News

POST TYPE

FEATURE

ကိုရိုနာဗိုင်းရပ်စ်နှင့် အလုပ်သမားအခွင့်အရေး
23-Mar-2020


ကိုရိုနာဗိုင်းရပ်စ်ဟာ ဗိုင်းရပ်စ်ပိုးအသစ်ဖြစ်လို့ ကုသရေးအတွက် နည်းလမ်း၊ ကာကွယ်ရေးအတွက် ကာကွယ်ဆေးတွေဆိုတာလည်း အခုမှ တစ်ကမ္ဘာလုံးက သုတေသီတွေ လေ့လာနေဆဲဖြစ်ပါတယ်။ ကုသရေးနည်းနဲ့ ကာကွယ်ဆေးနည်းသစ်တွေ ရှာတွေ့ပြီ ဆိုရင်တောင်မှ စမ်းသပ်တာ၊ အလုံးအရင်းလိုက် ကုန်ထုတ်လုပ်ရေးလုပ်တာ စတဲ့ ဖြစ်စဉ်တွေ ဖြတ်သန်းဖို့ အချိန်အကြာကြီး လိုအပ်ဦးမှာပါ။ ဒီတော့လည်း 'ကုသခြင်းထက် ကာကွယ်ခြင်းက ကောင်း၏' ဆိုတဲ့ ရှေးထုံးပဲ လက်သုံး၊ ကျင့်ရတော့တာပေါ့။

အစိုးရကတော့ ကာကွယ်ရေးအတွက် လူစုဝေးစေမယ့် ပွဲကျင်းပတာတွေကို ပိတ်ပင်လိုက်ပါတယ်။ သင်္ကြန်ကာလလည်းနီးပြီမို့ သတင်းဌာနတချို့ကလည်း သင်္ကြန်ပွဲတွေ ဖျက်သင့်၊ မဖျက်သင့် ဆွေးနွေးဝိုင်းတွေ လုပ်နေတာတွေ့ရပါတယ်။ မြန်မာနိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံအတည်ပြုလူနာ မတွေ့သေးလို့ အလုပ်ခွင်တွေ၊ ကူးသန်းသွားလာရေးတွေကတော့ ဆက်လက်လည်ပတ်ဆဲပါ။ အထူးသဖြင့် မြို့ကြီးတွေ ဖြစ်တဲ့ ရန်ကုန်၊ မန္တလေးက စက်ရုံကြီးတွေမှာ လူထောင်ချီ စုဝေးအလုပ်လုပ်နေကြဆဲပါ။

ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရရင် ဒီစက်ရုံလုပ်သားထုတွေ အစုလိုက် အပြုံလိုက် ကူးစက်ပြီး၊ သူတို့ကမှတစ်ဆင့် မိသားစုဝင်တွေဆီ ဆတိုးကိန်းနဲ့ရောဂါသည်ဦးရေ ပွားသွားနိုင်ပါတယ်။ ဒါ့အပြင် ဒီလုပ်သားထုက မြန်မာနိုင်ငံအနှံ့အပြား ကျေးလက်ကနေ အလုပ်တက်ရှာ လုပ်နေရသူတွေဖြစ်လို့ သင်္ကြန်ကာလပိတ်ရက်မှာ ကိုယ့်ဌာနေ ပြန်ကြတာလည်း ထုံးစံပါပဲ။ ရောဂါပိုးလက္ခဏာ မပြသေးတဲ့ သယ်ဆောင်သူ အလုပ်သမားတစ်ယောက်ကတစ်ဆင့် စက်ရုံလုပ်သားထု တစ်ရပ်လုံးကူးစက်ခံရနိုင်ပြီး၊ ဒီလူတွေက သင်္ကြန် ကာလအတွင်း ကျေးလက်ကိုပြန်တဲ့အခါ နိုင်ငံအနှံ့အပြားမှာ ရောဂါကူးစက်ခံရသူဦးရေ ဆတိုးကိန်းပွားသွားနိုင်ပါတယ်။ ဒါကြောင့်မို့ အလုပ်ခွင်တွင်း ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးအတွက် စက်ရုံအလုပ်ရှင်တွေက ပညာပေးဖို့၊ စီမံပေးဖို့လိုအပ်ပါတယ်။

အလုပ်ခွင်အတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံကာကွယ်ရေးအတွက် ကျွန်တော့်အလုပ်ခွင် အတွေ့အကြုံတစ်ခုကို မျှဝေချင်ပါတယ်။ ကျွန်တော် အခုအလုပ်လုပ်နေတာက နိုင်ငံတကာဆေးဘက်ဆိုင်ရာ လူသားချင်းစာနာမှု အကူအညီပေးတဲ့ အဖွဲ့အစည်းတစ်ခုမှာပါ။ ကိုရိုနာဗိုင်းရပ်စ်ပိုး နိုင်ငံအတော်များများမှာ ပျံ့နှံ့ကူးစက်ခံနေရတဲ့သတင်းတွေရပြီးတဲ့ နောက်ပိုင်းမှာ ဥရောပအခြေစိုက်ရုံးချုပ်က မြန်မာနိုင်ငံတွင်းက ကျွန်တော်တို့ ဝန်ထမ်းတွေကို ပြည်တွင်း၊ ပြည်ပခရီးသွားလာရေး အစီအစဉ် ဆွဲထားသမျှ ရပ်ဆိုင်းခိုင်းပါတယ်။ မှတ်မှတ်ရရ မတ်လ ၆ ရက်နေ့ကတိုင်ပါ။ ရုံးချုပ်ဝန်ထမ်းတွေ မြန်မာနိုင်ငံဆီလာဖို့ စီစဉ်ထားတဲ့ ခရီးစဉ်တွေလည်း ရပ်ဆိုင်းခံရပါတယ်။ မသွားမဖြစ် ကိစ္စတစ်ခုခုကြောင့် ခရီးသွားရတဲ့ နိုင်ငံခြားသားဝန်ထမ်းတွေလည်း ဇာတိနိုင်ငံကနေ ကျွန်တော်တို့ဆီ ပြန်လာတဲ့အခါ နှစ်ပတ် Self-isolation လုပ်ကြရပါတယ်။

ဒါ့အပြင် ရုံးမှာလည်း ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးနည်းလမ်း ပိုစတာတွေ ကပ်ပေးထားပါတယ်။ ဒါတင် မကသေးပါဘူး။ မတ်လ ၁၃ ရက်နေ့မှာ ဝန်ထမ်းအားလုံးကို ကိုရိုနာကာကွယ်ရေး အသိပညာပေးဟောပြောတာ လုပ်ပေးပါတယ်။ ဝန်ထမ်းတွေထဲမှာ ယာဉ်မောင်း၊ သန့်ရှင်းရေးသမားကနေ တခြားရုံးဝန်ထမ်းတွေရော အားလုံးတက်ရောက်ကြရပါတယ်။ 

လုပ်ပေးဖို့လည်း လိုအပ်ပါတယ်။ ကိုရိုနာကာကွယ်ဖို့  Mask တပ်လို့ပြောရုံနဲ့ မလုံလောက်ပါဘူး။ တပ်နည်း၊ ချွတ်နည်းကိုလည်း စနစ်တကျ ရှင်းပြမှသာ ထိရောက်တဲ့ကာကွယ်ရေး ဖြစ်မှာပါ။ အလားတူပဲ၊ လက်ကို တစ်နာရီခြား ဆေးကြလို့ပြောရုံနဲ့ မလုံ လောက်ပါဘူး။ လက်ဆေးနည်း ဆေးဟန်ကို စနစ်တကျသင်ပြမှသာ ထိရောက်တဲ့ကာကွယ်ရေး ဖြစ်မှာပါ။ ချောင်းဆိုးရာမှာ လိုက်နာရမယ့် နည်းလမ်းလည်း ထို့တူပါပဲ။ စနစ်တကျ ရှင်းပြမှသာ ကျွန်တော်တို့တွေ အလုပ်ခွင်မှာ လုံခြုံရေးအတွက် ထိထိရောက်ရောက် ကာကွယ်ပေးနိုင်မှာပါ။ 

ကျွန်တော်တို့ အလုပ်ခွင်ကနိုင်ငံတကာက ဝန်ထမ်းပေါင်းစုံ ပါဝင်လို့ အရင်ကတစ်ယောက်ကို တစ်ယောက် လက်ဆွဲနှုတ်ဆက်ကြပေမယ့် ခုတော့ လက်ဆွဲနှုတ်ဆက်တာ မလုပ်ကြတော့ပါဘူး။ တစ်ယောက်နဲ့ တစ်ယောက် မျက်နှာအမူအရာအားဖြင့်သာ အသိအမှတ် ပြုကြပါတယ်။ ဆိုလိုတာက အလုပ်ခွင်မှာ အလုပ်သမားတွေ ကိုရိုနာဗိုင်းရပ်စ်ပိုး မကူးစက်ခံရအောင် ကာကွယ်ရေးအတွက် ကျန်းမာရေးပညာပေး ဟောပြောပွဲတွေလုပ်ပေးဖို့ လိုအပ်ပါတယ်။ ဒါဟာ အလုပ်ခွင်လုံခြုံမှုနဲ့ သက်ဆိုင်တာမို့ အလုပ်ရှင်မှာ တာဝန် အပြည့်အဝ ရှိပါတယ်။ 



ကျန်းမာရေးဟောပြောပွဲတွေ လုပ်ပေးရုံနဲ့လည်း အလုပ်ခွင်လုံခြုံမှု မရှိနိုင်သေးပါဘူး။ လက်တွေ့လိုက်နာ ကျင့်သုံးနိုင်ဖို့ဆိုရင် အလုပ်သမားတွေအတွက် လက်ဆေးဆပ်ပြာ၊ လက်ဆေးစရာနေရာ၊ Hand Gel ၊ နှာခေါင်းစွပ် စတာတွေလည်း စီစဉ်ပေးဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ရုံးမှာ အရင်ကတိုင် လက်ဆေးစရာဆပ်ပြာနဲ့ ဘေစင်တွေထားပေးထားပေမယ့်၊ ခုနောက်ပိုင်းမှာ Hand Gel ကိုပါ နေရာတိုင်းမှာ ဝန်ထမ်းတိုင်း လွယ်လင့်တကူ သုံးနိုင်အောင် ပိုစီစဉ်ထားပေးပါတယ်။ ခွင့်ရလို့ ဇာတိရပ်မြေဆီ ပြန်သူတိုင်းကိုလည်း Hand Gel တစ်ဘူးနဲ့ နှာခေါင်းစွပ်တွေ ဝေပေးပါတယ်။ 

ဒီအတိုင်းပဲ၊ အလုပ်ခွင်လုံခြုံရေးအတွက် အလုပ်သမားတိုင်း လိုက်နာကျင့်သုံးနိုင်ဖို့ဆိုရင်လည်း လိုအပ်တဲ့ပစ္စည်းတွေကို အလုပ်သမားတိုင်း လွယ်လင့်တကူ လက်လှမ်းမီအောင်စီမံပေးရမှာ အလုပ်ရှင်ရဲ့ တာဝန်ဖြစ်ပါတယ်။ စက်ရုံအလုပ်ရုံတွေက တစ်နေ့ လုပ်၊ တစ်နေ့စား အလုပ်သမားတွေအတွက် ပိုလို့တောင်လိုအပ်ပါတယ်။ အခုဆိုရင် ခေတ်ပျက်မှာ သူဌေးလုပ်ချင်သူ၊ ဆေးဝါးပစ္စည်း ရောင်းချသူတွေက Hand Gel နဲ့ နှာခေါင်းစွပ် ဈေးနှုန်းတွေကို ပုံမှန်ထက်အဆများစွာ မြှင့်ထားလို့ လက်လှုပ်မှပါးစပ်လှုပ်ရတဲ့ စက်ရုံအလုပ်သမားတွေ ကာကွယ်ရေးနည်းအတိုင်း နေထိုင်ချင်ရင်တောင် လက်လှမ်းမီနိုင်စရာ မရှိပါဘူး။ ဘာပဲဖြစ်ဖြစ် စက်ရုံအလုပ်သမားတွေ အလုပ်ခွင်လုံခြုံရေးအတွက် တာဝန်ယူစီစဉ်ပေးရမှာကတော့ အလုပ်ရှင်ရဲ့ တာဝန်ပါပဲ။

အချုပ်ဆိုရရင် ကိုရိုနာဗိုင်းရပ်စပ် ကမ္ဘာ့ကပ်ဖြစ်နေချိန်မှာ အလုပ်သမားတွေ အလုပ်ခွင်မှာ လုံခြုံမှုရှိရေးအတွက် ကျန်းမာရေးဟောပြောပွဲ စီစဉ်ပေးတာ၊ ကာကွယ်ရေးနည်းလမ်းအတိုင်း နေ့စဉ်ဘဝမှာ နေထိုင်နိုင်အောင် လိုအပ်တဲ့ပစ္စည်းတွေကို စီမံပေးတာကို အလုပ်ရှင်တွေ လုပ်ပေးရမှာဖြစ်ပါတယ်။ ဒီအတွက် အလုပ်ရှင်တွေမှာ တာဝန်အပြည့်အဝ ရှိပါတယ်။ အလုပ် သမားတွေမှာ အခွင့်အရေးအပြည့်အဝ ရှိရပါမယ်။ 

ဉာဏ်အောင်