News

POST TYPE

FEATURE

မဟာဗန္ဓုလလမ်းတစ်လျှောက် မီးပုံးအလုံးရေ ၄၀၀၀ ချိတ်ဆွဲ
31-Jan-2019

ရန်ကုန်၊ ဇန်နဝါရီ ၃၀

ရန်ကုန်မြို့တော် တရုတ်တန်းတွင် တရုတ်ရိုးရာ နှစ်သစ်ကူးပွဲတော် ကျင်းပမည်ဖြစ်ရာ လမ်းမတော်လမ်းမှ ရွှေတိဂုံ ဘုရားလမ်းအထိ မဟာဗန္ဓုလလမ်းတစ်လျှောက် မီးပုံးအလုံးရေ ၄၀၀၀ ချိတ်ဆွဲအလှဆင်ထားကြောင်း တရုတ်ရိုးရာ နှစ်သစ်ကူးပွဲတော် ကျင်းပရေးအဖွဲ့ထံမှ သိရသည်။

အဆိုပါ တရုတ်နှစ်သစ်ကူးပွဲတော်ကို လသာမြို့နယ်တွင် တတိယအကြိမ် ကျင်းပမည်ဖြစ်ပြီး ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း ယင်းအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရန်ကုန်မြို့၌ကျင်းပမည့် တရုတ်နှစ်သစ်ကူးပွဲတော်တွင် သံယာတော်အပါး ၁၅၀၀ ကို ဆွမ်းဆန်စိမ်း လောင်းလှူခြင်း အပါအဝင် ဖျော်ဖြေရေးအစီအစဉ်များအဖြစ် တရုတ်ရိုးရာ ခြင်္သေ့အက၊ နဂါးအကတို့ဖြင့်လည်း ဖျော်ဖြေသွားမည်ဖြစ်ကာ စတုဒိသာကျွေးမွေးခြင်းနှင့် ပြခန်းများလည်း ပါဝင်မည်ဖြစ်သည်။

အဆိုပါပွဲတော်ကို မြန်မာကွမ်တုံကုန်သည်နှင့် လုပ်ငန်းရှင်များအသင်း (Myanmar Guangdong Chamber of Commerce & Industry) က ဦးဆောင်ကျင်းပခြင်းဖြစ်ပြီး ဖူးချန့် မျိုးနွယ်အသင်းချုပ်၊ မြန်မာနိုင်ငံ တရုတ်ကုန်သည်ကြီးများအသင်းချုပ်၊ ယူနန်လူမှုရေးအသင်း စသည့်အသင်းများ ပူးပေါင်းပါဝင်မည်ဖြစ်ကြောင်းလည်း ပွဲတော်ကျင်းပရေးအဖွဲ့ထံမှ သိရသည်။

J-10