News

POST TYPE

FEATURE

ကိုယ့်မိသားစု၊ ကိုယ့်မြို့ ၊ ကိုယ့်နိုင်ငံကိုချစ်လျှင် ဗိုင်းရပ်စ်အစစ်ခံပြီးမှ ပြည်တော်ဝင်ပါ
26-Mar-2020


တနင်္သာရီတိုင်းနှင့် ထိုင်းနိုင်ငံနယ်စပ်ဂိတ်များဖြစ်သည့် ထီးခီး၊ မောတောင်၊ ကော့သောင်းဂိတ်များမှ လူဝင်လူထွက်ကို ထိုင်းဘက်က ပိတ်လိုက်ပြီဖြစ်သည်။

ကမ္ဘာ့ကပ် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးကို အကြောင်းပြုကာ မတ်လ ၂၁ ရက်နေ့မှ ဧပြီလ ၃ ရက်နေ့အထိ ယာယီပိတ်လိုက်ကြောင်း ထိုင်းဘက်က ထုတ်ပြန်လိုက်သည်။

ယင်းသို့ ပိတ်လိုက်သည့်အချိန်သည် မြန်မာရွှေ့ပြောင်းအလုပ်သမားများ မိမိနေရပ်သို့ အလုံးအရင်းအလိုက် ပြန်လာလေ့ရှိသည့် မြန်မာ့နှစ်သစ်ကူး သင်္ကြန်ကာလနှင့် တိုက်ဆိုင်နေသည်။

ထိုသို့ တရားဝင် ဝင်ထွက်နိုင်သည့်လမ်းများ ပိတ်လိုက်သည်နှင့် ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ ယခုနှစ်သစ်ကူးတွင် မွေးရပ်သို့ မပြန်တော့ဟု မည်သူမျှအာမ,မခံနိုင်ပေ။

"ဒီထက်ဆိုးတဲ့အခြေအနေ၊ ပစ်မိန့်ပေးထားတဲ့ အခြေအနေမှာတောင် ခိုးပြန်ကြသေးတာပဲလေ" ဟု ထိုင်းနိုင်ငံ ရနောင်းမြို့နေ မြန်မာနိုင်ငံသားတစ်ဦးက ပြောသည်။

ထိုင်းရောက် တနင်္သာရီတိုင်းသားများ ထိုသို့ခိုးပြန်နိုင်ရန်လည်း ထိုင်းနှင့်မြန်မာနယ်စပ်ကြား ကုန်းမြေချင်းဆက်စပ်မှု၊ မြစ်ချောင်းများကျဉ်းမြောင်းမှုတို့က အခြေအနေပေးနေသည်။

အထူးသဖြင့် ထိုင်းနှင့်နယ်နိမိတ်ထိစပ်နေသည့် တနင်္သာရီတိုင်းသားများက အိမ်သို့အလည်အပတ် ခေတ္တပြန်တိုင်း တရားမဝင် နယ်စပ်ဖြတ်ကျော်နိုင်သည့် လမ်းကြောင်းကို ပိုမိုအသုံးပြုလေ့ရှိကြသည်။

တရားမဝင်လမ်းအသုံးပြုကြခြင်းမှာ ထိုင်းမှဆိုင်ကယ်ကအစ မည်သည့်ထိုင်းပစ္စည်းမဆို အိမ်အရောက်အတားအဆီးမရှိ သယ်နိုင်ခြင်း၊ နှစ်ဖက်အစိုးရ၏ အစစ်အဆေးကို ရှောင်ကွင်းလျက် စိတ်အငြိုအငြင်ကင်းစွာ သွားလာနိုင်ခြင်းတို့ကြောင့်ဖြစ်သည်။

တရားဝင် လုပ်ကိုင်ခွင့်ရထားသူများကလည်း တရားဝင်လမ်းမှလာလျှင် ထိုင်းဘက်လဝကသို့ အထွက်တံဆိပ်တုံးထုရန် ထိုင်းဘတ် ,ဘတ် ၁၃၀ဝ (မြန်မာငွေကျပ် ၅၀ဝ၀ဝ ကျော်) ပေးဆောင်ရခြင်းနှင့် ပစ္စည်းများ စိတ်ကြိုက်သယ်ခွင့်မရခြင်းတို့ကြောင့် တရားမဝင်လမ်းကြောင်းကို ရွေးချယ်တတ်ကြကြောင်း ထိုင်းနိုင်ငံလတ်ဘူရီမြို့တွင် အလုပ်လုပ်သည့် ထားဝယ်သူအမျိုးသမီးတစ်ဦးက ပြောသည်။

သင်္ကြန်အိမ်ပြန်ရန် ဆုံးဖြတ်ထားသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားတို့တွင် တရားမဝင်နယ်စပ် ဖြတ်ကျော်လမ်းကြောင်းကိုအသုံးပြု ပြန်သူတို့လည်း များစွာပါဝင်မည်ဖြစ်သည်။

ထိုသူတို့၏ သင်္ကြန်ပြည်တော်ပြန်လိုဆန္ဒကို ထိုင်းဘက်က ပိတ်ထားသည့်ဂိတ်များက တားဆီးနိုင်ရန် တတ်နိုင်လိမ့်မည်ဟု မည်သူမျှ အာမခံနိုင်မည် မဟုတ်ပါ။

ထိုသို့ တရားမဝင်လမ်းကြောင်းမှ တနင်္သာရီတိုင်းသို့ သင်္ကြန်တွင် အလုံးအရင်းလိုက် ပြန်လာနိုင်ကြောင်း ပြီးခဲ့သည့်အပတ်က ထိုင်း-မြန်မာနယ်စပ် ကော့သောင်း ပါချန်မြစ် တရားမဝင်လမ်းကြောင်းမှ ပြန်လာသူအရေအတွက်က သက်သေပြခဲ့ပြီးဖြစ်သည်။

ပါချန်မြစ်တစ်လျှောက် တရားမဝင်နယ်စပ်ဖြတ်ကျော်နိုင်သည့်နေရာများစွာရှိနေရာ မြန်မာဘက်ကမ်း ဆိပ်ဖူးရွာနှင့် အေးချမ်းသာရွာဝင်ပေါက်မှ မတ်လ ၁၉ ရက်နေ့မှ ၂၁ ရက်အထိ ၃ ရက်အတွင်း သင်္ကြန်အမီ အိမ်ပြန်သူ ၇၀ဝ ကျော်ရှိခဲ့ကြောင်း မာရမ်းရွာမှ ဒေါက်တာဘိုဘိုမင်းက ပြောသည်။

ယင်းသည် သင်္ကြန်ကျရန် ရက်သတ္တပတ် ၃ ပတ်ကျော် လိုသေးသည့်အချိန် တရားမဝင်အပေါက် နှစ်ပေါက်မှဝင်လာသည့် အရေအတွက်သာဖြစ်သည်။

သင်္ကြန်နှင့် ပိုနီးလာလျှင် တနင်္သာရီတိုင်းနှင့် ထိုင်းနယ်စပ်တစ်လျှောက်မှ တရားမဝင် နယ်စပ်ဖြတ်ကျော်ကာ မည်မျှအထိဝင်လာမည်မှာ မတွေးရဲစရာ ဖြစ်သည်။

ထိုသို့ တရားမဝင်နယ်စပ် ဖြတ်ကျော်ဝင်လာမှုနှင့်အတူ ထိုသူတို့တွင် ကိုရိုနာဗိုင်းရပ်စ်ရှိနိုင်/မရှိနိုင် မစစ်ဆေးရဘဲ တနင်္သာရီတိုင်းအတွင်း ဝင်ရောက်လာနိုင်သည့်အခြေအနေကလည်း မတွေးဝံ့စရာဖြစ်သည်။

လက်ရှိတွင်ထိုင်း၌ မတ်လ ၂၁ ရက် တစ်ရက်တည်းတွင်ပင် ရောဂါပိုးရှိသူ ၈၉ ဦးတွေ့ရှိခဲ့ပြီး ထိုင်းတစ်နိုင်ငံလုံး စုစုပေါင်း ၄၄၁ ဦး ရောဂါပိုးကူးစက်ခံထားရသည်။ ထိုရောဂါပိုး ကူးစက်သူများထဲတွင် မြန်မာနိုင်ငံသားရွှေ့ပြောင်းအလုပ်သမား ၂ ဦးလည်း ပါဝင်နေသည်။ သေဆုံးသူ ထိုင်းတစ်ဦး ရှိနေပြီဖြစ်သည်။

တနင်္သာရီတိုင်း၏ နယ်စပ်ဂိတ်များတွင် အပူချိန်တိုင်းကိရိယာဖြင့် ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးရေးစင်တာ များဖွင့်လှစ်ထားသော်လည်း တရားမဝင် ဖြတ်ကျော်နိုင်သည့် နယ်စပ်မျဉ်းတစ်လျှောက်လုံး စောင့်ကြည့် တိုင်းတာရန်မှာ မလွယ်ကူနိုင်ဟု တနင်္သာရီတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးမြင့်မောင်က ပြောသည်။

"တရားမဝင် နယ်စပ်ဖြတ်ကျော်မှုကျတော့ တိုင်းတစ်လျှောက်လုံး ဆက်စပ်နေတာကိုး။ တစ်နေရာမှာ ဝင်ထွက်မရရင် တစ်နေရာကူးမှာပဲ။ လက်တွေ့မှာတော့ ထိန်းချုပ်ဖို့မလွယ်ဘူး" ဟု ဦးမြင့်မောင်ကပြောသည်။

ထိုင်း-မြန်မာ ဟိုဘက်သည်ဘက် ရွာရှိသည့်နေရာများတွင် ကျန်းမာရေးဝန်ထမ်းများရှိခြင်း၊ အုပ်ချုပ်ရေးအဖွဲ့များ ရှိသည့်နေရာများတွင် ကိုယ် အပူချိန်တိုင်းစင်တာများချထားရန် လွယ်ကူသော်လည်း ရွာမရှိသည့် တောလမ်းများတွင်မူ စင်တာများချထားရန် မလွယ်ကြောင်း ဦးမြင့်မောင်ကပြောသည်။

ကမ္ဘာ့ကပ်ရောဂါဖြစ်နေပြီး ကူးစက်ပြန့်ပွားမှု အရှိန်အဟုန်မြင့်နေရာ အဖွဲ့အစည်းတွေအားလုံး ပူးပေါင်းဆောင်ရွက်ရမယ့်ကိစ္စ ဖြစ်သောကြောင့် ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် ဆက်စပ်သည့် နေရာများအတွက် ဗိုင်းရပ်စ်ကိစ္စကို ကာကွယ်ရေး KNU တာဝန်ရှိသူများနှင့် ဆွေးနွေးထားပြီးဖြစ်ပြီး ၎င်းတို့ဘက်မှလည်း ပူးပေါင်းဆောင်ရွက်မည်ဟု ပြန်လည်ပြောဆိုထားကြောင်း ဦးမြင့်မောင်က ဆိုသည်။

လက်ရှိတွင် နယ်စပ်တစ်လျှောက် ထီးခီးတွင်တစ်ခု၊ မောတောင်တွင်တစ်ခု၊ ကော့သောင်းနှင့် ပါချန်မြစ်တစ်လျှောက်တွင် ၁၀ နေရာတို့၌ ရောဂါ စစ်ဆေးရေးစင်တာများကို ချထားစစ်ဆေးနေသည်။

ထို့အပြင် ထိုင်းနှင့်ထားဝယ်ခရိုင် နယ်စပ်တစ်လျှောက်မှ ထားဝယ်သို့ဝင်ရန် ဆုံချက်နေရာဖြစ်သည့် မေတ္တာမြို့ထိပ် တံတားတွင်လည်းကောင်း၊ မြိတ်ခရိုင် နှင့် ကော့သောင်းခရိုင်နယ်စပ်တစ်လျှောက်မှ မြိတ်သို့ ဝင်ရာဆုံချက်နေရာဖြစ်သည့် တနင်္သာရီတံတားတွင်လည်းကောင်း ရောဂါစစ်ဆေးရေးစင်တာများကို ချထားစစ်ဆေးလျက်ရှိသည်။

"တရားမဝင် ဖြတ်သွားဖြတ်လာနေတာတွေရှိတယ်။ ရှိတော့ ဒါတွေကို အသေးစိတ်လိုက်ထိန်းချုပ်ဖို့ အခက်အခဲရှိတယ်။ ဒီတော့ သက်ဆိုင်ရာအဆင့်ဆင့်သော အုပ်ချုပ်ရေးအဖွဲ့တွေကနေပြီး ထူးခြားအခြေအနေရှိရင် ကျန်းမာရေးဦးစီးဌာနကို အမြန်ဆုံးဆက်သွယ် အမြန်ဆုံးအကြောင်းကြားဖို့ မှာကြားထားပါတယ်။ အမြန်ဆုံးသတင်းပို့ဖို့ပေါ့။ ဒီလိုနည်းနဲ့ ဆောင်ရွက်မှရမယ်ပေါ့။ အားလုံး တစ်လျှောက်လုံးလိုက်ပြီး (ဆေးစစ်စင်တာတွေ) ချထားဖို့ကလည်း အဆင်မပြေဘူးလေ" ဟု ဝန်ကြီးချုပ် ဦးမြင့်မောင်ကပြောသည်။

လက်ရှိတွင် သင်္ကြန်ပွဲတော်များ ပိတ်သိမ်းထားခြင်းကြောင့် သင်္ကြန်တွင် အလုံးအရင်းဖြင့် ပြန်လာနိုင်သည့်အခြေအနေနည်းနိုင်ကြောင်း ဦးမြင့်မောင်က ခန့်မှန်းနေသည်။

"တကယ်လို့ ပြန်လာကြရင်လည်း ကိုရိုနာနဲ့ပတ်သက်ပြီး ကိုယ့်ကိုယ်ကိုယ် သံသယရှိရင် ရပ်ကွက်အုပ်ချုပ်ရေးမှူးကတစ်ဆင့် ဆေးရုံ၊ ဆေးခန်းတွေဖြစ်ဖြစ် ဆက်သွယ်ပြီး ကိုယ့်အသိနဲ့ကို စစ်ဆေးခံမယ်ဆိုရင်တော့ ပူးပေါင်းပါဝင်တဲ့သဘော ဖြစ်တယ်ပေါ့ဗျာ" ဟု ဦးမြင့်မောင်က ပြောသည်။

ထီးခီးနယ်စပ်တွင် ကျန်းမာရေးစစ်ဆေးမှုခံယူရန် နှိုးဆော်ထားသည့်စာ

မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများကမူ သင်္ကြန်ပြန်လိုသည်ဆိုသည့်တိုင် မလေးရှားနိုင်ငံကို အဝင်အထွက်တင်းကျပ်စွာ ယာယီပိတ်ထားလိုက်ပြီဖြစ်ရာ ပြန်ရန်မလွယ်ကူတော့ဟု မလေးရှားရောက် ထားဝယ်သားတစ်ဦးက ပြောသည်။

"လမ်းမှာစစ်တပ်ပါ အားလုံးချထားတာ၊ မတ်လ ၁၃ ရက်ကျော်လို့ ရောဂါကူးသူ ပိုတိုးလာရင် ဆက်ပိတ်ထားမှာပဲ" ဟု ၎င်းထားဝယ်သားက ပြောသည်။

မလေးရှားတွင် မတ်လ ၂၁ ရက် ညနေ ၆ နာရီခွဲအထိ ကိုဗစ်ဖြင့် သေဆုံးသူ ၈ ဦးအထိရှိလာပြီဖြစ်ပြီး ကူးစက်ခံထားရသူ ၁၁၈၃ ဦးထိ ရှိလာပြီဖြစ်သည်။

ထိုင်းနှင့် မလေးရှားနိုင်ငံမှ မြန်မာသံရုံးများကမူ မြန်မာရွှေ့ပြောင်းလုပ်သားများကို နေရပ်မပြန်ကြဘဲ လက်ရှိနေရာတွင်သာ ကျန်းမာရေးညွှန်ကြားချက်များ အတိုင်းလုံခြုံစွာနေထိုင်ကြရန် တိုက်တွန်းဆော်သြထားသည်။

သို့သော် ပြန်ရန် ယတိပြတ်ဆုံးဖြတ်ထားသူ တို့ကိုမူ ထိုဆော်သြမှုက တိုးပေါက်ရန် မလွယ်ပါ။

"ပြန်ချင်သူတွေတော့ ဘယ်လိုပိတ်ပိတ် ခိုးပြန်ကြတာပါပဲ" ဟု ထိုင်းနိုင်ငံတောင်ဘက်ဖျား ဟရိုင်တွင် အလုပ်လုပ်သည့် လောင်းလုံးမြို့နယ်သားတစ်ဦး ကပြောသည်။

လက်ရှိတွင် မိမိရောက်ရာအရပ်၌ လုံခြုံစွာနေထိုင်ခြင်းက အကောင်းဆုံးဖြစ်ပြီး မဖြစ်မနေ ခိုးပြန်မည့်သူများအနေဖြင့် မိမိနိုင်ငံသို့ စရောက်ရောက်ချင်း နီးစပ်ရာကျန်းမာရေးဌာနသို့သွားရောက်ကာ ကိုရိုနာ စစ်ဆေးမှုခံယူမည်ဆိုပါက ၎င်းအတွက်ရော ၎င်း၏ ပတ်ဝန်းကျင်အပါအဝင် နိုင်ငံအတွက်ပါ ပိုမိုလုံခြုံမည်ဖြစ်ကြောင်း ကော့သောင်းမြို့နယ် ပါချန်မြစ်ကမ်း မာရမ်းရွာနေ ဒေါက်တာဘိုဘိုမင်းက ပြောသည်။

"ကိုယ့်တစ်ယောက်ကြောင့် တခြားသူတွေ အန္တရာယ်မဖြစ်အောင် စဉ်းစားဆင်ခြင်ပေးပါလို့ မေတ္တာရပ်ခံချင်ပါတယ်" ဟု ဒေါက်တာဘိုဘိုမင်းက ဆိုသည်။

မြိတ်ခရိုင်မောတောင်မြို့ အမှတ် ၁ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုးနိုင်ဝင်းကလည်း ရောဂါပိုးစစ်ဆေးမှုမခံရသည့် ထိုင်းဘက်မှ ခိုးပြန်သူတစ်ဦးဦးက မောတောင်သို့ ရောဂါပိုးသယ်လာမည်ကို စိုးရိမ်နေသည်။

ထိုသို့ဆိုပါက ၎င်းအပါအဝင် ၎င်း၏အနီးဆုံး မိသားစုဝင်များ၊ ၎င်းမှတစ်ဆင့် ရပ်ကွက်၊ မြို့၊ နိုင်ငံအတွက်ပါ ရင်လေးစရာဖြစ်လာမည်ဟု ဦးစိုးနိုင်ဝင်းက ပြောသည်။

"ကိုယ့်မိသားစု၊ ကိုယ့်မြို့၊ ကိုယ့်နိုင်ငံကိုချစ်ရင် ဗိုင်းရပ်စ် အစစ်ခံပြီးမှ ဝင်လာပါလို့ မှာချင်ပါတယ်" ဟု ၎င်းကပြောသည်။            

Dawei Watch