News

POST TYPE

FEATURE

ပါးစပ်သရမ်းသော သမ္မတလူကြမ်း
11-Sep-2018



မကြာသေးမီက ဖိလစ်ပိုင်သမ္မတ ဒူတာတေးတစ်ယောက် အစ္စရေးနိုင်ငံသို့ အလည်အပတ်ရောက်ခဲ့သည်။ အစ္စရေးခရီးစဉ်တွင် ဒူတာတေးက ယခင် အမေရိကန်ပြည်ထောင်စု သမ္မတဟောင်း ဘားရက်အိုဘားမားအား တောင်းပန်လိုက်သဖြင့် အံ့အားသင့်စရာ ဖြစ်သွားရသည်။ တစ်ချိန်က သူသည် အိုဘားမားကို “son of a bitch” ဟူ၍ တစ်တစ်ခွခွ ဆဲခဲ့ဖူးသည် မဟုတ်ပါလား။

၂၀၁၆ ခုနှစ်က သမ္မတအိုဘားသည် သူ့ကို ဝေဖန်ပြစ်တင်လိုက်မိသည်။ မူးယစ်စစ်ပွဲကို ဖိလစ်ပိုင်နိုင်ငံအတွင်း ကြမ်းတမ်းစွာ ဆင်နွှဲနေခြင်းနှင့်ပတ်သက်ပြီး အိုဘားမားက သူ့ကိုဝေဖန်ခဲ့ခြင်းဖြစ်သည်။ ထိုသို့ဝေဖန်သည်ကို တက်သစ်စ သမ္မတလောင်းဒူတာတေးက ဆတ်ဆတ်ထိမခံ ပြန်ဆဲမိခြင်းနှင့် ပတ်သက်ပြီး သူနောင်တရမိကြောင်း ဂျေရုဆလင်တွင် ဖိလစ်ပိုင်အသိုင်းအဝိုင်းနှင့် တွေ့ဆုံစဉ် ဒူတာတေးကပြောကြားခဲ့ခြင်းဖြစ်သည်။

ဒူတာတေးက တိုင်းပြည်တစ်ပြည်၏ အနေအထားနှင့် ပြဿနာကို မသိဘဲ ဝေဖန်ပြစ်တင်ခြင်းသည် ယဉ်ကျေးသော နိုင်ငံကြီးမှ သမ္မတတစ်ဦး၏ အပြုအမူကောင်းတစ်ခုမဟုတ်ယူ၍ ယူဆကာ ဆဲခဲ့မိခြင်းဖြစ်ကြောင်း၊ ယခုအခါ အိုဘားမားသည် အရပ်သားတစ်ဦးဖြစ်နေပြီဖြစ်သောကြောင့် မိမိအနေနှင့် ဆဲဆိုခဲ့မိသမျှကို တောင်းပန်ကြောင်း သူကဆိုသည်။

အိုဘားမားကတော့ မည်သို့သဘောထားမည်မသိ။ ဒူတာတေးကတော့ သူ့သမ္မတသက်တမ်း တစ်လျှောက် မိုက်ရိုင်းစော်ကားသော ဘာသာစကား (foul language) များကို မကြာခဏ စိတ်လွတ်ကိုယ်လွတ်ဖြစ်ကာ ပါးစပ်သရမ်းတတ်သည်မှာများပြီ။ ဒူတာတေး တောင်းပန်ပုံကလည်းကြည့်ပါ

“ငါမင်းကို ခွင့်လွှတ်တယ်။ ငါလူပျိုဘဝတုန်းက ငါ့ရည်းစားတွေကို ခွင့်လွှတ်သလိုမျိုး ခွင့်လွှတ်တယ်။ မင်းကိုလည်း ခွင့်လွှတ်တယ်။ သူတို့အားလုံးကိုလည်း ခွင့်လွှတ်တယ်”ဟူ၏။

ဒူတာတေး တောင်းပန်မည်ဆိုလျှင် တောင်းပန်ရမည့် အခြားနှုတ်သရမ်းမှုတွေကလည်း များစွာရှိခဲ့ဖူးပါသည်။

သူက ပုပ်ရဟန်းမင်းကြီးကိုလည်း son of a whore ဟူ၍ ဆဲဖူးသည်။ ဖိလစ်ပိုင်နိုင်ငံသည် ကက်သလစ် ဘာသာဝင်အများစုတို့၏ နိုင်ငံဖြစ်သည်။ ၂၀၁၆ ခုနှစ် ဧပြီလတွင် သမ္မတရွေးကောက်ပွဲ ခရီးစဉ်၌လည်း သူ့ဝသီအတိုင်း ပုပ်ရဟန်းမင်းကိုပင်မရှောင် တစ်တစ်ခွခွဆဲသည်။

ပုပ်ရဟန်းမင်းကြီး ဖရန်းစစ်သည် ၂၀၁၅ ခုနှစ် ဖိလစ်ပိုင်နိုင်ငံသို့ အလည်အပတ်ရောက်ခဲ့သည်။ ပုပ်ရဟန်းမင်းကြီး ကြွလာသဖြင့် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် လမ်းကြောင်းပိတ်ဆို့မှုများ အကြီးအကျယ်ဖြစ်ပွားခဲ့ရသည်။ ထိုစဉ်က ဒူတာတေးသည် မဲဆွယ်စည်းရုံးရေးများ ထွက်နေသည်။ 

“ကျွန်တော် ဟိုတယ်ကနေ လေဆိပ်ကိုသွားဖို့ ငါးနာရီလောက်ကြာသွားတယ်။ ကျွန်တော်က မေးတယ်။ ဘယ်သူရောက်နေလို့လဲပေါ့။ သူတို့က ပုပ်ရဟန်းမင်းကြီးလို့ပြောတယ်။ ကျွန်တော်ကတော့ သူ့ကို ပုပ်ရဟန်းမင်းကြီးလို့ မခေါ်ချင်း။ ပုပ် …………… လို့ခေါ်ချင်တယ်။ အိမ်ပြန်သွား။ ဘယ်တော့မှ ဒီကို ထပ်မလာခဲ့နဲ့”ဟု သူက ပက်ပက်စက်စက်ပြောခဲ့ခြင်း ဖြစ်သည်။ 

သို့သော် နောက်ပိုင်းတွင် သူက ပုပ်ရဟန်းမင်းကြီးကို ပြန်လည်တောင်းပန်ခဲ့သည်။

ဒူတာတေးတက်လာပြီးနောက် မူးယစ်ဆေးဝါးပြဿနာကို စစ်ဆင်ရေးတစ်ခုလို သဘောထားပြီး ရက်စက်စွာသတ်ဖြတ်နှိမ်နင်းခဲ့သည်။ သူ၏စစ်ပွဲ ပထမအချီမှာပင် လူထောင်ချီပြီး သေဆုံးခဲ့ရသည်။ ကုလသမဂ္ဂကလည်း လူ့အခွင့်အရေးသံတမန်များက တစ်ဆင့်တင်ပြလာသည့် သတင်းစကားတွေကိုကြားပြီး စိုးရိမ်စိတ်တွေ ဝင်လာသည်။

တရားဥပဒေဘောင်ကိုကျော်လွန်ပြီး သတ်ဖြတ်နှိမ်နင်းနေမှုများအပေါ် ကုလသမဂ္ဂက ဝေဖန်လာသည့်အခါတွင် ကုလသမဂ္ဂထံ နားပေါက်အောင် တိုင်ကြားနေသည့် သံတမန်နှင့် ပညာရှင်ဆိုသူများကို ဒူတာတေးက -

“မင်းတို့ဟာ အသုံးမကျတဲ့ ပညာရှင်ဆိုသူတွေဆိုတာ ကမ္ဘာကသိအောင် ငါပြမယ်”ဟု ပြောပြီး ဒူတာတေး ပေါက်ကွဲတော့သည်။

မူးယစ်ဆေးဝါးမှုများနှင့် ပတ်သက်ပြီး အပြစ်မဲ့ပြည်သူတွေပါ မည်မျှသေဆုံးနေကြရသည်ဆိုခြင်းကို ကုလသမဂ္ဂမှ ပညာရှင်များကိုလည်း စာရင်းအတိအကျလိုက်ကောက်စေလိုကြောင်း ဒူတာတေးက ပြောသည်။

“ခင်ဗျားတို့ လုပ်နေတဲ့ လုပ်ရပ်တွေကို စော်ကားတာတော့ မဟုတ်ဘူး။ ဒါပေမဲ့ ခင်ဗျားတို့ ကုလသမဂ္ဂအဖွဲ့ကြီးကနေ ခွဲထွက်လိုက်တော့။ ခင်ဗျားတို့ ဘာဖြစ်လို့ အဲဒီပညာရှင်ဆိုတဲ့ကောင်တွေရဲ့စကားကို နားထောင်နေရသလဲ”ဟု သူကဆိုသည်။ 

သူက ကုလသမဂ္ဂနှင့် အကြံပေးဆိုသူများကို ပစ်ပစ်ခါခါ ပြောဆိုဝေဖန်ရုံမက ဖိလစ်ပိုင်နိုင်ငံကို ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအဖြစ်ကပါ နုတ်ထွက်မည် ဖြစ်ကြောင်း ခြိမ်းခြောက်သည်။ သို့သော် ဟန်ပြပြောခြင်းလောက်သာဖြစ်ခဲ့ပြီး တကယ်မနုတ်ထွက်ခဲ့ပေ။

၂၀၁၆ ခုနှစ်ကလည်း ဒူတာတေးသည် ဩစတြေးလျနိုင်ငံနှင့်ပတ်သက်ပြီး ပေါက်ကွဲစရာတွေ ဖြစ်ခဲ့ပြန်သည်။ ဩစတြေးလျနိုင်ငံမှ သာသနာပြုတစ်ဦး အသတ်ခံရခြင်းနှင့် ပတ်သက်ပြီး သူက ကြမ်းတမ်းစွာ ပြန်လည်ပြောဆိုခဲ့ခြင်းဖြစ်သည်။ သူ၏ အပြောအဆိုများကြောင့် ဩစတြေးလျနိုင်ငံနှင့် ဖိလစ်ပိုင်နှစ်နိုင်ငံအကြားတွင် သဘောထားတင်းမာမှုများ ဖြစ်ပေါ်ခဲ့ရသည်။ 

ဒူတာတေးက အသက် ၇၁ နှစ်အရွယ် သီလရှင်ကြီးတစ်ပါးကို ဖမ်းဆီးရန် အမိန့်ထုတ်သည်။ တိုင်းပြည်ကို ဆူပူပြီး ဖရိုဖရဲဖြစ်အောင်လုပ်သည်ဆိုသော စွပ်စွဲချက်နှင့် ဖြစ်သည်။ သီလရှင်ကြီး ပက်ထရစ်ရှာဖော့စ်ကို သူ့ အမိန့်နှင့် ၂၄ နာရီ ထိန်းသိမ်းထားလိုက်သည်။ ဒူတာတေးက -

“သူ့ကို စုံစမ်းစစ်ဆေးဖို့ ကျွန်တော် အမိန့်ပေးတယ်။ နိုင်ငံကလည်း နှင်မထုတ်ဘူး။ ဖမ်းလည်း မဖမ်းဘူး။ သူ့လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့ ဖိတ်ခေါ်ခဲ့တာ”ဟု နောက်ပိုင်းတွင် ပြန်လည်ကာ ရှင်းလင်းပြောကြားခဲ့သည်။

ယခုနှစ် ဧပြီလကလည်း ဒူတာတေးကို နိုင်ငံတကာ ရာဇဝတ်ခုံရုံးအဖွဲ့ ICC (International Criminal Court) က ဖမ်းဆီးမည်ဟု ခြိမ်းခြောက်သည်။ သူ၏ သမ္မတသက်တမ်းအတွင်း လုပ်ဆောင်ခဲ့မှုများနှင့် ပတ်သက်ပြီး စစ်ဆေးရန် ICC က အကြောင်းပြသည်။ သူကလည်း ဖိလစ်ပိုင်နိုင်ငံသည် ICC အဖွဲ့ဝင်နိုင်ငံမဟုတ်သောကြောင့် လာပြီး အရေးယူ၍မရကြောင်း တုံ့ပြန်သည်။

သူ့ကို ICC က ရိုင်းစိုင်းပြီး နှလုံးသားကင်းမဲ့စွာဖြင့် လူ့အခွင့်အရေးကို ချိုးဖောက်နေသူတစ်ဦးဟူ၍ စွပ်စွဲဝေဖန်ခဲ့သည်။ ဒူတာတေးကလည်း ICC ၏ Rome Statute စာချုပ်အဖွဲ့ဝင်နိုင်ငံအဖြစ်မှ တစ်လကြိုထွက်ပြီးမှ ဖိလစ်ပိုင်နိုင်ငံအတွင်း မူးယစ်စစ်ပွဲကြီးကို ဆင်နွှဲပြီး လူပေါင်းထောင်ချီကာ နှိမ်နင်းသတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။ 

ICC ရှေ့နေဖာတို ဘင်ဆိုဒါကလည်း ဖိလစ်ပိုင်နိုင်ငံမှ ရှေ့နေတစ်ဦး၏ ဒူတာတေးအပေါ် စွဲဆိုထားချက်ကို ရှေးဦးစုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် စီစဉ်နေကြောင်း ဖေဖော်ဝါရီလက ထုတ်ပြန်ခဲ့သည်။ လူသားမဆန်သော လုပ်ဆောင်ချက်များနှင့် ရာဇဝတ်မှုမြောက်သော လူသတ်မှုများကို ကျူးလွန်သူအဖြစ် ဒူတာတေးကို တရား စီရင်နိုင်ရန် သူတို့စီစဉ်နေကြခြင်းဖြစ်သည်။

ဒူတာတေးကလည်း ICC အနေနှင့် သူ့အပေါ် တရားစွဲဆို၍မရကြောင်း၊ သူသည် လက်ရှိသမ္မတဖြစ်နေကြောင်း၊ ထို့ကြောင့် သူ့နိုင်ငံ သူ့လူမျိုးအတွက် လုပ်ဆောင်နေသည်မှာ တရားကြောင်း၊ သူသမ္မတရာထူးက နုတ်ထွက်ပေးလိုက်ရုံဖြင့်လည်း ဖိလစ်ပိုင်နိုင်ငံအပေါ် ကျရောက်နေသည့် ဘေးဆိုးများသည် ပြေပျောက်သွားနိုင်စရာအကြောင်းမရှိကြောင်း ပြောကြားခဲ့သည်။

ယခုနှစ် ဖေဖော်ဝါရီလကလည်း ဘရပ်ဆဲလ်မြို့တွင် ကျင်းပသည့် အာရှ-ဥရောပညီလာခံက သူ့ကို ဖိတ်ကြားခဲ့သည်။ ထိုဖိတ်ကြားချက်ကို သူက ပြင်းထန်စွာ ဝေဖန်ဆန့်ကျင်ခဲ့သည်။ EU က သူ့ကို မူးယစ်စစ်ပွဲဆင်နွှဲမှုနှင့် သတ်ဖြတ်မှုများ ပြုလုပ်နေသည်ကို အကြောင်းပြပြီး ပိတ်ဆို့မှုများကို လုပ်ဆောင်ခဲ့သဖြင့် ဒူတာတေးက မကျေမနပ်ဖြစ်နေသည်။ 

EU ၏ ဖိလစ်ပိုင်နိုင်ငံအပေါ် ကုန်သွယ်မှုအတွက် အရေးအပါဆုံးနိုင်ငံအဖြစ် ယခုမှလာသတ်မှတ်ခြင်းအပေါ် သူက Stupid ဟူ၍ ရိုင်းစိုင်းစွာ တုံ့ပြန်ခဲ့ရုံမက၊ အနောက်အုပ်စုက သူ့ကို မည်မျှပြစ်တင်ဝေဖန်ရှုတ်ချသည်ဖြစ်စေ မိမိနိုင်ငံတွင် ရာဇဝတ်မှုများကို ဖြိုခွင်းနေမှုများကို လျှော့မည်မဟုတ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

“ကျုပ်ကို အီးယူက ဖိတ်တယ်။ သောက်သုံးမကျတဲ့ အဖွဲ့ကလေ” ဟု သူကပြန်ပြောသည်။ 

သူက သူ့ကိုဖိတ်မည့်အစား သူတို့၏ အရေးယူပိတ်ဆို့ထားမှုများကို ဘာကြောင့်မပြောင်းလဲရသနည်းဟု ရိုင်းစိုင်းစွာ တုံ့ပြန်ခဲ့သည်။ 

သမ္မတ၏ အပြောအဆိုက ပြည်သူတွေကို စိတ်ဆင်းရဲစေခဲ့ရသည့် အဖြစ်တွေလည်း များစွာရှိခဲ့သည်။ မကြာသေးမီက ဒုသမ္မတဖြစ်သူ ရော်ဘရီဒို၏ ပြန်ပြော ပြချက်များက စိတ်နာပြီး ပေါက်ကွဲစရာတွေဖြစ်ခဲ့ရပြန်သည်။ ဒူတာတေးက ထိုသို့ပြောသည်ဆိုခြင်းကို ဒုသမ္မတက မီဒီယာကို ဖွင့်ချလိုက်ခြင်းဖြစ်သည်။ သမ္မတအပြောနှင့်ပတ်သက်ပြီး ဒုသမ္မတက မှတ်ချက်ပေးရာတွင် -

“ကျွန်တော်တို့အနေနဲ့ ကန့်ကွက်သင့်ပါတယ်။ ဒါဟာပြောခွင့်မဟုတ်ဘူး။ မုဒိမ်းသမားတွေရှိလို့ မုဒိမ်းမှုတွေရှိနေတယ်။ မုဒိမ်းမှုတွေ ဖြစ်နေရလောက်အောင်လည်း မိန်းကလေးတွေက ချောနေတယ်ဆိုတာ သမ္မတစကားလားဗျာ” ဟု ရော်ဘရီဒိုက Philippine Star သတင်းစာ အင်တာဗျူးတွင် ပြောထားသည်။ 

ဒူတာတေးက နောက်သလိုပြောင်သလိုနှင့် မိန်းမလှလေးတွေပေါလို့ မုဒိမ်းကျင့်သူတွေ ပေါများနေရသည်ဆိုသည့်စကားမှာ ကြောက်စရာကောင်းလှသည်။ သူယခင် မြို့တော်ဝန်လုပ်ခဲ့ဖူးသော ဒါဗာအိုမြို့တွင်ပင် မုဒိမ်းမှုတွေက ထိန်းမနိုင်သိမ်းမရတစ်ခုပြီး တစ်ခုဖြစ်နေချိန်၌ သူက ထိုစကားပြောလိုက်သည့်အတွက် ပြည်သူတွေ ပေါက်ကွဲခဲ့ကြရပြန်သည်။ 

ဒူတာတေးက စီဘူးမြို့တွင် ပြောကြားသော စကား၌ -

“သူတို့က ဒါဗာအိုမြို့မှာ မုဒိမ်းမှုတွေအများ ကြီးဖြစ်နေတယ်လို့ ပြောတယ်။ အဲသည်မှာကလည်း မိန်းမလှလေးတွေ ပေါသကိုးဗျ။ ဒါကြောင့် မုဒိမ်းမှုတွေဖြစ်တော့မှာပေါ့”ဟု ပြောကြားခဲ့သည့် စကားကို သမ္မတစကားလားဟု ထောက်ပြစရာ ဖြစ်သွားခဲ့ရသည်။ 

နောက်ပိုင်း မှားသွားမှန်းသိသဖြင့် ဒူတာတေးက သူ့စကားကို ပြန်ဖာသည်။ ဒီမိုကရေစီနှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့်ဟုပြောသည်။ ပိုဆိုးသွားခဲ့ရပြန်သည်။ 

“ကျွန်တော် ပြောချင်တာက မုဒိမ်းမှုတိုင်းကို ပြောနေတာမဟုတ်ဘူး။ ခင်ဗျားတို့က ကိုယ်ထင်တာ ကိုယ်လျှောက်တွေးနေကြတာ။ ဒါဒီမိုကရေစီပဲ။ လွတ်လပ်စွာထုတ်ဖော်ပြောလို့ မရဘူးလား”ဟု သူက ဆိုပြန်သည်။ 

“လွတ်လပ်စွာ ပြောဆိုခွင့်ရှိတယ် ဆိုပေမယ့် အကန့်အသတ်ရှိတယ်။ လူတစ်ဖက်သားအပေါ် မလေးမစားနဲ့ စကားမျိုးမပြောရဘူး။ ပြည်သူတိုင်းကို မလေးစားသလိုမျိုး မလုပ်ရဘူး”ဟု ဒုသမ္မတရော်ဘရီဒို၏ ထောက်ပြချက်မှာ အလေးထားစရာ ကောင်းလှသည်။

(Ref: Asian Correspondent, Business Insider, The Guardian)