News

POST TYPE

FEATURE

ကျွန်မတို့ခေတ်ကစပြီး သားသမီးကို တန်းတူညီမျှ အမွေခွဲပေးမယ်ဆိုသူ နာဂအမျိုးသမီး “ရောင်းစီးရှီး”
03-Feb-2020

ဓာတ်ပုံ - လဲ့လဲ့

“ဟေ့ အေ … ဟေ့ အေ့..”ဆိုတဲ့ညာသံတွေနဲ့အတူ သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်စုဟာ ကြီးမားတဲ့ ကျောက်တုံးကြီးတွေကို လက်ဆင့်ကမ်းပြီး သယ်ယူနေကြတာ အဝေးကနေ မြင်တွေ့ရပါတယ်။

ကျောက်လမ်းခင်းဖို့အတွက် ကျောက်သယ်ကားပေါ်က ကျလာတဲ့ကျောက်ခဲတွေကို အမျိုးသမီးတွေက သယ် ယူပြီး အမျိုးသားတွေကတော့ ကားပေါ်က ကျလာတဲ့ကျောက်တွေ ဘေးချော်ထွက်မသွားစေဖို့ ကြီးကြပ်ပေးရပါတယ်။

ပြင်းလွန်းတဲ့ နေအပူရှိန်အောက်မှာ ချွေးတလုံးလုံးနဲ့ ကျောက်မှုန့်တွေကို ရှူရှိုက်ရင်း လမ်းခင်းဖို့ ကျောက်တွေ ထုခွဲတာ၊ ကျောက်ခဲတွေစီတာ၊ ကျောက်သယ်တာ စတာတွေကို နေ့စဉ်လုပ်နေတဲ့ ဒီအမျိုးသမီးတွေဟာ ဘယ်လောက်တောင် ပင်ပန်းကြမလဲဆိုတာ မတွေးရဲစရာပါ။

မျက်နှာမှာ ဘာမှမလိမ်းချယ်ထားတာကြောင့် ဖြူနုတဲ့အသားအရေက နီရဲနေပြီး လူပုံနွဲ့နွဲ့နှောင်းနှောင်းနဲ့ မလိုက်ဖက်တဲ့ ကျောက်သယ်တဲ့အလုပ်ကိုလုပ်နေသူ “ရောင်းစီးရှီး”ဆိုသူ နာဂအမျိုးသမီးတစ်ဦးကိုလည်း ဒီအ မျိုးသမီးတစ်စုထဲမှာ တွေ့ရမှာဖြစ်ပါတယ်။

အသက်(၃၁)အရွယ် သားသမီး(၃)ယောက်မိခင်၊ “ရောင်းစီးရှီး”ဟာဆိုရင် သူ့ဘဝမှာ မျှော်မှန်းထားတာက သူ နာပြုဆရာမတစ်ဦးဖြစ်ဖို့ပါ။ ဒါပေမယ့် ဒီဒေသမှာရှိတဲ့ ဓလေ့ထုံးတမ်း အစဉ်အလာတွေက သူ့ရဲ့ အိပ်မက်ကို စွန့်လွှတ်စေခဲ့ပါတယ်။

“ရောင်းစီးရှီး”လို စိတ်ကူးအိပ်မက်တွေကို စွန့်လွှတ်ခဲ့ကြရတာဟာ နာဂဒေသမှာရှိတဲ့ အမျိုးသမီးအများစု ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေသာ ဖြစ်ပါတယ်။

လေးရှီးမြို့က နာဂအမျိုးသမီးအဖွဲ့အစည်း (NWA) ရဲ့ဥက္ကဌ ဒေါ်နုကြည်က သားယောက်ျားလေးတွေသာ ပညာသင်ခွင့်၊ အမွေဆက်ခံခွင့်ရှိရမယ်ဆိုတဲ့ ဓလေ့တွေကြောင့် ဆုံးရှုံးနစ်နာမှုတွေရှိသွားတဲ့ နာဂအမျိုးသမီးတွေဟာ ဘဝကို ခက်ခဲစွာရုန်းကန်နေရတဲ့အတွက် ဒီလိုဓလေ့တွေက မရှိသင့်တော့ဘူးလို့ ထောက်ပြပါတယ်။

“ရောင်းစီးရှီး”ကလည်း “ကျမကတော့ မိန်းကလေးမို့လို့ အမွေမပေးရဘူးဆိုတာက မှားနေတဲ့အယူအဆလို့ လက်ခံတယ်။ မိန်းကလေးဖြစ်ဖြစ်၊ ယောကျ်ားလေးဖြစ်ဖြစ် ကိုယ့်သားသမီးပဲဆိုတော့ ကျမတို့သမီးတွေလည်း မိဘတွေရဲ့အမွေကို ခံစားပိုင်ခွင့် ရှိလိမ့်မယ်လို့ ထင်တာပေါ့။ သမီးတယောက်ထဲရှိပေမယ့် ခံစားပိုင်ခွင့်မရှိတော့ ရင်နာမိတယ်”လို့ ပြောပါတယ်။

အမိမီရွာမှာနေတဲ့ “ရောင်းစီးရှီး”ဟာ ကျောက်သယ်တဲ့အလုပ်ဆီကို နာရီဝက်လောက်လမ်းလျှောက်ပြီး အလုပ်လာလုပ်တာဖြစ်ပါတယ်။ ပညာသင်ခွင့်မရတဲ့ နာဂအမျိုးသမီးတွေအတွက် အပိုဝင်ငွေရနိုင်တဲ့အလုပ်က ဒီလို နေ့စားအလုပ်အပြင် တခြားရွေးချယ်စရာ မရှိပါဘူး။

ဒီလိုနေ့စားလုပ်မှ အပိုဝင်ငွေရပြီး မိသားစုစားဝတ်နေရေးအတွက် အသုံးပြုနိုင်မယ်၊ ကလေးတွေရဲ့ ပညာရေးမှာ အဓိကသုံးစွဲဖို့ စုဆောင်းထားရတယ်လို့ “ရောင်းစီးရှီး”က ကျောက်ပုံကြားမှာ အမောဖြေနေရင်းပြောပါတယ်။

နာဂအမျိုးသမီးတွေက အမျိုးသားတွေနဲ့တန်းတူ ပန်းရံအလုပ်လည်း လုပ်ကြတယ်။ ဒီလိုအလုပ်ကြမ်းတွေ နားထားတဲ့ မိုးရာသီတွေမှာတော့ အထည်ယက်တာ၊ ပြောင်းဖူးချွေတာ၊ စက်ချုပ်တာတွေ လုပ်ကြရတယ်လို့ သိရ ပါတယ်။

“ရောင်းစီးရှီး”တို့ဟာ လေရှီးမြို့ရဲ့ မြို့ပတ်လမ်းမှာ ကျောက်သားခင်းတဲ့အလုပ်ကို နေ့စားအဖြစ် တနေ့လုပ်ခ (၇)ထောင်နဲ့ လုပ်နေကြပေမယ့် ဒီအလုပ်က အမြဲမရှိတာကြောင့် မိသားစု(၅)ယောက်အတွက် မလောက်ငှဘူး လို့ သူ့နဖူးက စီးကျလာတဲ့ ချွေးတွေကို လက်မောင်းနဲ့သုတ်ရင်းပြောပြပါတယ်။

နာဂဒေသဟာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး ဒေသထွက်ကုန်မရှိတဲ့အတွက် အလုပ်အကိုင်ရှားပါးသလို အတန်းပညာလည်း မတတ်ကြလို့ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ပိုပြီးပင်ပန်းခက်ခဲစွာ အလုပ်လုပ်ကြရပါတယ်။

ဒီအထဲမှာ “ရောင်းစီးရှီး”ကတော့ ရိုးရဓလေ့ကျင့်သုံးမှုတွေကြောင့် ပန်းတိုင်အထိသွားဖို့ ကန့်သတ်ခံရသလို မလိုချင်တဲ့ အိမ်ထောင်ရေးကိုလည်း ထူထောင်လိုက်ရပြီး ဘဝကို ခက်ခဲကြမ်းတမ်းစွာ ရုန်းကန်နေရတဲ့ နာဂ အမျိုးသမီးတစ်ဦးဖြစ်ပါတယ်။

တဦးတည်းသောသမီးဖြစ်တဲ့ “ရောင်းစီးရှီး”ဟာ ငယ်စဉ်ကတည်းက မိဘနှစ်ပါးလုံး ရှေ့ဆင့်နောက်ဆင့် ဆုံးသွားခဲ့ပြီး သမီးမိန်းကလေးဖြစ်တဲ့အတွက် ရိုးရာဓလေ့အရ အမွေမရခဲ့ပါဘူး။

မြန်မာနိုင်ငံမှာ အစိုးရမှ အသိအမှတ်ပြုထားတဲ့ နာဂမျိုးနွယ်စုတွေဟာ တန်ရှန်း၊ တောင်ကွန်၊ ကွန်ညှပ်၊ ခမ်မြူငမ်၊ လိုင်းနောင်၊ မကူရီ၊ ပါရာစသဖြင့် (၇) မျိုးရှိပါတယ်။ မျိုးနွယ်စုတိုင်းမှာလည်း ကျင့်သုံးတဲ့ ရိုးရာဓလေ့နဲ့ ဘာသာစကားတွေဟာ တူညီမှု မရှိပေမယ့် သားယောကျ်ားလေးရှိတာ ဂုဏ်ရှိတယ်၊ သားယောကျ်ားလေးကိုသာ အမွေပေးသင့်တယ်ဆိုတဲ့ ဓလေ့ကတော့ နာဂလူမျိုးတိုင်းမှာ ရှိတယ်လို့ဆိုပါတယ်။

အသက် (၅၀)အရွယ် သား(၂) ဦးရှိတဲ့ နာဂအမျိုးသမီး “ရဟူးရယ်” က “ကျမတို့နာဂမှာ သမီးမိန်းကလေး (၃) ယောက်လောက် ဆက်မွေးရင် ဒီအမွေတွေကို သူများကို ပေးရမှာစိုးတာနဲ့ သူတို့အမွေဆက်ခံခွင့် မရတော့ မှာကို မိဘတွေက စိတ်ပူကြလို့ သားမွေးတာ ဂုဏ်ရှိတယ်ဆိုပြီး ယူဆကြတာပါ”လို့ ရှင်းပြပါတယ်။

ဒီလိုသားယောကျ်ားလေးကို အထွဋ်အမြတ်ထားတာတဲ့ကိစ္စအပေါ် သူတို့ကိုယ်တိုင်လည်း ပြောင်းလဲဖို့ မလွယ်ပါဘူးလို့ နာဂအမျိုးသမီးတစ်ဦးဖြစ်တဲ့ “ရဟူးရယ်”က ဝန်ခံပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ သားတွေက အိမ်ထောင်တစ်ခုလုံးကို ဦးစီးဦးဆောင်ရသလို အိမ်ထောင်ပြုတဲ့အခါမှာလည် ဇနီးမယားကို မိဘတွေနဲ့အတူနေစေပြီး အိမ်ကနေ ထွက်ခွာမသွားတာကြောင့် သားတွေက အမွေခံထိုက်တယ်လို့ သူတို့က သုံးသပ်ကြတာပါလို့ “ရဟူးရယ်” က ထောက်ပြပါတယ်။

နာဂလူမျိုးတွေထဲက မကူရီမျိုးနွယ်စုရဲ့ အမွေဆက်ခံခွင့်မှာဆိုရင် မိသားစုထဲမှာ သားယောကျ်ားလေးပါရင် သားက အမွေရပြီး သမီးမိန်းကလေးချည်းပဲ မွေးရင်တော့ ဒီအမွေကို သားရှိတဲ့ဖခင်ရဲ့ဆွေမျိုးတွေဘက်က ပိုင်ဆိုင်ခွင့်ရကြတယ်။

“ပစ္စည်းတွေရောင်းပြီး ပညာသင်ဖို့ စီစဉ်ခဲ့ပေမယ့် ကျမက မိန်းကလေးမို့လို့ အမွေဆက်ခံနိုင်ခွင့် မရှိဘူးဆိုပြီး သိမ်းသွားခဲ့တယ်။ ကျမအမွေမရခဲ့ဘူး”လို့ ရောင်းစီးရှီးက သူရဲ့အဖြစ်အပျက်ကို ပြန်ပြောပြပါတယ်။

“ရောင်းစီးရှီး” (၇)တန်းအရွယ်မှာ မိဘနှစ်ပါးဆုံးသွားတာကြောင့် အမွေတွေကို ဖခင်ရဲ့ဆွေမျိုးတွေက ယူသွား ကြပြီး သူ့ကိုပစ်ထားခဲ့လို့ တခြားသူတွေက မွေးစားထားခဲ့ရပါတယ်။ ဒီလိုနဲ့ “ရောင်းစီးရှီး” (၉)တန်းအရွယ် ရောက်တဲ့အခါ မွေးစားမိဘတွေက သူတို့ရဲ့သားနဲ့ လက်ထပ်ပေးစားလိုက်ကြပါတယ်။

သူ့အနေနဲ့ ပညာကို ဆက်လက်သင်ကြားပြီး သူနာပြုလုပ်ကာ မွေးစားမိဘတွေကို လုပ်ကျွေးသွားဖို့ ရည်မှန်း ထားတာဖြစ်တဲ့အတွက် ပညာဆက်လက်သင်ယူခွင့်ပေးဖို့ (၃)လနီးပါး ငိုယိုတောင်းပန်ခဲ့ပေမယ့် သူ့ဘက်မှာ ရပ်တည်ပေးမယ့်သူလည်းမရှိခဲ့လို့ မွေးကျေးဇူးကို ထောက်ထားပြီး အိမ်ထောင်ပြုဖို့ လက်ခံလိုက်ရပါတယ်။

နာဂလူမျိုးတွေရဲ့ ဓလေ့ထုံးတမ်းမှာ သမီးမိန်းကလေးတွေကို ပညာသင်ပေးတာ နည်းပါတယ်။ မိဘတွေဟာ သူတို့နဲ့အတူ သမီးတွေကို တောင်ယာထဲ ခေါ်သွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ သမီးတွေက အချိန်တန်လို့ အိမ်ထောင်ပြုရင် တခြားမျိုးနွယ်စုဖြစ်သွားတဲ့အတွက် သမီးတွေကို ပညာသင်ပေးဖို့မလိုဘူးလို့ ယူဆထားကြတာ ဖြစ်ပါတယ်။

“ကျမက အမွေလည်း မရတဲ့အပြင် ပညာလည်းမရခဲ့ဘူး။ ကိုယ်အိမ်ထောင်ကျသွားတော့လည်း ဒီအမွေတွေ ဘာမှမရတော့ ကိုယ့်ဒူးကိုယ်ချွန်လုပ်ခဲ့ရတော့ အခက်အခဲက ပြောမပြနိုင်အောင် ရှိခဲ့တယ်”လို့ ကျလာတဲ့ မျက်ရည်တွေကို ဖုန်ပေနေတဲ့လက်နဲ့သုတ်ရင်း “ရောင်းစီးရှီး”က ပြောပါတယ်။

ပညာရေးမှာ တစ်နှစ်တစ်တန်းအောင်ခဲ့တဲ့ “ရောင်းစီးရှီး”က သူရဲ့မိဘတွေ ဆေးမကုသနိုင်လို့ သေဆုံးခဲ့ကြ ရတဲ့အတွက် သူ့မိဘတွေလို တခြားသူတွေကို အသက်မဆုံးရှုံးစေချင်တာကြောင့် သူနာပြုလုပ်ဖို့ စိတ်အား ထက်သန်ခဲ့တာပါ။

ဒါပေမယ့် သူဟာ အိမ်ထောင်မပြုသင့်သေးတဲ့အရွယ်မှာ အိမ်ထောင်ပြုခဲ့ရပြီး သူ့ရဲ့ ရည်မှန်းချက်ပန်းတိုင်နဲ့ အလှမ်းဝေးခဲ့ရကာ ခင်ပွန်းဖြစ်သူရဲ့ စီမံခန့်ခွဲမှုအောက်မှာ အိမ်ထောင်ရှင်မအဖြစ် နေထိုင်ခဲ့ရပါတယ်။

လေရှီးမြို့က ဓမ္မဆရာတဦးဖြစ်တဲ့ ပရယ်ဆန့်က “မိန်းကလေးဖြစ်လို့ အမွေမပေးရဘူး။ မိန်းကလေးဖြစ်လို့ အခွင့်အရေး မရဘူးဆိုတာတွေက မရှိသင့်တော့ပါဘူး။ အရင်တုန်းက ဘိုးဘွားတွေက ပေးတဲ့အမွေကျတော့ အမျိုးသားတွေကို ပေးရတယ်။ ဒါပေမယ့် မိဘက စုဆောင်းထားတဲ့ အိမ်ယာတွေကျတော့ သမီးတွေကိုလည်း ပေးရမယ်ဆိုတဲ့ နာဂဓလေ့ရဲ့ ထုံးတမ်းအစဉ်အလာမှာ ပြုပြင်ထားပြီးဖြစ်တယ်”လို့ ရှင်းပြပါတယ်။

“ရောင်းစီးရှီး”ကတော့ ခင်ပွန်းဖြစ်သူ ကျန်းမာရေးမကောင်းတာကြောင့် အိပ်ယာထဲလဲနေတဲ့ (၁၀)နှစ်တာ ကာလအတွင်းမှာ ဒုက္ခမျိုးစုံနဲ့ ကြုံတွေ့ခဲ့ရတဲ့အတွက် ကိုယ့်ကိုကိုယ်သေဖို့တောင် စဉ်းစားမိခဲ့တယ်။ ဒါပေမယ့် ကလေးတွေ ရှိသေးတယ်လို့ တွေးမိရင် ဘာမှမဟုတ်တော့ဘူးလို့ သူက မျက်ရည်တွေ ကျမလာစေဖို့ မျက် တောင်လေး ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း ပြောပါတယ်။

သူဟာ အပိုဝင်ငွေရမယ့် ဘယ်အလုပ်မဆို ရအောင်လုပ်ခဲ့ပြီး သူအကြောက်ဆုံးကတော့ တောင်ယာလုပ်ရမှာ ကိုပဲလို့ ဆိုပါတယ်။

နာဂလူမျိုးတွေက တောင်ယာအလုပ်နဲ့ အသက်မွေးဝမ်းကြောင်းပြုကြပေမယ့် တောင်ယာက တောင်စောင်းတွေမှာ စိုက်ခင်းလုပ်ရတာ၊ တောင်ယာရှင်းလင်းခုတ်ထွင်းရတာဖြစ်လို့ သူ့အတွက် ပင်ပန်းလွန်းလှတယ်လို့ ရှင်းပြပါတယ်။

ကျောက်လမ်းခင်းတာကျတော့ ကျောက်ခွဲဖို့ပဲ အားစိုက်ရတာ တခြားကျောက်စီတာတို့ ကျောက်သယ်တာတို့က တောင်ယာအလုပ်လောက် မပင်ပန်းဘူးလို့ သူကဆက်ပြောပါတယ်။

ဒါပေမယ့် ကျောက်တွေခွဲရတဲ့နေ့တွေဆိုရင် ကိုယ်လက်တွေ နာတာရှိသလို တခါတလေ ခါးတွေနာတယ်။ လက်တွေလည်း ကျောက်ရှထားတဲ့ ဒဏ်ရာတွေအများကြီးလို့ ကျောက်မှုန့်တွေပေနေတဲ့ သူ့လက်က ဒဏ်ရာ တွေကို ပြရင်းပြောပါတယ်။

ကျောက်လမ်းခင်းတာက တဖာလုံကို (၅)သိန်းခွဲပုဒ်ဖြတ်နဲ့ရပြီး ကန်ထရိုက်ရတဲ့သူကနေတဆင့် နေ့စားလုပ် သားတွေကို ပြန်ရှင်းပေးရတာပါ။ တဖာလုံကို လူ (၁၀)ယောက်လုပ်ရင် တပတ်နဲ့ အလုပ်ပြီးတယ်လို့ သိရတယ်။

“ရောင်းစီးရှီး”တို့အဖွဲ့မှာ ယောကျာ်းလေး(၃)ယောက်၊ မိန်းကလေး(၇)ယောက် အလုပ်လုပ်နေကြတာပါ။ ကျောက်လမ်းခင်းတဲ့အလုပ်၊ ပန်းရံအလုပ်တွေမှာ အမျိုးသားတွေထက် အမျိုးသမီးတွေ အတော်များများလုပ် နေတာကို တွေ့ရတယ်။

အမျိုးသားတွေအတွက်က နေ့စားအလုပ်အဖြစ် ပန်းရံလုပ်တာ၊ ကျောက်လမ်းခင်းတဲ့အလုပ်မျိုးသာ ရှိပြီး နေ့စား လုပ်ခက တနေ့မှ (၆) ထောင်၊ (၇) ထောင်သာ ရရှိကြတယ်လို့ သိရပါတယ်။

“ရောင်းစီးရှီး”အနေနဲ့ နေ့စားအလုပ်တွေဖြစ်တဲ့ လမ်းပြင်တာတို့၊ ပန်းရံလုပ်တာ၊ ယက္ကန်းခတ်တာတို့ လုပ်လာတာ (၁၅)နှစ်လောက် ရှိလာပေမယ့် တခါမှ ငွေကြေးဖူလုံတယ်လို့ မရှိခဲ့ဘူးပါလို့ ဝမ်းနည်းစကားဆိုပါတယ်။

“အမွေတွေသာ နည်းနည်းရရင် ဒီလောက်ခက်ခဲမှာမဟုတ်ဘူး။ ကျမ ဒီအမွေကိုရောင်းချပြီး ပညာဆက်သင် မယ်ဆိုရင် ဒီလိုအလုပ်ကြမ်းလုပ်ရမှာမဟုတ်ဘူး။ ဒီအလုပ်ကြမ်းဆိုတာက ကျမဘဝမှာ လုပ်ရမယ်လို့ကို မထင်ခဲ့တာ”လို့ “ရောင်းစီးရှီး”က နာဂတောင်တန်းကြီးကို ငေးမောရင်း ပြောပါတယ်။

အလားတူ လက်ထပ်ထိမ်းမြားခွင့်မှာဆိုလည်း အမျိုးသမီးတွေကို နှိမ်ထားတဲ့ဓလေ့တွေ နာဂဒေသမှာ ရှိနေပါသေးတယ်။ မိန်းကလေးတယောက်အနေနဲ့ လက်ထပ်တဲ့အခါမှာ မိဘပေးစားသူကိုယူရင် ကာယကံရှင် မိန်းကလေးက မိဘတွေကို နွားနောက်တစ်ကောင်ပေးရပါတယ်။

တကယ်လို့ မိန်းကလေးက ကိုယ်ကြိုက်တဲ့သူကို ကိုယ်ယူရင် လျှော်ကြေးအနေနဲ့ နွားနောက် (၂) ကောင်ပေးရပါတယ်။ ဒါက နာဂလူမျိုးနွယ်တစ်ခုဖြစ်တဲ့ ကိုကာ့မျိုးနွယ်စုမှာ လက်ရှိကျင့်သုံးနေဆဲတဲ့ ရိုးရာဓလေ့ဖြစ်ပါတယ်။

မိဘသဘောတူသူကို ငြင်းဆန်ပြီး ကိုယ်နှစ်သက်သူနောက်လိုက်သွားတဲ့အတွက် ကျွဲ(၂)ကောင်လျော်ကြေး ပေးခဲ့ရတဲ့ အသက်(၇၀)အရွယ် ရှိပြီဖြစ်တဲ့ နာဂအဘွားအိုက “မိဘတွေသဘောတူထားတဲ့သူကို မကြိုက်လို့၊ ကြိုက်တဲ့သူနဲ့ တောင်ယာသွားရင်း လိုက်သွားတာ။ အတင်းပေးစားတာ လက်မခံနိုင်ဘူးလေ”လို့ ရယ်ကျဲကျဲနဲ့ ပြောပြပါတယ်။

ဒီအဘွားဟာ မောင်နှမ (၅) ယောက်ရှိပြီး သမီးက သူတစ်ယောက်ထဲပါပေမယ့် မိဘတွေက သားတွေကိုပဲ ကျောင်းထားပေးခဲ့ပြီး သူ့ကိုတော့ (၂)တန်းနဲ့ကျောင်းထွက်ခိုင်းခဲ့ပါတယ်။

သူကျောင်းတက်စဉ်ကလည်း သားဖွားဆရာမဖြစ်ချင်တဲ့ ရည်မှန်းချက်ရှိခဲ့ပေမယ့် မိဘတွေက ကျောင်းဆက် မထားတာကြောင့် သူ့ဘဝက အများကြီး နစ်နာခဲ့သလို မိဘတွေက ကျောင်းထွက်ခိုင်းပြီး လယ်လုပ်ခိုင်း၊ ကလေးထိန်း ခိုင်းတာကြောင့် သူ့ဘဝက အခုထိ ဒုက္ခရောက်ရတယ်လို့ နာနာကျင်ကျင်နဲ့ ဆိုရှာပါတယ်။

အဘွားအနေနဲ့ ကျောင်းစာလည်း မသင်ခဲ့ရသလို အိမ်ထောင်ပြုလိုက်ချိန်မှာလည်း ယောကျ်ားရဲ့ စီမံမှုအောက် မှာသာ နေခဲ့ရတဲ့အတွက် ခင်ပွန်းဖြစ်သူကွယ်လွန်သွားတဲ့အခါ ဘာမှမလုပ်တတ်၊ မကိုင်တတ်ဖြစ်ရတာကြောင့် ဒီလိုမျိုး မိန်းကလေးတွေကို ပညာမသင်ပေးတာတွေ ဆက်မရှိစေချင်တော့ဘူးလို့ သူက ပြောဆိုပါတယ်။

နာဂရိုးရာဓလေ့အရ သမီးမိန်းကလေးတွေ အမွေရပိုင်ခွင့်နဲ့ ပတ်သက်လို “ရောင်းစီးရှီး”ကတော့ အခုလို မှတ်ချက်ပြုပါတယ်။

“ဒီအမွေတွေသာ နည်းနည်းလောက်ရရင် ကျမဒီလောက်အထိ ခက်ခဲမှာ မဟုတ်ဘူး။ အမွေတွေ မရခဲ့လို့ ဒုက္ခရောက်ခဲ့တဲ့အတွက် ကျမကတော့ ကျမတို့ခေတ်ကစပြီး မိန်းကလေးပဲဖြစ်ဖြစ် ယောကျ်ားလေးပဲဖြစ်ဖြစ် သားသမီးကို တန်းတူညီမျှ အမွေခွဲပေးမယ်လို့ ဆုံးဖြတ်ထားတယ်”

လဲ့လဲ့/ Honest Information