News

POST TYPE

FEATURE

Google, Facebook, Twitter တို့နှင့် မကြီးပြင်းရသော မျိုးဆက်
09-Aug-2018

ဝေတီလုံး (၁၈ နှစ်) သည် တရုတ်နိုင်ငံ တောင်ပိုင်းမြို့ကြီးတစ်မြို့ဖြစ်သည့် လျူကျိုးတွင်နေထိုင်သူ ဖြစ်သည်။ လူငယ်ပီပီဘတ်စ်ကက်ဘော၊ ဟစ်ဟော့ ဂီတနှင့် ဟောလီးဝုဒ်မှ ဆူးပါ ဟီးရိုးရုပ်ရှင်များကို နှစ်သက်သူ ဖြစ်သည်။ သူ့ရည်မှန်းချက်က လာမည့် ၂၀၂၀ ပြည့်နှစ်တွင် ကနေဒါနိုင်ငံကိုသွားမည်။ ဓာတုဗေဒပညာရပ်များကို သွားသင်မည်။

ဝေတီလုံးသည် သူလိုကိုယ်လို လူငယ်များဘဝနှင့် ကြီးပြင်းလာခဲ့ရသူဖြစ်သည်။ သူ့ဘဝတစ်လျှောက်လုံး Google နှင့် Twitter ဆိုသည့် စကားလုံးများကို မကြားဖူးခဲ့ပေ။ သူက Facebook ဆိုတာကိုတော့ ကြားဖူးသည်။ “ဖေ့စ်ဘွတ်ဆိုတာ ဘိုင်ဒူးလိုပဲကွ”ဟု ပြောသံကြားဖူးသည်။ တရုတ်တွင် အင်တာနက်ထဲဝင်သည့် အချက်အလက်များကို ရှာဖွေရသော (search engine) အဖြစ် Baidu ကိုသာ သုံးစွဲခွင့်ရကြသည်။ သူက search engine နှင့် ဆိုရှယ်မီဒီယာကိုပင် မခွဲခြားနိုင်။ အဘယ်ကြောင့်ဆိုသော် တရုတ်တွင် Baidu ကိုသာ သုံးစွဲခွင့်ရသောကြောင့်ဖြစ်သည်။

အရွယ်ရောက်လာသည့် တရုတ်လူငယ်မျိုးဆက်သစ် အများစုသည် အခြားလွတ်လပ်သော ဒီမိုကရေစီနိုင်ငံများလို အင်တာနက်ကို သုံးစွဲခွင့်မရရှိခဲ့ကြပေ။ လွန်ခဲ့သော ဆယ်စုနှစ်ပေါင်းများစွာကတည်းက တရုတ်နိုင်ငံအစိုးရသည် Google, Facebook, Twitter, Instagram တို့ကို တရုတ်လူ့ဘောင်တွင် သုံးစွဲခွင့်မရအောင် ပိတ်ဆို့ထားခဲ့ကြသည်။ အခြား မီဒီယာများဖြစ်သည့် The New York Times နှင့် တရုတ်ဘာသာစကားဖြင့် ထုတ်လွှင့်ထားသော Wikipedia ဆိုသည့် အွန်လိုင်းစွယ်စုံကျမ်းကိုပင် အသုံးမပြုနိုင်စေရန် ပိတ်ပင်ထားခဲ့သည်။ တရုတ်က အလားတူထုတ်လုပ်ထားသည့် အင်တာနက်လိုင်းများ၊ ဆော့ဖ်ဝဲများကိုသာ တရားဝင်သုံးခွင့်ရှိပြီး အင်တာနက်ဆင်ဆာပိတ်ပင်ချုပ်ကိုင်ထားမှုမှာ လိုသည်ထက် ပိုသည်ဟု ဆိုနိုင်သည်။

တရုတ်မျိုးဆက်သစ်တို့ကြားတွင် Google, Facebook, Twitter, Instagram ဆိုသည်မှာ အခြားကမ္ဘာက ပြည်သူများအတွက်ဖြစ်ပြီး မိမိတို့နှင့် လားလားမှမဆိုင်ဟု ယူဆထားကြသည်။ တရုတ်နည်း တရုတ်ဟန်ဖြင့် တီထွင်ထားသော ဆိုရှယ်မီဒီယာ၊ အင်တာနက်ရှာဖွေရေးများကိုသာ အသုံးပြုပြီး ကမ္ဘာကို ယှဉ်နိုင်အောင် ကြိုးစားနေကြရခြင်းဖြစ်သည်။

တရုတ်က သူ့နိုင်ငံတွင် အင်တာနက်လမ်းကြောင်း ပိတ်ဆို့ရေးကို တွင်ကျယ်စွာ အသုံးပြုနေရုံမက အခြားနိုင်ငံများကိုလည်း သူတို့ပိတ်ဆို့နည်းများကို ဖြန့်ဝေပေးနေသည်။ တရုတ်ထံမှ အင်တာနက်ပိတ်ဆို့ရေးနည်းစနစ်များကို ယူငင်ပြီး အသုံးပြုနေသည့် နိုင်ငံများမှာ ဗီယက်နမ်၊ တန်ဇန်းနီးယားနှင့် အီသီယိုးပီးယားနိုင်ငံများ ဖြစ်သည်။

အနောက်နှင့် ဒီမိုကရေစီနိုင်ငံအများစုတွင် အင်တာနက်လွတ်လပ်ခွင့်ကို မြိန်ရှက်စွာ စားသုံးခွင့်ရနေချိန်၌ တရုတ်တွင် နှစ်ပေါင်းများစွာ အင်တာနက်ကို ပိတ်ဆို့ထားခြင်းနှင့် ပတ်သက်၍ အနောက်ခေါင်းဆောင်များကလည်း နှစ်ပေါင်းများစွာ ဝေဖန်ပြစ်တင်ခဲ့ကြသည်။ သမ္မတ ဘီလ် ကလင်တန်လက်ထက်ကတည်းက တရုတ်တွင် အမေရိကလို အင်တာနက်လွတ်လပ်ခွင့်ပေးရန် တောင်းဆိုခဲ့ဖူးသည်။ သို့သော် တရုတ်ကဘယ်သူပြောပြော ဂရုစိုက်သူမဟုတ်။ သူ့နည်းသူ့ဟန် သူ့လမ်းစဉ်ဖြင့်သာ ချီတက်နေသည်။ 

တရုတ်လူဦးရေနှင့်အင်အားက အင်တာနက်နှင့် ဆိုရှယ်မီဒီယာကုမ္ပဏီကြီးများကို သရေယိုစရာ ဖြစ်သည်။ တရုတ်နိုင်ငံထဲကိုသာ သူတို့တီထွင်ထားသည့် အင်တာနက်လိုင်းများ ပေါက်သွားခဲ့လျှင် အကျိုးအမြတ်က အဆမတန်ဖြစ်သောကြောင့် နှစ်ပေါင်းများစွာ ထိုးဖောက်နိုင်ရေးကိုလည်း သူတို့ ကြိုးစားခဲ့ကြသည်။ တရုတ်သမ္မတ ရှီကျင့်ဖျင် ဦးဆောင်သည့် တရုတ်ကွန်မြူနစ်ပါတီ၏ ထိန်းချုပ်မှုအောက် ရောက်ခဲ့ရသော တရုတ်နိုင်ငံသည် ရှီကျင့်ဖျင်တက်လာပြီး ပထမနှစ်ဝက်မှာပင် အင်တာနက်ပိတ်ဆို့ခြင်းကို ခံလိုက်ရသည်။ တရုတ်နိုင်ငံတွင် ဆိုက်ဘာစီမံခန့်ခွဲရေး CAC (Cyber Administration of China) အဖွဲ့ကို ထူထောင်လိုက်ပြီး Website ပေါင်း ၃၀၀၀ ကျော်ကို စတင်ပိတ်လိုက်တော့သည်။ တရုတ်နိုင်ငံ၏ အင်တာနက်လွတ်လပ်ခွင့် စတင်ချုပ်ငြိမ်းခဲ့ခြင်း ဖြစ်သည်။ 

အမေရိကန်အင်တာနက် မဟာကုမ္ပဏီကြီးများက တရုတ်နိုင်ငံကို ထိုးဖောက်ခွင့်ရရေးအတွက် နည်းမျိုးစုံဖြင့် ကြိုးစားခဲ့ကြသည်။ Google ကလည်း ဆင်ဆာရှိသည့် search engine ကို စမတ်ဖုန်း အသုံးပြုသူများအား အသုံးပြုခွင့်ပေးရေး တရုတ်အစိုးရကို ကမ်းလှမ်းသည်။ ဇူလိုင်လတွင် Facebook ကလည်း တရုတ်အရှေ့ပိုင်း ဇီကျန်းနယ်တွင် ရုံးခွဲလာဖွင့်ခွင့်ကိုတောင်းဆိုသည်။ သို့သော် တရုတ်အစိုးရက ခွင့်မပြုခဲ့ပေ။ အနောက်တိုင်းက အင်တာနက်ဆော့ဖ်ဝဲများကို တရုတ်နိုင်ငံအတွင်း လာရောက်တီထွင်ပြီး ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ပေါက်အောက် လာလုပ်ကြသည်။ သို့သော် တရုတ်လူငယ်တွေက စိတ်ဝင်စားခြင်း မရှိကြပေ။ 

ပီကင်းတက္ကသိုလ်နှင့် စတန်းဖို့ဒ် တက္ကသိုလ်တို့မှ စီးပွားရေးပညာရှင်နှစ်ဦးသည် ၂၀၁၈ ခုနှစ်က ၁၈ လတိုင် တရုတ်တွင် တက္ကသိုလ်ကျောင်းသားများ၏ အင်တာနက် အသုံးပြုမှုအား လာရောက်ဆန်းစစ်ကြသည်။ ဆင်ဆာပိတ်ထားမှုများ၊ နိုင်ငံရေးဆိုင်ရာ အကဲဆတ်သည့်ကိစ္စများကို ပိတ်ပင်ထားမှုများနှင့် ပတ်သက်ပြီး ကျောင်းသားများ၏ စိတ်ခံစားချက်များအား လာရောက်သုတေသနပြုနေကြခြင်းဖြစ်သည်။ သူတို့က ဘေဂျင်းတက္ကသိုလ်ကြီးနှစ်ခုမှ ကျောင်းသား၊ ကျောင်းသူ ၁၀၀၀ ကို ဆင်ဆာပိတ်ထားခြင်းအား ကျော်ဖြတ်နိုင်သည့် (bypass) နည်းများပေးကာ အင်တာနက်ကို အသုံးပြုခိုင်းကြသည်။ သူတို့ ကျော်နည်းဖြတ်နည်းတွေကို ပေးထားသော်လည်း ကျောင်းသား ထက်ဝက်လောက်က ထိုးနည်းများကို အသုံးပြုပြီး Google, Facebook, Twitter, Instagram တို့မသုံးကြောင်း တွေ့ရသည်ဟုဆိုသည်။

“ကျွန်တော်တို့တွေ့ရှိရတာကတော့ တရုတ်နိုင်ငံမှာ ဆင်ဆာစနစ်က သိပ်ပြီးတော့ကို ထိရောက်နေပြီ။ သူတို့ စိတ်တွေထဲမှာ အစိုးရက မကြိုက်တဲ့ဟာတွေကို ရှာဖွေဖို့ကို ဆန္ဒမရှိကြတော့တာ။ ပြီးတော့ သူတို့ သိလည်းမသိချင်၊ သိဖို့လည်း စိတ်ကိုမဝင်စားတော့တာ”ဟု သုတေသနပြုနေသည့် ပညာရှင်များက ဆိုသည်။ ပါးစပ်တွေ ပိတ်ထားသဖြင့် စကားမပြောတတ်သလိုပင် ဖြစ်နေရသည့် အနေအထားကို တရုတ်မျိုးဆက်တွေ ရောက်သွားခဲ့ရပြီ။

ဘေဂျင်းမှ နာရီအနည်းငယ်အကြာ ကားမောင်းသွားလျှင် ရောက်သည့် မြို့လေးတစ်မြို့မှ အသက် ၂၃ နှစ်အရွယ် ကျန်ယီကျုံးသည် စီးပွားရေးကုမ္ပဏီကြီးတစ်ခုတွင် တာဝန်ထမ်းဆောင်နေသူတစ်ဦးဖြစ်သည်။ သူကလည်း -

“ကျွန်တော် ဘိုင်ဒူး (တရုတ်အင်တာနက်) နဲ့ပဲ ကြီးလာရတာ။ ဒါကြောင့် အဲဒါပဲ သုံးတတ်တော့တယ်”ဟုဆိုသည်။ 

၁၉၈၀ ပြည့်နှစ်ခန့်က မွေးဖွားလာသူ မျိုးဆက်အားလုံးတွင် အချို့သည် သူပုန်စိတ်ရှိနေကြသူ လူငယ်များ ဖြစ်ကြသည်။ သူတို့အထဲတွင် ထင်ရှားသည့် လူငယ်တစ်ဦးမှာ ဟန်ဟန်ဖြစ်သည်။ သူက အွန်လိုင်းပေါ်တွင် စာများရေးနေသည့် ဘလော့ဂါတစ်ဦးဖြစ်ပြီး တရုတ်နိုင်ငံရေးစနစ်နှင့် အစဉ်အလာ တန်ဖိုးထားနေမှုများကို အမြဲ မေးခွန်းထုတ်တတ်သည့်အတွက် ထင်ရှားလာသူတစ်ဦးလည်း ဖြစ်သည်။ သူရေးသားသည့် စာအုပ်တွေက သန်းချီပြီး ရောင်းရသည်။ Weibo ဆိုသည့် တရုတ်နိုင်ငံ၏ ဆိုရှယ်မီဒီယာလိုင်းတွင် သူ့ follower ပေါင်းမှာ သန်း ၄၀ ကျော်ရှိသည်အထိ အောင်မြင်ထင်ရှားသူ လူငယ်ဖြစ်သည်။ တရုတ်နိုင်ငံ၏ Weibo ဆိုသည်မှာ အနောက်နိုင်ငံမှ Twitter ကဲ့သို့ အသုံးပြုနိုင်ရန် တီထွင်ပေးထားခြင်းဖြစ်သည်။ 

ယခုအခါ ဟန်ဟန်က အသက် ၃၅ နှစ်ရှိနေပြီး၊ သူ့ကို ဝန်းရံနေသည့် လူငယ်များမှာ ၂၀ ကျော်လေးတွေဖြစ်သည်။ သူက Weibo ပေါ်တွင် သူလုပ်ကိုင်နေသည့် ရုပ်ရှင်လုပ်ငန်းနှင့် ပြိုင်ကားများအကြောင်းလည်း စာတွေရေးပြီးတင်ပေးလျက်ရှိရာ လူကြိုက်များသည်။ 

တရုတ်နိုင်ငံမှ လူငယ်များသည် Baidu ကပေးသည့် ဝန်ဆောင်မှုနှင့် ဆိုရှယ်မီဒီယာအဖြစ် ခွင့်ပြုထားသော WeChat တို့အပြင် ဗီဒီယိုအတိုလေးများကို တင်ပေးမျှဝေနိုင်သည့် Tik Tok ဆိုသည်တို့ကိုသာ အသုံးပြုခွင့်ရကြသည်။ အမျိုးသားရေးအတွက် ဤလိုင်းများကိုသာ အသုံးပြုရန် ဖိအားတွေပေးခြင်း ခံထားရသောကြောင့် မသုံးလျှင် အပြစ်ဖြစ်မယောင်ဖြင့် သုံးစွဲနေကြရသူများလည်း ဖြစ်နေသည်။ 

မတ်လက တရုတ်နိုင်ငံမှ ဆိုရှယ်မီဒီယာတစ်ခုဖြစ်သည့် Tencent သည် အသုံးပြုသူ ၁၀၀၀၀ ကို လေ့လာဆန်းစစ်မှုတစ်ခု ပြုလုပ်ခဲ့သည်။ ၂၀၀၀ ပြည့်နှစ် နောက်ပိုင်းမွေးသည့် လူငယ်များအား လေ့လာသုတေသနပြုခဲ့ခြင်းဖြစ်သည်။ လူငယ်များ၏စိတ်တွင် တရုတ်သည် သူ့နည်းသူ့ဟန်ဖြင့် ဖွံ့ဖြိုးတိုးတက်နေခြင်းအပေါ် အမြင်များ လိုက်လံစုဆောင်းခြင်းဖြစ်သည်။ လူငယ်တွေအားလုံးက သူတို့နိုင်ငံအပေါ် အကောင်းမြင်စိတ်များ ထားကြပြီး သူတို့အနာဂတ်အတွက် သူတို့စိတ်ချယုံကြည်လျက်ရှိကြောင်းတွေ့ရသည်။

အသက် ၂၈ နှစ်အရွယ် မစ္စရှန်ယနန်ဆိုသူက တရုတ်နိုင်ငံသည် မဟာအင်အားကြီး နိုင်ငံကြီးတစ်နိုင်ငံ တစ်နေ့ဖြစ်လာရမည်ဟု အခိုင်အမာယုံကြည်ကြောင်း ပြောသည်။ သူက ဘေဂျင်းမြို့အနီးရှိ အင်တာနက်လုပ်ငန်းတစ်ခုတွင် လုပ်ကိုင်နေသူတစ်ဦးဖြစ်သည်။ တရုတ်စနစ်နှင့် တရုတ်လူငယ်တွေ အံဝင်ခွင်ကျဖြစ်နေပြီဟု ဆိုရလောက်သည်။ ရှန်သည် ညတိုင်း တောင်ကိုရီးယားဇာတ်လမ်းတွဲများကို ဖုန်းကတစ်ဆင့် နှစ်နာရီလောက် ထိုင်ကြည့်သည်။ စမတ်ဖုန်းနှင့် သတင်း Site တွေကို မကြည့်။ သူက နိုင်ငံရေးစိတ်မဝင်စားဟု ပြောသည်။ သူ ဂျပန်ကို ရောက်ဖူးသည်။ ဂျပန်တွင် Google Map ကို အသုံးပြုသည်။ သို့သော် တရုတ်တွင် ပိတ်ဆို့ထားသည့် Site များထဲကို ဝင်မကြည့်ဟုဆိုသည်။ 

“တရုတ်မှာ လုပ်ပေးထားတဲ့ ဆော့ဖ်ဝဲတွေ အားလုံးကလည်း ကြည့်ချင်တာ အကုန်ကြည့်လို့ရနေတာပဲ”ဟု သူကဆိုသည်။ 

မစ္စရှန်၏ သူငယ်ချင်းဖြစ်သူ အသက် ၂၈ နှစ်အရွယ် ချူကျန်ကျင်းကလည်း သူအလုပ်ပြီးတိုင်း Tik Tok တွင် ဟာသရုပ်ရှင်လေးတွေကို နှစ်နာရီ သုံးနာရီခန့် ထိုင်ကြည့်တတ်သည်ဟုဆိုသည်။ သတင်း Site တစ်ခုဖြစ်သည့် Jinri Toutiao ပေါ်သို့လည်း တက်ကာသတင်းတွေဖတ်သည်။ သူက တရုတ်သတင်းဆိုက်တွင် အခြားနိုင်ငံမှ အကြမ်းဖက်မှုများ၊ ပဋိပက္ခများကို မမြင်ရသဖြင့် “တရုတ်ကပိုကောင်းနေသလို မြင်မိတယ်”ဟုဆိုသည်။ 

အသက် ၁၄ နှစ်အရွယ် ဝမ်ရှန်ကျင်းသည် ရပ်ပါတစ်ယောက်ဖြစ်ချင်နေသူဖြစ်သည်။ သူက အနောက်တိုင်းက Drake နှင့် Kanye တို့ကိုကြိုက်သည်။ သူက အမေရိကန်ရပ်ပါတွေက အသံပိုကောင်းကြောင်း၊ သူတို့ သမ္မတကိုလည်း သူတို့ဝေဖန်ရဲသည်ကို အားကျကြောင်း ပြောကြားသည်။ သူ့ကို တရုတ်နိုင်ငံမှာရော ထိုသို့ အခွင့်အရေးမျိုးမလိုချင်ဘူးလားဟု မေးမိသည်။ သူက တရုတ်နိုင်ငံမှာ ဒါတွေမလိုပါဘူး၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့နဲ့ တိုင်းပြည်ငြိမ်းချမ်းဖို့က အဓိကပါဟု ကလေးအရွယ်နှင့်မလိုက်အောင် ပြန်ပြောပြသည်။ 

သေချာသည်က တရုတ်ကွန်မြူနစ်ပါတီ၏ နိုင်ငံတော်ပိုင် မီဒီယာများနှင့် ကျောင်းများတွင် သင်ကြားနေသည့် ဖတ်စာတို့က လူငယ်တွေကို ကောင်းစွာ စိုးမိုးထိန်းချုပ်နိုင်သွားပြီဖြစ်သည်။ လူငယ်တွေကို မေးလိုက်တိုင်း ငါ့နိုင်ငံတော်ဆိုသည်က အလိုလိုထွက်လာသည်မှာ သာမန်အုပ်ချုပ်စီမံမှုမျိုး မဖြစ်နိုင်ပေ။

ရှန်ကျင်းသည် ဘတ်စ်ကက်ဘောလည်း ကစားသည်။ သူ့ကို Google, Facebook, Twitter, Instagram အကြောင်းတွေမေးကြည့်ရာ ကောင်းကောင်းသိသည်။ ထို Website များကို သူ့သူငယ်ချင်း၏ ဖခင်က ပြောပြသည်။ သို့သော် ပိတ်ထားကြောင်းလည်း သိသည်။ ထို Website များသည် တရုတ်နိုင်ငံ၏ ဆိုရှယ်လစ်စနစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် တရုတ်ယဉ်ကျေးမှုများအတွက် မအပ်စပ်သောကြောင့် အစိုးရက ပိတ်ပင်ထားခြင်းဖြစ်ကြောင်း သူတို့ကို သွန်သင်ထားသည့်အတိုင်း ရိုးသားစွာပြောပြရှာသည်။ 

တရုတ်သည် တရုတ်နည်း တရုတ်ဟန်ဖြင့် အားလုံးကို ထိန်းချုပ်ထားနိုင်ခဲ့သည်။ သူတို့နိုင်ငံ လူမျိုး ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆိုလျှင် ဘာမဆိုလုပ်မည်ဟု ခံယူထားသည်။ သူတို့လူငယ်တွေဆီက ထွက်လာသည့် အသံတွေကိုလည်း နားထောင်ကြည့်စေချင်သည်။ ရှန်ကျင်းကပြောသည်။ Google, Facebook, Twitter, Instagram တို့နှင့် ပတ်သက်၍ ဖြစ်သည်။

“အဲဒါတွေကို ကျွန်တော်တို့ မလိုပါဘူး” ဟူ၍ ဖြစ်သည်။ 

(Ref: The New York Times)