်လာရပြန်သည်။ ခေတ်မီ ပစ္စည်းများသည် ကျွန်တော်တို့ကလေးများကို ခဏ သာသွေးခွဲနိုင်ကြောင်းကို ပြန်တွေးကြည့်မှ သိခဲ့ရ သည်။ 

ကျွန်တော်တို့ကလေးများ စစ်တိုက်ကစားခြင်း သည် မြန်မာဗီဒီယိုဇာတ်ကားများကြောင့်ဆိုလျှင် မှားမည်မထင်ပေ။ ကျွန်တော်တို့ငယ်စဉ်က သီဟတင်စိုး၊ ရဲမင်းပိုင်၊ နေထက်လင်း၊ အောင်ပိုင်တို့ပါသော ဇာတ် ကားများပြသည့်နေ့တွင် ဗီဒီယိုဖိုး ပိုက်ဆံတစ်ကျပ် ရပါမည့်အရေး အမေ့ကို အမျိုးမျိုးပူဆာရသည်။ ငိုပြ ရသည်။ ထမင်းမစားဘဲ အစာငတ်ခံကာ ဆန္ဒပြကြရ သည်။ ရသည့်နေ့တွင် ရှေ့ဆုံးမှထိုင်ကာ နေရာယူကြ သည်။ မရသည့်နေ့တွင် ထရံပေါက်မှ ချောင်းကြည့်ကြ သည်။ အထက်ပါမင်းသားကြီးများသည် ကျွန်တော်တို့ ကလေးများ၏ ဟီးရိုးကြီးများဖြစ်သည်။ မျိုးချစ်စိတ် ဓာတ်အပြည့်အဝဖြင့် ဖက်ဆစ်ဂျပန်များကို တော်လှန် ကြသည်။ ဂျပန်စစ်တပ်ချီတက်လာရာတွင် အမြဲတမ်း ကြားနေကျဖြစ်သော “ကွီ...ကွီ...တုန့်...တုန့်...တုန့်...တုန့်...” ဟူသောတီးလုံးသံကို ယခုအချိန်အထိ ပြန်ကြား နေဆဲဖြစ်သည်။ တော်လှန်ရေးဇာတ်ကားများတွင် သေနတ်မရှိပါက လက်လက်ချင်း၊ ဓားဓားချင်း တိုက် ခိုက်ကြသည်။ ဗီဒီယိုကြည့်ပြီး နောက်တစ်နေ့တွင် ကျွန်တော်တို့လက်ထဲမှ တုတ်ချောင်းများသည် သေနတ် တစ်လက်ဖြစ်နိုင်သလို ဓားတစ်ချောင်းလည်း ဖြစ်နိုင် သည်။ ကျွန်တော်တို့ဖန်တီးထားသောပစ္စည်းများကို ကျွန်တော်တို့ ယုံကြည်ကြသည်။ မည်သူမှ စောဒကမတက် ကြ။ စိတ်ထဲမှ “ဖြစ်စေ”ဟု သတ်မှတ်ထားသောပစ္စည်း များကို တစ်ယောက်နှင့်တစ်ယောက် လက်ခံကြသည်။ ကျွန်တော်တို့ဥပဒေကို ကျွန်တော်တို့ လေးစားကြ သည်။ ကျွန်တော်တို့ယုံကြည်မှုများကို ကျွန်တော်တို့ ပြက်ရယ်မပြုကြ။ ထိုမျှသာမက မည်သည့်ဆရာကြီး များထံမှ သင်ယူရခြင်းမရှိဘဲ ကျွန်တော်တို့ သိုင်းစုံ တတ်ကြသည်။ 

ကျွန်တော့်အသက် ၁၆၊ ၁၇ နှစ်ခန့်တွင် ပုပ္ပား အနီးတွင်ရှိသော ဆည်ပေါက်ချောင်းသို့ သဲသွားတိုက်ရ သည်နှင့်ကြုံခဲ့သည်။ ကျွန်တော်တို့အလွန်ချစ်ခင်လေး စားရသော မင်းသားကြီး သီဟတင်စိုး၏ရိုက်ကွင်းကို ကြည့်ရှုခွင့်ရခဲ့သည်။ ရိုက်နေသည့်အခန်းသည် လူဆိုး များက တော်လှန်ရေးရဲဘော်တစ်ယောက်ကို နှိပ်စက် သောအခန်းဖြစ်သည်။ တီဗီဖန်သားပြင်ပေါ်တွင် ကြည့်ရှုရသည်က တစ်ကွက်တည်းသာဖြစ်သော်လည်း လက်တွေ့ တွင်မူ ထိုတစ်ခန်းပြီးမြောက်ရန်အတွက် ထပ်ကာထပ် ကာ ပြန်ရိုက်နေကြောင်းကိုတွေ့ရသည်။ ကလေးများ ၏နှလုံးသားကို ဖမ်းယူရန်အတွက် လေ့ကျင့်ရခြင်းသည် ထင်သလောက် မလွယ်ကူကြောင်းကို သဘောပေါက် ခဲ့ရသည်။ နောက်တစ်ခန်းတွင် ဒဏ်ရာရခဲ့သော တော်လှန်ရေးရဲဘော်တစ်ယောက်ကို အခြားရဲဘော် လေး၊ ငါးယောက်ခန့်က တွဲ၍ထွက်ပြေးလာသောအခန်း ဖြစ်သည်။ ဖန်သားပြင်ပေါ်တွင် “ဒိုင်းညောင့် ဒိုင်းညောင့်” ဟူသောအသံများသည် ဖက်ဆစ်ဂျပန်ငပုများ လိုက် လာနေကြောင်းကို သိစေမည်ဖြစ်သော်လည်း လက်တွေ့ တွင်မူ ငပုကိုလည်းမမြင်ရ၊ ငရှည်ကိုလည်း မတွေ့ရဘဲ အခြောက်တိုက်ကြီး ပြေးနေခြင်းဖြစ်၍ ရူးကြောင် ကြောင်နိုင်လှသည်။ ပရိသတ်ကိုလှည့်စားလိုသော လူကြီးများ၏ ရူးကြောင်ကြောင် စစ်တိုက်ကစားခြင်း သည် ပိုက်ဆံရကြောင်းကိုမူ သဘောကျခဲ့သည်။ 

ကျည်မထွက်သော သေနတ်တစ်မျိုးရှိသေးသည်။ ပါးစပ်မှ “ဒိုင်းညောင့် ဒိုင်းညောင့်” အော်စရာမလိုသော် လည်း “မင်းသေပြီ မသေဘူး” အငြင်းပွားရာ၌မူ ပါးစပ် ကို အသုံးပြုရဆဲပင်ဖြစ်သည်။ အသံသာမြည်၍ အဆန် မပါသော သင်္ကြန်အမြောက်နှင့်တူသည့် ကျိုက်ထီးရိုး သေနတ်ဖြစ်သည်။ သေနတ်ကို ဘုရားတံဆိပ်တပ်ခြင်း သည် နားထဲတွင် ကိုးလိုးကန့်လန့်နိုင်လှသည်။ ကျွန်တော် တို့သည် ကျိုက်ထီးရိုးကို ဘုရားဟုမသိ။ သေနတ်ဟု သာသိသည်။ ဘုရားကို သေနတ်ကွယ်ခြင်းဖြစ်ကြောင်း ကို ထိုစဉ်ကတော့ မသိခဲ့။ ကျိုက်ထီးရိုးသေနတ်ကိုင် ဆောင်ထားသော ကျွန်တော်တို့စိတ်ထဲတွင် “ဒက် ဒက် ဒက် ဒက်” ဟူသောအသံသည် ကျွန်တော်တို့အား စတင်းဂန်းဖြင့်ယမ်းနေသော စစ်သားကြီးများဖြစ်စေ သည်။ ကျွန်တော်တို့အချင်းချင်း အဆက်မပြတ်ပစ် ခတ်နေသော်လည်း နာကျင်မှုလုံးဝမရှိ။ လူကြီးများ၏စကားဝိုင်းကိုတော့ ဖရိုဖရဲဖြစ်စေနိုင်သည်။ အတွေး များကို ပေါက်ပြဲသွားစေနိုင်သည်။ စိတ်ချမ်းသာမှုများ ကို အစိတ်စိတ်အမွှာမွှာဖြစ်စေနိုင်သည်။ လူကြီးများ ၏စိတ်ကို ကျွန်တော်တို့မသိ။ ငြင်းရခုံရသဖြင့် သတိ လည်းမထားမိ။ မျောက်ကိုချစ်၍ ခြူဆွဲမှားသောလူကြီးများသည်လည်း ကိုယ့်အပြစ်နှင့်ကိုယ်မို့ အော်ငေါက် ခြင်း၊ ရိုက်နှက်ခြင်းမပြု။ “ဟိုဘက်သွားဆော့စမ်း” လောက်နှင့်သာ ပြီးကြသည်။ 

ကျွန်တော်တို့ကလေးဘဝသည် လွတ်လပ်၍ ပျော်စရာကောင်းသည်။ ကျူရှင်မရှိ။ ဘော်ဒါမရှိ။ ကျောင်းကပြန်ရောက်သည်နှင့် လွယ်အိတ်ကို ပစ်ချခဲ့ ကာ ရှေ့တန်းသို့ထွက်နိုင်သည်။ ရှေ့တန်းတွင် တိုက်ပွဲ အဆက်မပြတ်ဖြစ်နေ၍ အိမ်ပြန်နောက်ကျလျှင်တော့ အမေစိတ်ကောင်းဝင်သောနေ့ ဖြစ်ပါစေဟုသာ ဆုတောင်းရတော့သည်။ စိတ်ကောင်းဝင်သောနေ့ မဟုတ်ပါက ကျွန်တော်သေနတ်အဖြစ်ကစားခဲ့သော တုတ်ချောင်းသည် ကျွန်တော့်တင်ပါးအတွက် ကျည်ဆန် ဖြစ်သွားတတ်သည်။ ကျွန်တော်တို့ကလေးဘဝတွင် အပေါင်းအသင်းရှိမှ ဆော့ကစား၍ဖြစ်သည်။ အပေါင်း အသင်းမရှိလျှင် အလွန်ပျင်းရိငြီးငွေ့ဖွယ်ကောင်းသည်။ 

ယခုခေတ်ကလေးများ အလွန်ကံကောင်းကြ သည်။ အပေါင်းအသင်းမရှိလည်း ကိစ္စမရှိ။ မပြေးရ မလွှားရလည်း ပြဿနာမဟုတ်။ “ဒိုင်းညောင့် ဒိုင်း ညောင့်” မအော်ကြတော့။ “မင်းသေပြီ မသေဘူး” လည်း ငြင်းစရာမလို။ အိမ်ထဲတွင် ဓာတ်ခဲသေနတ်၊ လျှပ်စစ်သေနတ်များဖြင့် ကစားနေကြပြီ။ ကိုယ်သာ မင်းသား၊ ကိုယ်သာလူဆိုးလုပ်၍ အမူအရာအမျိုးမျိုး ဖြင့် ပြဇာတ်ကနေကြပြီ။ ကျွန်တော်တို့သေနတ်များလို ပုံစံအမျိုးမျိုး မဖန်တီးနိုင်ခြင်းကား ဝမ်းနည်စရာ ကောင်းလှသည်။ ထိုဓာတ်ခဲသေနတ် လျှပ်စစ်သေနတ် များသည် ဈေးကြီးသောကြောင့် မိဘများကို ထိမှန် သည်ကား ငြင်းမရပေ။ ထိုသေနတ်များသည် အပေါင်း အသင်းနှင့် ညီညွတ်မှုအတွက် ကျည်ဆန်ဖြစ်နေပြီ လားဟု တွေးတောနေမိသည်။

ခေတ်မီတိုးတက်လာသည်နှင့်အမျှ သေနတ်ဆန်းများလည်း ပေါ်ထွက်နေဆဲပင်ဖြစ်သည်။ ယခုခေတ် ကလေးများ၏လက်ထဲတွင် တုတ်သေနတ်မရှိတော့။ ကျိုက်ထီးရိုးသေနတ် မကိုင်တော့။ ယမ်းသေနတ်ကို မခင်တွယ်တော့။ ဓာတ်ခဲသေနတ် လျှပ်စစ်သေနတ် များသည် ကလေးများကို ပျော်ရွှင်မှုရရှိရန် အပြည့်အဝ မစွမ်းဆောင်နိုင်တော့။ နောက်ဆုံးပေါ်သေနတ်များ ကို ကိုင်နေကြလေပြီ။ ထိုသေနတ်သည် လေးထောင့် အပြားလေးဖြစ်၍ သေနတ်နှင့်မတူသော်လည်း သေနတ် အစစ်ထက် အစွမ်းထက်လှသည်။ ထိုသေနတ်များဖြင့် မိဘမေတ္တာကို ချိန်နေလေပြီ။ သူငယ်ချင်း အပေါင်း အသင်းများကို တိုက်ထုတ်နေပြီ။ စာအုပ်များကို တော်လှန်နေကြပြီ။ ကျောင်းတက်ခေါင်းလောင်းကို ပစ်ခတ်နေလေပြီ။ အချိန်နှင့် ကျန်းမာရေးကို တရစပ် ပစ်ခွင်းနေလေပြီ။ ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုရန် တစ်ဖက်ရန်သူကို မမြင်တော့။ လက်နက်ချရန် ငြင်း ဆန်နေလေပြီ။ အဆုံးတွင် ကိုယ့်နားထင်ကိုပင်တေ့ ကာ မောင်းတင်နေလေပြီ။ ထိုကလေးများသည် အနာဂတ် ၏သားကောင်းလော၊ အနာဂတ်၏ သားကောင်လော ဟူသောမေးခွန်းကို တစ်ကိုယ်တည်း ထုတ်နေမိသည်။ အနာဂတ်၏သားကောင်းများဟုဆိုပါမူ ကျည်ဆန်ရာ ဗရပွဖြစ်နေသော ဦးခေါင်းများအတွက် အနာကပ် ပလာစတာစက်ရုံများ လိုအပ်နေဦးမည်သာဖြစ်သည်။

သေလျှင်နတ်ဖြစ်၍ သေနတ်ဟုခေါ်သည်လား၊ မသေမီက နတ်ဖြစ်၍ သေနတ်ဟုခေါ်သည်လားဟု မဆီမဆိုင် တွေးတောကြည့်မိသည်။ နတ်ဖြစ်မည် မဖြစ် မည်ကား မသေချာလှသော်လည်း သေနတ်မှန်လျှင် သေဆုံးမည်ကား သေချာလှသည်။ သူပစ်၍ သေမည် လား၊ ကိုယ့်ကိုယ်ကိုယ်ပစ်၍ သေမည်လား နှစ်ချက် တွင် တစ်ချက်ချက်ဖြင့် သေရမည်ကား အမှန်ပင်ဖြစ် သည်။ ကျည်ဆန်ထွက်သောသေနတ်များကြောင့် သေဆုံးရပါမူ ဒဏ်ရာများဖြင့် အကျည်းတန်နိုင်သော် လည်း ကျည်မထွက်သေနတ်များကြောင့်ကား ဒဏ်ရာ မရှိဘဲ လှလှပပသေဆုံးနိုင်ပါ၏။ လှလှပပသေဆုံးနိုင် ရန်အတွက် ကျည်မထွက်သော လေးထောင့်သေနတ် လှလှကလေးများကို တရားဝင် ခွင့်ပြုနေခြင်းပေလော မပြောတတ်ပေ။ ကျည်ထွက်သောသေနတ်များဖြင့် သေဆုံးသူများကို ရေတွက်၍ရသော်လည်း ကျည်မထွက်သောသေနတ်များကြောင့် သေဆုံးသူကလေးများကိုကား ဂဏန်းချကာ ရေတွက်မှတ်သားသူများ မရှိကြသေးပေ။

ကျည်မထွက်သော သေနတ်ဆန်းများကြောင့် သေဆုံးနေဆဲကလေးများကို ကုသရန်ဆေး မရှိသေးပေ။ နောက်ထပ် သေနတ်ဆန်းများကို မထုတ်လုပ်စေ ချင်သော်လည်း “ခေတ်၏တောင်းဆိုချက်” သည် လက်ခံနိုင်ပါမည်လား။

သာကီနွယ် (နတ်မောက်)