News

POST TYPE

FEATURE

သောကဖြင့်တီးမည့် ကျောင်းခေါင်းလောင်းသံ
22-May-2020


မိုးတဖွဲဖွဲကျ၍ အေးချမ်းသည့် ဤရာသီတွင် ကျောင်းခေါင်းလောင်းထိုးရန် ပြင်ဆင်ကြရသည်။

တက်သစ်စ အဖူးအပွင့်လေးများအတွက် မိခင်၊ ဖခင်တို့နှင့်အတူ ကျောင်းစိမ်းလေးများဝတ်ကာ ကျောင်းသွားအပ်ကြခြင်း၊ ကျောင်းတက်ရန် လိုအပ်သည်များ ဝယ်ယူကြခြင်းနှင့် ပျော်တပြုံးပြုံးနှင့် ကျောင်းဖွင့်ရာသီ ကြိုတင်ပြင်ဆင်ကြသည့် ကာလလည်းဖြစ်သည်။

ယခုလည်း ကလေးများ၏ ကျောင်းတက်ချိန်ခါ ကျရောက်တော့မည်ဖြစ်သည်။

ယခင်နှစ်များနှင့်မတူ ယခုနှစ်တွင်ထူးသည်က ကျောင်းဖွင့်ရာသီကြိုတင်ပြင်ဆင်ခြင်းတွင် တွန့်ဆုတ်မှု၊ ဝေခွဲမရမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုများနှင့်အတူ စိုးရိမ်သောကများလည်း အဆစ်ပါခဲ့သည်။

၂၀၁၉ နှစ်ကုန်ပိုင်းက တရုတ်နိုင်ငံ၊ ဝူဟန်မြို့တွင် စတင်ခဲ့သည့် ကိုဗစ် - ၁၉ (COVID-19) ရောဂါပိုးသည် ကမ္ဘာ့နိုင်ငံများသို့တိုင် ပြန့်နှံ့ခဲ့ရာ မြန်မာနိုင်ငံသို့လည်း မတ်လတွင် ကူးစက်ပြန့်နှံ့ခဲ့သည်။

၂၀၂၀ မေလ ၁၉ ရက်နေ့ထိဆိုလျှင် တနိုင်ငံလုံးတွင် ကိုဗစ် - ၁၉ ကူးစက်ခံထားရသူ ၁၉၁ ဦးရှိနေပြီး သေဆုံးသူ ၆ ဦးရှိနေသည်။

မေလဒုတိယအပတ်အတွင်း ပိုးတွေ့သည့်လူနာမရှိသည့် နေ့ရက်များရှိခဲ့သည့်အလျှောက် စာသင်ကျောင်းများ ပြန်ဖွင့်တော့မည့်သတင်းများလည်း အများပြည်သူကြား ပြန့်လာခဲ့သည်။

ထို့ပြင် မေလ ၁၉ ရက်နေ့ နံနက်ပိုင်းက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ပညာရေးဝန်ထမ်းများ အွန်လိုင်းမှ တွေ့ဆုံဆွေးနွေးခဲ့ရာတွင်လည်း စာသင်ကျောင်းများကို ဇူလိုင်လ ပထမအပတ်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားခဲ့သည်။

ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အဖြေလွှာများကို စစ်ဆေးဦးမည်ဖြစ်သည်။ ပြီးလျှင် ကျောင်းများပြန်ဖွင့်တော့မည်ဖြစ်သည်။

"ကျောင်းပိတ်တာ ဘယ်လောက်ပိတ်နိုင်မလဲ။ ဒီတလအတွင်း ကြည့်ရဦးမယ်။ အစိုးရကလည်း ကူးစက်မှုများရင် ဖွင့်မှာမဟုတ်ပါဘူး။ စာမသင်ရတဲ့ ပြဿနာ၊ ရောဂါကူးနိုင်တဲ့ ပြဿနာမှာ အကျိုးအပြစ်တော့ ချိန်ဆရမယ်"ဟု အမျိုးသားကာကွယ်ဆေးထိုး အကြံပေးအဖွဲ့က ဒုဥက္ကဌ၊ ကလေးအထူးကုဆရာဝန်ကြီး ဒေါက်တာစောဝင်းက အကြံပြုစကားဆိုသည်။

သို့သော်လည်း ကျောင်းသားမိဘများ၏စိတ်ဝယ် ကျောင်းဖွင့်ရာသီနှင့် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်နိုင်ခြင်းအပေါ် အတွေးများစွာဖြင့် ဒွိဟဖြစ်၍နေကြသည်။

"ကလေးက Covid-19 Positive ဖြစ်ပြီဆို ကိုယ်အရင်ရင်ကျိုးရမှာ။ ဆရာမတွေဆီက၊ ကျောင်းကားက၊ အတန်းထဲက ဘယ်ကနေကူးလာမှန်းမသိ ကူးလာရင်ရော။ ပူလောင်လိုက်တာ"ဟု သားဖြစ်သူကို ယခုနှစ်တွင် မူလတန်းစထားမည့် ဒေါ်နှင်းဆီဝေ ကဆိုသည်။

စာသင်ကျောင်းများ ပြန်ဖွင့်မည်ဆိုလျှင် အများနည်းတူ ကျောင်းအပ်မည်ဖြစ်သော်လည်း နောက်ဆက်တွဲ ပြဿနာများကိုအတွက် ရတက်မအေးတွေး၍ ပူနေနှင့်ပြီဖြစ်သည်။

ထိုနည်းတူ တစ်ဖက်တွင် ကလေးကို ကူးစက်နိုင်မည်ကို သိသည့်အတွက် ကျောင်းဖွင့်ချိန် ကျောင်းတက်ရင်း ရောဂါကူးလာနိုင်ခြင်းအပေါ် မည်သူက တာဝန်ယူမည်နည်းဟုလည်း ဒေါ်နှင်းဆီဝေ ကမေးခွန်းထုတ်၍နေသည်။

Covid-19 ရောဂါ တကမ္ဘာလုံးတွင် ပြန့်နှံ့ကူးစက်နေသည့်အလျောက် ကျောင်းဖွင့်ရာသီတွင် နော်ဝေ၊ ဒိန်းမတ်၊ ထိုင်း၊ ဂျပန်၊ တရုတ်၊ ထိုင်ဝမ် စသည့် နိုင်ငံများတွင် ကျောင်းများဖွင့်လှစ်နေပြီဖြစ်သလို ကျောင်းပြန်မဖွင့်သေးသည့် နိုင်ငံများလည်းရှိကြောင်း အခြေခံပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဆွေးနွေးစဉ်တွင် ပြောကြားခဲ့သည်။



တနိုင်ငံလုံးတွင် Covid-19 ကူးစက်ခံရခြင်းမရှိသေးသည့်နေရာများလည်းရှိသဖြင့် မူလတန်း၊ အလယ်တန်း၊ အထက်တန်း စသဖြင့် အဆင့်ဆင့် ကျောင်းများပြန်ဖွင့်သွားမည်ဖြစ်ကြောင်း ဦးကိုလေးဝင်းက ပြောကြားသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ် ကိုယ်စားလှယ် ဒေါ်နီလာဝင်းကမူ အထက်တန်းကလေးများသည် ဆရာများ၏စကားကို လေးစားလိုက်နာပြီး ကျန်းမာရေးဗဟုသုတများကို လိုက်နာနိုင်သည့်အရွယ်လည်းဖြစ်သဖြင့် အထက်တန်းများကို စတင်ဖွင့်လှစ်သင့်ကြောင်း ၎င်းကအကြံပြုပြောဆိုထားသည်။

"ကလန်ကဆန်လုပ်သူနည်းတယ်။ အလယ်တန်း၊ အထက်တန်းတွေက လိုက်နာတယ်" ဟု ၎င်းကဆိုသည်။

အထက်တန်းကျောင်းသားများ အသားကျမှသာ မူလတန်းကလေးများ ကျောင်းပြန်တက်စေသင့်ကြောင်း၊ မူလတန်းအရွယ်သည် ကစားရင်း သင်ယူရသည့်အရွယ်ဖြစ်သဖြင့် အချင်းချင်းခပ်ခွါခွါနေသည့် အလေ့အကျင့်အတွက် အခက်အခဲရှိနိုင်ကြောင်း ၎င်းကထောက်ပြပြောဆိုခြင်းဖြစ်သည်။

ယင်းသို့ အထက်တန်းမှစ၍ ကျောင်းများပြန်ဖွင့်နိုင်ရေးကို အလေးအနက်စဉ်းစားမည်ဖြစ်ပြီး ဇူလိုင်လ လဦးပိုင်းတွင် ကျောင်းများပြန်ဖွင့်နိုင်ဖွယ်ရှိကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောကြားသည်။

ကလေးများကို ရောဂါကူးစက်ခံရစေနိုင်ခြင်းသည် လူကြီးများမှ ကလေးများထံ ကူးစက်စေခြင်းဖြစ်သဖြင့် လူကြီးများကို ပညာပေးရန် အရေးကြီးကြောင်း ၎င်းကဆိုထားသည်။

"Mask တပ်ပြီးကျောင်းတက်ဖို့က လွယ်မလား။ ကလေးတယောက် Positive ဖြစ်သွားရင် ဘယ်သူကတာဝန်ခံကြမလဲဟင်။ ဆရာမကရော အချိန်ပြည့်ကြည့်နိုင်မလား။ ပူတယ်"ဟု ဒေါ်နှင်းဆီဝေ ကဆိုသည်။

ဒေါ်နှင်းဆီဝေနည်းတူ ကျောင်းဖွင့်တော့မည့်အရေးကိုတွေး၍ စိတ်ပူနေသည့် ကလေးမိဘများစွာရှိသည်။

"အိမ်နားလည်းနီးလို့ ထားဖို့တော့များမယ်ထင်တယ်။ တရားဝင်စာကလည်းမထွက်သေးတော့လေ။ ဒွိဟဖြစ်နေတယ်"ဟု ပြည်မြို့မှ ပထမတန်းတက်ရောက်မည့်ကျောင်းသားတစ်ဦး၏မိခင် ဒေါ်ငြိမ်းသွဲ့ကို က ဆိုသည်။

ကျောင်းများပြန်ဖွင့်ချိန်တွင် လုံလောက်သည့် ကာကွယ်မှုများနှင့်အတူ ကျောင်းတက်စေသင့်ပြီး လိုအပ်သည့် ကာကွယ်မှုများဖြစ်သည့် နှာခေါင်းစည်း စည်းစေခြင်း၊ အချင်းချင်း ခပ်ခွာခွာနေစေခြင်း၊ လက်ဆေးခြင်း၊ နှာချေ၊ ချောင်းဆိုးခြင်းတွင် အုပ်ဆိုးခြင်းတို့ကို ပြုလုပ်စေသင့်ကြောင်း ဒေါက်တာစောဝင်း က အကြံပြုပြောဆိုသည်။

ထို့ပြင်ရောဂါကူးစက်ခံရနိုင်ခြင်းအတွက် မည်သူ့တွင်မှ တာဝန်မရှိကြောင်း ၎င်းက ဆိုသည်။

ကျောင်းတက်ရာသီတွင် ထိုးမည့်ကျောင်းခေါင်းလောင်းသံသည် သောကတို့ဖြင့် အစပြုမည်ဖြစ်သည်။ ယင်းသောကများအတွက် "ဘယ်သူမှ တာဝန်ယူလို့မရဘူး။ ကိုယ့်ကိုကိုယ် တာဝန်ယူရမယ် "ဟု ဒေါက်တာစောဝင်းက ဆိုသည်။

ကျောင်းဖွင့်ရာသီအကြိုသည် ရင်သွေးတို့ကို ကျောင်းသို့ပို့ခါနီး ကြည်နူးမှု၊ ကြိုတင်ပြင်ဆင်ရသဖြင့် ရင်ခုန်မှု၊ စိတ်လှုပ်ရှားမှုများဖြင့် မိဘများအတွက်တွေး၍ပင် ပျော်ခဲ့ရသည်ဖြစ်သော်လည်း ယခုနှစ် ကျောင်းပြန်ဖွင့်ချိန်အတွက် သောကတို့က ကြိုနှင့်ပြီဖြစ်သည်။

ထိုနည်းတူ ကျောင်းတက်ခေါင်းလောင်းသံသည်လည်း သောကတို့ဖြင့် ညံ၍နေပေတော့မည်ဖြစ်သည်။

အေးသန္တာထွန်း