News

POST TYPE

FEATURE

တရုတ်မယားအဖြစ်ရောင်းစားရန် စည်းရုံးခေါ်ဆောင်ခဲ့သူများကို ဖမ်းမိ
12-Jan-2019
မန္တလေး၊ ဇန်နဝါရီ ၁၂

ပြည်ကြီးတံခွန်မြို့နယ်အတွင်းနေထိုင်သူ အမျိုးသမီးတစ်ဦးကို ဖေ့ဘုတ်ခ်တွင် ခင်မင်ရင်းနှီးသူ အမျိုးသားက တရုတ်နိုင်ငံသို့ခေါ်ယူကာ တရုတ်မယားအဖြစ် ရောင်းချရန် စည်းရုံးခေါ်ဆောင်ခဲ့သည့်အတွက် ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ဖမ်းဆီးနိုင်ခဲ့ကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ထံမှ သိရသည်။

အသက် ၂၅ နှစ်ခန့်အရွယ်ရှိသူ အမျိုးသမီးကို ဦးစည်သူဆိုသူက တရုတ်မယားအဖြစ် သွားရောက်လုပ်ကိုင်ပါက တစ်လျှင် ကျပ်သိန်းငါးဆယ်ခန့် ဝင်ငွေရရှိမည်ဖြစ်ကြောင်း ပြောဆိုစည်းရုံးသည်ကို လိုက်ပါရန်သဘောတူခဲ့ခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ယင်းသို့ သဘောတူခဲ့သည့်အမျိုးသမီးကို ဇန်နဝါရီလ ၁၀ ရက်နေ့က မူဆယ်မြို့မှတစ်ဆင့် တရုတ်နိုင်ငံသို့ ဦးစည်သူ အပါအဝင် အမျိုးသားလေးဦးက လိုက်ပါပို့ဆောင်ရန်စီစဉ်ခဲ့ခြင်းဖြစ်ကြောင်းဖော်ပြထားသည်။

ထိုသို့ပို့ဆောင်ရာတွင် လိုက်ပါပို့ဆောင်မည့် ဦးဇင်မောင်မောင်ဆိုသူက ပို့ဆောင်ခအဖြစ် ကျပ် ၁၀ သိန်းယူကာ ပို့ဆောင်ရန်စီစဉ်နေစဉ် လိုက်သွားရန်သဘောတူခဲ့သူ အမျိုးသမီး၏ခင်းပွန်းက ပြန်ခေါ်ခဲ့သည်ကို လူကုန်ကူးရန်ကြိုးစားသူများက သိရှိသွားပြီး ရိုက်နှက်ခဲ့သည့်အတွက် အဆိုပါ အမျိုးသမီးက တည်းခိုနေသည့်နေရာမှ ထွက်ပြေးခဲ့ခြင်းဖြစ်ကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ အရာရှိတစ်ဦးက ပြောကြားသည်။

ထိုသို့ထွက်ပြေးလာစဉ် ရဲတပ်ဖွဲ့နှင့်တွေ့ဆုံခဲ့ပြီး ဖြစ်စဉ်ကိုပြောပြခဲ့ရာမှ ပြည်ကြီးတံခွန်မြို့နယ် ရဲစခန်းတွင် အမှုဖွင့်ခဲ့ကြောင်း၊ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ တရုတ်မယားအဖြစ်ရောင်းစားရန် ကြိုးပမ်းခဲ့ကြသည့် အသက် ၂၅ အရွယ်ရှိ ဦးစည်သူ၊ အသက် ၁၉ နှစ်အရွယ်ရှိ ဇင်မောင်မောင်၊ အသက် ၄၀ အရွယ်ရှိ ဇာနည်မင်းမင်းတို့ကို ဖမ်းဆီးရမိခဲ့ပြီး နိုင်နိုင်ဦးမှာ ထွက်ပြေးတိမ်းရှောင်နေသဖြင့် ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

လက်ရှိတွင် ဇင်မောင်မောင်၊ ဇာနည်မင်းမင်း၊ စည်သူနှင့် နိုင်နိုင်ဦးတို့ကို ပြည်ကြီးတံခွန်မြို့မရဲစခန်းက (ပ)၂၅/၂၀၁၉၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ - ၂၄/၃၂ တို့ဖြင့်အမှုဖွင့်ထားသည်။

M-04