News

POST TYPE

FEATURE

ကျွန်မတို့ခေတ်ကစပြီး သားသမီးကို တန်းတူညီမျှ အမွေခွဲပေးမယ်ဆိုသူ နာဂအမျိုးသမီး 'ရောင်းစီးရှီး'
03-Feb-2020


'ဟေ့ အေ... ဟေ့ အေ့...'ဆိုတဲ့ ညာသံတွေနဲ့အတူ သက်လတ်ပိုင်းအရွယ်အမျိုးသမီး တစ်စုဟာ ကြီးမားတဲ့ကျောက်တုံးကြီးတွေကို လက်ဆင့်ကမ်းပြီး သယ်ယူနေကြတာ အဝေးကနေမြင်တွေ့ရပါတယ်။

ကျောက်လမ်းခင်းဖို့အတွက် ကျောက်သယ်ကားပေါ်ကကျလာတဲ့ကျောက်ခဲတွေကို အမျိုးသမီးတွေက သယ်ယူပြီး အမျိုးသားတွေကတော့ ကားပေါ်ကကျလာတဲ့ကျောက်တွေ ဘေးချော်ထွက်မသွားစေဖို့ ကြီးကြပ်ပေးရပါတယ်။

ပြင်းလွန်းတဲ့နေအပူရှိန်အောက်မှာ ချွေးတလုံးလုံးနဲ့ ကျောက်မှုန့်တွေကိုရှူရှိုက်ရင်းလမ်းခင်းဖို့ ကျောက်တွေထုခွဲတာ၊ ကျောက်ခဲတွေစီတာ၊ ကျောက်သယ်တာ စတာတွေကို နေ့စဉ်လုပ်နေတဲ့ ဒီအမျိုးသမီးတွေဟာ ဘယ်လောက်တောင် ပင်ပန်းကြမလဲဆိုတာ မတွေးရဲစရာပါ။

မျက်နှာမှာ ဘာမှမလိမ်းခြယ်ထားတာကြောင့် ဖြူနုတဲ့အသားအရေက နီရဲနေပြီး လူပုံနွဲ့နွဲ့နှောင်းနှောင်းနဲ့ မလိုက်ဖက်တဲ့ ကျောက်သယ်တဲ့အလုပ်ကို လုပ်နေသူ 'ရောင်းစီးရှီး'ဆိုသူ နာဂအမျိုးသမီးတစ်ဦးကိုလည်း ဒီအမျိုးသမီးတစ်စုထဲမှာ တွေ့ရမှာဖြစ်ပါတယ်။

သားသမီး ၃ ယောက်မိခင် အသက် ၃၁ နှစ်အရွယ် 'ရောင်းစီးရှီး' ဟာဆိုရင် သူ့ဘဝမှာမျှော်မှန်းထားတာက သူနာပြုဆရာမတစ်ဦး ဖြစ်ဖို့ပါ။ဒါပေမဲ့ ဒီဒေသမှာရှိတဲ့ ဓလေ့ထုံးတမ်းအစဉ်အလာတွေက သူ့ရဲ့အိပ်မက်ကို စွန့်လွှတ်စေခဲ့ပါတယ်။

'ရောင်းစီးရှီး' လို စိတ်ကူးအိပ်မက်တွေကို စွန့်လွှတ်ခဲ့ကြရတာဟာ နာဂဒေသမှာရှိတဲ့ အမျိုးသမီးအများစုကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေသာ ဖြစ်ပါတယ်။

လေရှီးမြို့က နာဂအမျိုးသမီးအဖွဲ့အစည်း (NWA) ရဲ့ ဥက္ကဋ္ဌဒေါ်နုကြည်က သားယောကျာ်းလေးတွေသာ ပညာသင်ခွင့်၊ အမွေဆက်ခံခွင့် ရှိရမယ်ဆိုတဲ့ ဓလေ့တွေကြောင့် ဆုံးရှုံးနစ်နာမှုတွေရှိသွားတဲ့ နာဂ အမျိုးသမီးတွေဟာ ဘဝကိုခက်ခဲစွာရုန်းကန်နေရတဲ့အတွက် ဒီလိုဓလေ့တွေက မရှိသင့်တော့ဘူးလို့ ထောက်ပြပါတယ်။

'ရောင်းစီးရှီး' ကလည်း "ကျွန်မကတော့မိန်းကလေးမို့လို့ အမွေမပေးရဘူးဆိုတာကမှားနေတဲ့ အယူအဆလို့ လက်ခံတယ်။ မိန်းကလေးဖြစ်ဖြစ်၊ ယောကျာ်းလေးဖြစ်ဖြစ် ကိုယ့်သားသမီးပဲဆိုတော့ ကျွန်မတို့သမီးတွေလည်း မိဘတွေရဲ့အမွေကို ခံစားပိုင်ခွင့် ရှိလိမ့်မယ်လို့ ထင်တာပေါ့။သမီးတစ်ယောက်တည်း ရှိပေမယ့် ခံစားပိုင်ခွင့်မရှိတော့ ရင်နာမိတယ်" လို့ပြောပါတယ်။

အမိမီရွာမှာနေတဲ့ 'ရောင်းစီးရှီး' ဟာ ကျောက်သယ်တဲ့အလုပ်ဆီကို နာရီဝက်လောက်လမ်းလျှောက်ပြီး အလုပ်လာလုပ်တာဖြစ်ပါတယ်။ ပညာသင်ခွင့်မရတဲ့ နာဂအမျိုးသမီးတွေအတွက် အပိုဝင်ငွေရနိုင်တဲ့အလုပ်က ဒီလိုနေ့စားအလုပ်အပြင် တခြားရွေးချယ်စရာ မရှိပါဘူး။

ဒီလိုနေ့စားလုပ်မှ အပိုဝင်ငွေရပြီး မိသားစုစားဝတ်နေရေးအတွက် အသုံးပြုနိုင်မယ်၊ ကလေးတွေရဲ့ပညာရေးမှာ အဓိကသုံးစွဲဖို့ စုဆောင်းထားရတယ်လို့ 'ရောင်းစီးရှီး' က ကျောက်ပုံကြားမှာ အမောဖြေနေရင်းပြောပါတယ်။

နာဂအမျိုးသမီးတွေက အမျိုးသားတွေနဲ့တန်းတူ ပန်းရန်အလုပ်လည်းလုပ်ကြတယ်။ဒီလိုအလုပ်ကြမ်းတွေ နားထားတဲ့ မိုးရာသီတွေမှာတော့ အထည်ရက်တာ၊ ပြောင်းဖူးချွေတာ၊ စက်ချုပ်တာတွေ လုပ်ကြရတယ်လို့သိရပါတယ်။

'ရောင်းစီးရှီး' တို့ဟာ လေရှီးမြို့ရဲ့ မြို့ပတ်လမ်းမှာ ကျောက်သားခင်းတဲ့အလုပ်ကို နေ့စားအဖြစ်တစ်နေ့လုပ်ခ ခုနစ်ထောင်နဲ့ လုပ်နေကြပေမယ့် ဒီအလုပ်က အမြဲမရှိတာကြောင့် မိသားစု ၅ ယောက်အတွက် မလောက်ငဘူးလို့ သူ့နဖူးကစီးကျလာတဲ့ချွေးတွေကို လက်မောင်းနဲ့သုတ်ရင်း ပြောပြပါတယ်။

နာဂဒေသဟာ လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး ဒေသထွက်ကုန်မရှိတဲ့အတွက် အလုပ်အကိုင်ရှားပါးသလို အတန်းပညာလည်း မတတ်ကြလို့ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ပိုပြီးပင်ပန်းခက်ခဲစွာ အလုပ်လုပ်ကြရပါတယ်။

ဒီအထဲမှာ 'ရောင်းစီးရှီး' ကတော့ ရိုးရာဓလေ့ကျင့်သုံးမှုတွေကြောင့် ပန်းတိုင်အထိသွားဖို့ ကန့်သတ်ခံရသလို မလိုချင်တဲ့အိမ်ထောင်ရေးကိုလည်း ထူထောင်လိုက်ရပြီး ဘဝကိုခက်ခဲကြမ်းတမ်းစွာ ရုန်းကန်နေရတဲ့ နာဂအမျိုးသမီးတစ်ဦး ဖြစ်ပါတယ်။

တစ်ဦးတည်းသောသမီးဖြစ်တဲ့ 'ရောင်းစီးရှီး' ဟာ ငယ်စဉ်ကတည်းက မိဘနှစ်ပါးလုံး ရှေ့ဆင့်နောက်ဆင့် ဆုံးသွားခဲ့ပြီး သမီးမိန်းကလေးဖြစ်တဲ့အတွက် ရိုးရာဓလေ့အရ အမွေမရခဲ့ပါဘူး။ 

မြန်မာနိုင်ငံမှာ အစိုးရမှအသိအမှတ်ပြုထားတဲ့ နာဂမျိုးနွယ်စုတွေဟာ တန်ရှန်း၊ တောင်ကွန်၊ ကွန်ညှပ်၊ ခမ်မြူငမ်၊ လိုင်းနောင်၊ မကူရီ၊ ပါရာ စသဖြင့် ၇ မျိုးရှိပါတယ်။မျိုးနွယ်စုတိုင်းမှာလည်း ကျင့်သုံးတဲ့ရိုးရာဓလေ့နဲ့ ဘာသာစကားတွေဟာ တူညီမှုမရှိပေမယ့် သား ယောကျာ်းလေးရှိတာ ဂုဏ်ရှိတယ်၊ သားယောကျာ်းလေးကိုသာ အမွေပေးသင့်တယ်ဆိုတဲ့ ဓလေ့ကတော့ နာဂလူမျိုးတိုင်းမှာ ရှိတယ်လို့ဆိုပါတယ်။

အသက် ၅၀ အရွယ် သား၂ ဦး ရှိတဲ့ နာဂအမျိုးသမီး 'ရဟူးရယ်' က "ကျွန်မတို့နာဂမှာ သမီးမိန်းကလေး ၃ ယောက်လောက်ဆက်မွေးရင် ဒီအမွေတွေကို သူများကိုပေးရမှာစိုးတာနဲ့ သူတို့အမွေဆက်ခံခွင့်မရတော့မှာကို မိဘတွေကစိတ်ပူကြလို့ သားမွေးတာ ဂုဏ်ရှိတယ်ဆိုပြီး ယူဆကြတာပါ" လို့ ရှင်းပြပါတယ်။

ဒီလိုသားယောကျာ်းလေးကို အထွတ်အမြတ်ထားတဲ့ကိစ္စအပေါ် သူတို့ကိုယ်တိုင်လည်း ပြောင်းလဲဖို့မလွယ်ပါဘူးလို့ နာဂအမျိုးသမီးတစ်ဦးဖြစ်တဲ့ 'ရဟူးရယ်' က ဝန်ခံပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ သားတွေက အိမ်ထောင်တစ်ခုလုံးကို ဦးစီးဦးဆောင်ရသလို အိမ်ထောင်ပြုတဲ့အခါမှာလည်း ဇနီးမယားကို မိဘတွေနဲ့အတူနေစေပြီး အိမ်ကနေထွက်ခွာမသွားတာကြောင့် သားတွေကအမွေခံထိုက်တယ်လို့ သူတို့ကသုံးသပ်ကြတာပါလို့ 'ရဟူးရယ်' ကထောက်ပြပါတယ်။

နာဂလူမျိုးတွေထဲက မကူရီမျိုးနွယ်စုရဲ့ အမွေဆက်ခံခွင့်မှာဆိုရင် မိသားစုထဲမှာ သားယောကျာ်းလေးပါရင် သားကအမွေရပြီး သမီးမိန်းကလေးချည်းပဲမွေးရင်တော့ ဒီအမွေကို သားရှိတဲ့ဖခင်ရဲ့ ဆွေမျိုးတွေဘက်က ပိုင်ဆိုင်ခွင့်ရကြတယ်။

"ပစ္စည်းတွေရောင်းပြီး ပညာသင်ဖို့စီစဉ်ခဲ့ပေမယ့် ကျွန်မကမိန်းကလေးမို့လို့ အမွေဆက်ခံနိုင်ခွင့်မရှိဘူးဆိုပြီး သိမ်းသွားခဲ့တယ်။ကျွန်မ အမွေမရခဲ့ဘူး" လို့ ရောင်းစီးရှီးက သူရဲ့အဖြစ်အပျက်ကို ပြန်ပြောပြပါတယ်။

'ရောင်းစီးရှီး' ၇ တန်းအရွယ်မှာ မိဘနှစ်ပါးဆုံးသွားတာကြောင့် အမွေတွေကို ဖခင်ရဲ့ဆွေမျိုးတွေက ယူသွားကြပြီး သူ့ကိုပစ်ထားခဲ့လို့ တခြားသူတွေက မွေးစားထားခဲ့ရပါတယ်။ဒီလိုနဲ့ 'ရောင်းစီးရှီး' ၉တန်းအရွယ်ရောက်တဲ့အခါ မွေးစားမိဘတွေက သူတို့ရဲ့သားနဲ့ လက်ထပ်ပေးစားလိုက်ကြပါတယ်။

သူ့အနေနဲ့ပညာကို ဆက်လက်သင်ကြားပြီး သူနာပြုလုပ်ကာ မွေးစားမိဘတွေကို လုပ်ကျွေးသွားဖို့ ရည်မှန်းထားတာဖြစ်တဲ့အတွက် ပညာဆက်လက်သင်ယူခွင့်ပေးဖို့ ၃ လနီးပါး ငိုယိုတောင်းပန်ခဲ့ပေမယ့် သူ့ဘက်မှာရပ်တည်ပေးမယ့်သူလည်းမရှိခဲ့လို့ မွေးကျေးဇူး ကိုထောက်ထားပြီး အိမ်ထောင်ပြုဖို့ လက်ခံလိုက်ရပါတယ်။ 

နာဂလူမျိုးတွေရဲ့ ဓလေ့ထုံးတမ်းမှာ သမီးမိန်းကလေးတွေကို ပညာသင်ပေးတာနည်းပါတယ်။မိဘတွေဟာ သူတို့နဲ့အတူသမီးတွေကို တောင်ယာထဲခေါ်သွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ သမီးတွေကအချိန်တန်လို့ အိမ်ထောင်ပြုရင် တခြားမျိုးနွယ်စုဖြစ်သွားတဲ့အတွက် သမီးတွေကို ပညာသင်ပေးဖို့မလိုဘူးလို့ ယူဆထားကြတာဖြစ်ပါတယ်။

"ကျွန်မက အမွေလည်းမရတဲ့အပြင် ပညာလည်းမရခဲ့ဘူး။ကိုယ်အိမ်ထောင်ကျသွားတော့လည်း ဒီအမွေတွေ ဘာမှမရတော့ ကိုယ့်ထူးကိုယ်ချွန်လုပ်ခဲ့ရတော့အခက်အခဲက ပြောမပြနိုင်အောင်ရှိခဲ့တယ်" လို့ ကျလာတဲ့မျက်ရည်တွေကို ဖုန်ပေနေတဲ့လက်နဲ့သုတ် ရင်း 'ရောင်းစီးရှီး'က ပြောပါတယ်။

ပညာရေးမှာ တစ်နှစ်တစ်တန်းအောင်ခဲ့တဲ့ 'ရောင်းစီးရှီး' က သူရဲ့မိဘတွေဆေးမကုသနိုင်လို့ သေဆုံးခဲ့ကြရတဲ့အတွက် သူ့မိဘတွေလို တခြားသူတွေကို အသက်မဆုံးရှုံးစေချင်တာကြောင့် သူနာပြုလုပ်ဖို့ စိတ်အားထက်သန်ခဲ့တာပါ။

ဒါပေမဲ့သူဟာ အိမ်ထောင်မပြုသင့်သေးတဲ့အရွယ်မှာ အိမ်ထောင်ပြုခဲ့ရပြီး သူ့ရဲ့ရည်မှန်းချက်ပန်းတိုင်နဲ့ အလှမ်းဝေးခဲ့ရကာ ခင်ပွန်းဖြစ်သူရဲ့ စီမံခန့်ခွဲမှုအောက်မှာ အိမ်ထောင်ရှင်မအဖြစ် နေထိုင်ခဲ့ရပါတယ်။

လေရှီးမြို့က ဓမ္မဆရာတစ်ဦးဖြစ်တဲ့ ပရယ်ဆန့်က "မိန်းကလေးဖြစ်လို့ အမွေမပေးရဘူး။မိန်းကလေး ဖြစ်လို့အခွင့်အရေး မရဘူးဆိုတာတွေက မရှိသင့်တော့ပါဘူး။အရင်တုန်းက ဘိုးဘွားတွေကပေးတဲ့အမွေကျတော့ အမျိုးသားတွေကိုပေးရတယ်။ဒါပေမဲ့ မိဘကစုဆောင်းထားတဲ့ အိမ်ရာတွေကျတော့သမီးတွေကိုလည်း ပေးရမယ်ဆိုတဲ့ နာဂဓလေ့ရဲ့ ထုံးတမ်းအစဉ်အလာမှာ ပြုပြင်ထားပြီးဖြစ်တယ်" လို့ ရှင်းပြပါတယ်။

'ရောင်းစီးရှီး' ကတော့ ခင်ပွန်းဖြစ်သူ ကျန်းမာရေးမကောင်းတာကြောင့် အိပ်ရာထဲလဲနေတဲ့ ၁၀နှစ်တာကာလအတွင်းမှာ ဒုက္ခမျိုးစုံနဲ့ ကြုံတွေ့ခဲ့ရတဲ့အတွက် ကိုယ့်ကိုယ်ကိုယ် သေဖို့တောင်စဉ်းစားမိခဲ့တယ်။ဒါပေမဲ့ ကလေးတွေရှိသေးတယ်လို့ တွေးမိရင်ဘာမှ မဟုတ်တော့ဘူးလို့ သူကမျက်ရည်တွေကျမလာစေဖို့ မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်လုပ်ရင်း ပြောပါတယ်။

သူဟာ အပိုဝင်ငွေရမယ့် ဘယ်အလုပ်မဆိုရအောင်လုပ်ခဲ့ပြီး သူအကြောက်ဆုံးကတော့ တောင်ယာလုပ်ရမှာကိုပဲလို့ ဆိုပါတယ်။

နာဂလူမျိုးတွေက တောင်ယာအလုပ်နဲ့ အသက်မွေးဝမ်းကျောင်းပြုကြပေမယ့် တောင်ယာကတောင်စောင်းတွေမှာ စိုက်ခင်းလုပ်ရတာ၊ တောင်ယာရှင်းလင်း ခုတ်ထွင်းရတာဖြစ်လို့ သူ့အတွက် ပင်ပန်းလွန်းလှတယ်လို့ ရှင်းပြပါတယ်။

ကျောက်လမ်းခင်းတာကျတော့ ကျောက်ခွဲဖို့ပဲအားစိုက်ရတာ တခြားကျောက်စီတာတို့ ကျောက်သယ်တာတို့က တောင်ယာအလုပ်လောက် မပင်ပန်းဘူးလို့ သူကဆက်ပြောပါတယ်။

ဒါပေမဲ့ ကျောက်တွေခွဲရတဲ့နေ့တွေဆိုရင် ကိုယ်လက်တွေနာတာရှိသလို တစ်ခါတလေခါးတွေနာတယ်။လက်တွေလည်း ကျောက်ရှထားတဲ့ဒဏ်ရာတွေ အများကြီးလို့ ကျောက်မှုန့်တွေပေနေတဲ့ သူ့လက်ကဒဏ်ရာတွေကို ပြရင်းပြောပါတယ်။

ကျောက်လမ်းခင်းတာက တစ်ဖာလုံကို ၅သိန်း ခွဲပုတ်ပြတ်နဲ့ရပြီး ကန်ထရိုက်ရတဲ့သူကနေတစ်ဆင့် နေ့စားလုပ်သားတွေကို ပြန်ရှင်းပေးရတာပါ။ တစ်ဖာလုံကို လူ ၁၀ ယောက်လုပ်ရင် တစ်ပတ်နဲ့အလုပ်ပြီးတယ်လို့ သိရတယ်။ 

'ရောင်းစီးရှီး' တို့အဖွဲ့မှာ ယောကျာ်းလေး ၃ ယောက်၊ မိန်းကလေး ၇ ယောက် အလုပ်လုပ်နေကြတာပါ။ ကျောက်လမ်းခင်းတဲ့အလုပ်၊ ပန်းရန်အလုပ်တွေမှာ အမျိုးသားတွေထက် အမျိုးသမီးတွေ အတော်များများလုပ်နေတာကို တွေ့ရတယ်။

အမျိုးသားတွေအတွက်က နေ့စားအလုပ်အဖြစ် ပန်းရန်လုပ်တာ၊ ကျောက်လမ်းခင်းတဲ့အလုပ်မျိုးသာရှိပြီး နေ့စားလုပ်ခကတစ်နေ့မှ ၆ ထောင်၊ ၇ ထောင်သာ ရရှိကြတယ်လို့ သိရပါတယ်။

'ရောင်းစီးရှီး' အနေနဲ့ နေ့စားအလုပ်တွေဖြစ်တဲ့ လမ်းပြင်တာတို့၊ ပန်းရန်လုပ်တာ၊ ရက်ကန်းခတ်တာ တို့လုပ်လာတာ ၁၅နှစ်လောက် ရှိလာပေမယ့် တစ်ခါမှငွေကြေးဖူလုံတယ်လို့ မရှိခဲ့ဖူးပါလို့ ဝမ်းနည်းစကားဆိုပါတယ်။ 

"အမွေတွေသာ နည်းနည်းရရင် ဒီလောက်ခက်ခဲမှာမဟုတ်ဘူး။ကျွန်မ ဒီအမွေကိုရောင်းချပြီး ပညာဆက်သင်မယ်ဆိုရင် ဒီလိုအလုပ်ကြမ်း လုပ်ရမှာမဟုတ်ဘူး။ဒီအလုပ်ကြမ်းဆိုတာက ကျွန်မဘဝမှာလုပ်ရမယ်လို့ကို မထင်ခဲ့တာ" လို့ ရောင်းစီးရှီးက နာဂ တောင်တန်းကြီးကို ငေးမောရင်း ပြောပါတယ်။

အလားတူ လက်ထပ်ထိမ်းမြားခွင့်မှာဆိုလည်း အမျိုးသမီးတွေကို နှိမ်ထားတဲ့ဓလေ့တွေ နာဂဒေသမှာ ရှိနေပါသေးတယ်။ မိန်းကလေးတစ်ယောက်အနေနဲ့ လက်ထပ်တဲ့အခါမှာ မိဘပေးစားသူကိုယူရင် ကာယကံရှင်မိန်းကလေးက မိဘတွေကို နွားနောက်တစ်ကောင် ပေးရပါတယ်။

တကယ်လို့မိန်းကလေးက ကိုယ်ကြိုက်တဲ့သူကို ကိုယ်ယူရင်လျော်ကြေးအနေနဲ့ နွားနောက် ၂ ကောင်ပေးရပါတယ်။ဒါက နာဂလူမျိုးနွယ်တစ်ခုဖြစ်တဲ့ ကိုကာ့မျိုးနွယ်စုမှာ လက်ရှိကျင့်သုံးနေဆဲဖြစ်တဲ့ ရိုးရာဓလေ့ ဖြစ်ပါတယ်။

မိဘသဘောတူသူကို ငြင်းဆန်ပြီး ကိုယ်နှစ်သက်သူနောက်လိုက်သွားတဲ့အတွက် ကျွဲ ၂ ကောင်လျော်ကြေးပေးခဲ့ရတဲ့ အသက် ၇၀ အရွယ် ရှိပြီဖြစ်တဲ့ နာဂအဘွားအိုက "မိဘတွေသဘောတူထားတဲ့သူကို မကြိုက်လို့၊ ကြိုက်တဲ့သူနဲ့ တောင်ယာသွားရင်း လိုက်သွားတာ။ အတင်းပေးစားတာ လက်မခံနိုင်ဘူးလေ" လို့ ရယ်ကျဲကျဲနဲ့ ပြောပြပါတယ်။

ဒီအဘွားဟာ မောင်နှမ ၅ ယောက်ရှိပြီး သမီးကသူတစ်ယောက်တည်းပါပေမယ့် မိဘတွေက သားတွေကိုပဲ ကျောင်းထားပေးခဲ့ပြီး သူ့ကိုတော့ ၂ တန်းနဲ့ ကျောင်းထွက်ခိုင်းခဲ့ပါတယ်။

သူကျောင်းတက်စဉ်ကလည်း သားဖွားဆရာမဖြစ်ချင်တဲ့ ရည်မှန်းချက်ရှိခဲ့ပေမယ့် မိဘတွေကကျောင်းဆက်မထားတာကြောင့် သူ့ဘဝက အများကြီး နစ်နာခဲ့သလို မိဘတွေကကျောင်းထွက်ခိုင်းပြီး လယ်လုပ်ခိုင်း၊ ကလေးထိန်းခိုင်းတာကြောင့် သူ့ဘဝကအခုထိ ဒုက္ခ ရောက်ရတယ်လို့ နာနာကျင်ကျင်နဲ့ ဆိုရှာပါတယ်။

အဘွားအနေနဲ့ ကျောင်းစာလည်း မသင်ခဲ့ရသလို အိမ်ထောင်ပြုလိုက်ချိန်မှာလည်း ယောကျာ်းရဲ့ စီမံမှုအောက်မှာသာနေခဲ့ရတဲ့အတွက် ခင်ပွန်းဖြစ်သူကွယ်လွန်သွားတဲ့အခါ ဘာမှမလုပ်တတ်၊ မကိုင်တတ်ဖြစ်ရတာကြောင့် ဒီလိုမျိုး မိန်းကလေးတွေကို ပညာမသင်ပေးတာတွေ ဆက်မရှိစေချင်တော့ဘူးလို့ သူက ပြောဆိုပါတယ်။

နာဂရိုးရာဓလေ့အရ သမီးမိန်းကလေးတွေ အမွေရပိုင်ခွင့်နဲ့ ပတ်သက်လို့ 'ရောင်းစီးရှီး' ကတော့ အခုလိုမှတ်ချက်ပြုပါတယ်။

"ဒီအမွေတွေသာ နည်းနည်းလောက်ရရင် ကျွန်မဒီလောက်အထိ ခက်ခဲမှာမဟုတ်ဘူး။အမွေတွေ မရခဲ့လို့ဒုက္ခရောက်ခဲ့တဲ့အတွက် ကျွန်မကတော့ ကျွန်မတို့ခေတ်ကစပြီး မိန်းကလေးပဲဖြစ်ဖြစ်၊ ယောကျာ်းလေးပဲဖြစ်ဖြစ် သားသမီးကိုတန်းတူညီမျှ အမွေခွဲပေးမယ်လို့ ဆုံးဖြတ်ထားတယ်"

လဲ့လဲ့ / Honest Information