News

POST TYPE

FEATURE

မူးယစ်ဆေးသမားများ၏ မရဏလမ်း


ကမ္ဘာပေါ်တွင် မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် ပြစ်မှုများအတွက် သေဒဏ်ချမှတ်သည့် နိုင်ငံလေးနိုင်ငံရှိပါသည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကပင်လျှင် အမေရိကတွင် မူးယစ်ဆေးနှင့်ပတ်သက်သည့် ပြစ်မှုများအား သေဒဏ်ချမှတ်နိုင်သည်အထိ အပြစ်ပေးရန် ဆွေးနွေးတင်ပြမှုများရှိလာကြောင်းတွေ့ရသည်။ ယနေ့ ကမ္ဘာပေါ်တွင် မူးယစ်ဆေးဝါးပြစ်မှုများအား သေဒဏ်ချမှတ်နေသည့် နိုင်ငံလေးနိုင်ငံမှာ တရုတ်၊ အီရန်၊ ဆော်ဒီအာရေးဗီးယားနှင့် စင်ကာပူနိုင်ငံတို့ဖြစ်သည်။ 

နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ဗီယက်နမ်၊ ပါကစ္စတန်နှင့် မလေးရှားနိုင်ငံများတွင်လည်း မူးယစ်ဆေးဝါးပြစ်မှုများကို သေဒဏ်ပေးကြောင်းပြောကြားသော်လည်း အတည်မပြုနိုင်ဟု ဆိုသည်။ နိုင်ငံအတော်များများတွင် မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် အမှုများနှင့်ပတ်သက်ပြီး လျှို့ဝှက်စွာ စီရင်လေ့ရှိကြသော်လည်း တရုတ်နိုင်ငံတွင် မူးယစ်ဆေးဝါးနှင့် ပတ်သက်သောအမှုများကို လူထုကြားတွင် ပြောင်ပြောင်တင်းတင်း သေဒဏ်ပေးပြသည့်ပွဲများအား ကျင်းပပြုလုပ်နေကြောင်းလည်း တွေ့ရသည်။ 

နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၏ အစီရင်ခံစာတွင် ၂၀၁၇ ခုနှစ်အတွင်း နိုင်ငံပေါင်း ၂၃ နိုင်ငံ၌ မူးယစ်ဆေးဝါးပြစ်မှုများနှင့် ပတ်သက်ပြီး သေဒဏ်စီရင်ခြင်း ခံရသူပေါင်း ၉၉၃ ဦး ရှိခဲ့ကြောင်း ဖော်ပြထားသည်။ ၂၀၁၆ ခုနှစ်က ၁၀၃၂ ဦးရှိခဲ့သဖြင့် လျော့နည်းလာသည်ဟုဆိုရမည်ဖြစ်သော်လည်း နိုင်ငံပေါင်း ၅၃ နိုင်ငံတွင် ၂၀၁၇ ခုနှစ်က သေဒဏ်အမိန့်ချမှတ်ခြင်းခံခဲ့ရသူပေါင်း ၂၅၉၁ ဦးအထိ ရှိခဲ့သည်ဟုဆိုသည်။

အီရန်နိုင်ငံသည် မူးယစ်ဆေးဝါးပြစ်မှုနှင့်ပတ်သက်ပြီး သေဒဏ်အများဆုံးစီရင်ခဲ့သည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။ ၂၀၁၇ ခုနှစ်တွင် သေဒဏ်စီရင်ခြင်းခံရသူပေါင်း ၂၀၅ ဦးရှိပြီး၊ လွန်ခဲ့သည့် ၂ နှစ်အတွင်း မူးယစ်ဆေးအမှုများအတွက် သေဒဏ်စီရင်ခဲ့သူပေါင်း ၅၇၁ ဦးရှိသည်။ ဒုတိယအများဆုံး မူးယစ်ဆေးအမှုအတွက် သေဒဏ်စီရင်ခြင်းကို ပြုလုပ်နေသည့်နိုင်ငံမှာ ဆော်ဒီအာရေးဗီးယားနိုင်ငံဖြစ်ပြီး လူပေါင်း ၅၉ ဦးရှိသည်။ ၂၀၁၇ ခုနှစ်တွင် စင်ကာပူ၌ မူးယစ်ဆေးအမှုအတွက် သေဒဏ်စီရင်ခဲ့သူပေါင်း ၈ ဦးရှိသည်။ ဖိလစ်ပိုင်တွင် သေဒဏ်ချမှတ်ရသည့် ဥပဒေပြဋ္ဌာန်းချက်မရှိသော်လည်း သမ္မတဒူတာတေ၏ မူးယစ်စစ်ပွဲကြောင့် မူးယစ်ဆေးသုံးစွဲသူနှင့် ရောင်းဝယ်သူအတော်များများမှာ ပြည်သူ့တရားစီရင်ခြင်းဒဏ်ကြောင့် သေဆုံးကြရသည်။ 

၂၀၁၈ ခုနှစ် ဇွန်လအတွင်းက တရုတ်နိုင်ငံတွင် ရာချီသော လူအုပ်ကြီး ဝိုင်းကြည့်နေသည့်ကြားတွင် မူးယစ်ဆေးဝါးရောင်းချသူနှစ်ဦးကို သေနတ်နှင့် ပစ်သတ်လိုက်သည့်အဖြစ်အပျက်တစ်ခုဖြစ်ပွားခဲ့သည်။ ထိုလူအုပ်ကြီးထဲတွင် ကလေးများလည်းပါသည်။ ဝိုင်းကြည့်နေသည့်လူထုကြားတွင် ပစ်သတ်ပြီး စီရင်လိုက်ခြင်းဖြစ်သည်။ ပြစ်မှုကျူးလွန်သူ နှစ်ဦးကို ချက်ချင်းသေဒဏ်ချ၊ ချက်ချင်း ဆွဲထုတ်ပြီး ပစ်သတ်လိုက်ကြခြင်းဖြစ်သည်။

တရုတ်တွင် ကလေးတွေရှေ့မရှောင် ထိုသို့ပစ်သတ်ရခြင်းမှာ မူးယစ်ဆေးဝါး၏ ဆိုးကျိုးများကို လက်တွေ့သိမြင်စေရန် လုပ်ဆောင်ခြင်းဖြစ်သည်ဟု မှတ်ယူရန်ဖြစ်သော်လည်း အလွန်ရက်စက်သည့် စီရင်မှုဖြစ်ကြောင်း ဝေဖန်ရေးသားလျက်ရှိကြသည်။

တရုတ်နိုင်ငံတောင်ပိုင်း ဟိုင်နန်ပြည်နယ်၊ ဟိုင်းကောင်မြို့လေးသည် လူဦးရေ ၃၀၀ ခန့်ရှိသည့် မြို့လေးတစ်မြို့ဖြစ်သည်။ မူးယစ်ဆေးရောင်းဝယ်သူများ၏ သေဒဏ်စီရင်ပွဲကို လူတိုင်း လာရောက်ကြည့်ရှုကြသည်။ ဖုန်းများ လူတိုင်းကိုင်ဆောင်နိုင်သည့်ခေတ်ဖြစ်သောကြောင့် ထိုအကြောင်းကို လူတွေက ဖုန်းတွေနှင့် ဗီဒီယိုရိုက်ထားပြီး အွန်လိုင်းပေါ်တင်ကြသည်ကိုလည်း အာဏာပိုင်များအနေနှင့် တားမြစ်ခြင်း မပြုခဲ့ပေ။ 

နှစ်စဉ် ဇွန်လ ၂၆ ရက်နေ့ကို နိုင်ငံတကာ မူးယစ်ဆေးဝါးဆန့်ကျင်သည့်နေ့အဖြစ် တရုတ်နိုင်ငံ၌လည်း ကျင်းပလေ့ရှိသည်။ ထိုနေ့အထိမ်းအမှတ်အဖြစ် လူနှစ်ယောက်ကို ပြည်သူ့ရှေ့မှောက်၊ နိုင်ငံတကာ မျက်မှောက်တွင် သေဒဏ်စီရင်ပြခြင်းဖြစ်မည်ဟု ယူဆရသည်။ 

ပထမဆုံး စီရင်ခြင်းခံရသူမှာ အသက် ၃၉ နှစ်အရွယ် ရှလီကျန်းဖြစ်သည်။ မက်သမ်ဖက်တမင်းနှင့် မာဂူဆိုသည့် ဆေးများရောင်းချခြင်းကြောင့် အဖမ်းခံထားရခြင်းဖြစ်သည်။ နောက်တစ်ဦးကလည်း မက်သမ်ဖက်တမင်းနှင့် ကဖိန်းများအပြင် အခြားမူးယစ်ဆေးအသစ်များကို ရောင်းဝယ်ဖောက်ကားခြင်းကြောင့် အဖမ်းခံထားရသူဖြစ်သည်။ ရှလီကျန်းသည် ၂၀၁၅ ခုနှစ်ကတည်းက မူးယစ်ဆေးဝါး ရောင်းဝယ်ခြင်းကို အွန်လိုင်းကတစ်ဆင့် ပညာသားပါပါ ကျူးလွန်နေသူတစ်ဦးဖြစ်သည်။ နောက်တစ်ဦး အမည်က ဟောင်ကျန်းယီဖြစ်ပြီး သူက အသက် ၃၆ နှစ်ဖြစ်သည်။ သူ့ကိုလည်း မူးယစ်ဆေးများကို သယ်ဆောင်ဖြန့်ဖြူးစဉ် ဖမ်းမိခြင်းဖြစ်သည်။ ဟောင်ကျန်းလီကို မက်သမ်ဖက်တမင်း ၄၇၄၉ ဂရမ်ကျော်နှင့် ယွမ်ငွေ ၇၁၁၀၀ တို့ဖြင့် ဖမ်းဆီးမိခြင်းဖြစ်သည်။

သူတို့နှစ်ဦးကို တရားစီရင်ခြင်းကို ဟိုင်းကောင် အားကစားကွင်းကြီးအတွင်း ကျင်းပသည်။ တရားစီရင်သည့် တရားသူကြီးမှာ အမျိုးသမီးတရားသူကြီး ဖြစ်သည်။ သူက -

“စီရင်ချက်၊ ရှလီကျန်းနှင့် ဟောင်ကျန်းရီတို့ နှစ်ဦးအား ကွင်းလယ်ကိုထုတ်ပြီး ချက်ချင်းပစ်သတ်စေ”ဟု စီရင်ချက်ကို ဖတ်ပြလိုက်သည်။ ထိုနေ့က မူးယစ်ဆေးဝါးပြစ်မှုအတွက် ချက်ချင်းပစ်သတ်ခံရသူ တရားခံနှစ်ဦးအပြင် အခြား ၆ ဦးလည်းရှိသေးသည်။ သူတို့က အခြားပြစ်မှုများကြောင့်ဖြစ်ပြီး ဟိုင်းကောင် အားကစားကွင်းအတွင်း ထိုနေ့က သေဒဏ်စီရင်ခြင်းခံရသူမှာ ၈ ဦးဖြစ်သည်။

တရုတ်နိုင်ငံတွင် ပြည်သူ့ရှေ့မှောက်တရားစီရင်ရေး၊ ပြည်သူ့ရှေ့မှောက် ကွပ်မျက်ရေးတို့ကို မျှတသော တရားစီရင်ရေးအဖြစ် ကျင့်သုံးခဲ့သည်မှာ နှစ်ပေါင်းကြာမြင့်ခဲ့ပြီဖြစ်သည်။ ဇွန်လ ၂၆ ရက်နေ့ စီရင်မှုသည်ကား ထူးခြားစွာဖြင့် ဘောလုံးကွင်းထဲ၌ အခမ်းအနားဖြင့် စီရင်ပွဲဖြစ်သည်။ 

ယန်လုံအလယ်တန်းကျောင်းမှ ဆရာတစ်ဦးဖြစ်သူ ပန်ဟွေက ဤသို့ ပြည်သူ့ရှေ့မှောက်တွင် စီရင်ပြသည်မှာ ပညာပေးရုံသက်သက်မဟုတ် ကျောင်းသားများကို ကြောက်ရွံ့သွားစေပြီး၊ နောက်နောင် ဤသို့သော ပြစ်မှုများကို မကျူးလွန်စေရန် တားဆီးစေမည့် အထောက်အပံ့ဖြစ်စေကြောင်း ပြောကြားသည်။ သူက မိမိတို့ ကျောင်းတွင်လည်း မူးယစ်ဆေးဝါးဆန့်ကျင်တိုက်ဖျက်ရေးအတွက် လှုပ်ရှားမှုများကို မကြာခဏပြုလုပ်လေ့ရှိပြီး ကျောင်းသားများကို သတိပေးနေသည်ဟုဆိုသည်။ 

ဇွန်လ ၂၆ ရက်နေ့က တရုတ်နိုင်ငံ ဟိုင်းကောင် မြို့တွင်သာမက၊ တောင်ပိုင်း ဂွမ်ဒေါင်းပြည်နယ်ရှိ ရှန်းဝေနှင့် လူဖန်းမြို့များတွင်လည်း ပြည်သူ့ခုံရုံးဖြင့် လူ ၁၀ ဦးကို သေဒဏ်စီရင်ခြင်း ပြုလုပ်ခဲ့ကြသည်။ လူဖန်းမြို့တော် အားကစားကွင်းကြီးအတွင်း ထောင်ပေါင်းများစွာ တက်ရောက်လာကြသည့် လူထုကြားတွင် သေဒဏ်စီရင်နေခြင်းကို သတင်း Website တစ်ခုဖြစ်သည့် thepaper.cn တွင် ဖော်ပြထားချက်များအား တစ်ကမ္ဘာလုံး တွေ့မြင်လိုက်ကြရသည်။

တရားခံ ၁၀ ဦးတို့သည် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားခြင်း၊ လူသတ်ခြင်း၊ ဓားပြတိုက်ခြင်းများကြောင့် သေဒဏ်စီရင်ခြင်းကို ခံကြရမည်ဖြစ်သည်။ ထိုသေဒဏ်စီရင်ခြင်းခံရမည့်သူ ၁၀ ဦး၏ အမည်များကိုမူ တရားဝင်ထုတ်ပြန်ထားခြင်းမရှိပေ။ ထိုနေ့က အခြားနှစ်ဦးကိုလည်း ပြည်သူ့ခုံရုံးတွင် တစ်ပြိုင်တည်းစစ်ဆေးပြီး ပြစ်ဒဏ်သတ်မှတ်ခဲ့သည်။ 

လူ ၁၂ ဦးကို အားကစားကွင်းအတွင်းသို့ ရဲကားများဖြင့် ခေါ်ဆောင်လာသည်။ ရဲကားတွေက မီးနီတွေလင်းပြီး ဥဩသံများဆွဲကာ ဝင်လာကြခြင်းဖြစ်သည်။ တရားခံ ၁၂ ဦးကို သတ်မှတ်ထားသည့် စင်ပေါ်ကို တက်ခိုင်းလိုက်ကြသည်။ တရားခံတစ်ဦး နောက်တွင် ရဲလေးဦးစီက အသင့်အနေအထားဖြင့် မျက်မှန်မည်းကြီးများကို တပ်ဆင်ပြီးရပ်နေကြသည်။ အားကစားကွင်းကြီး၏ နေရာအနှံ့တွင် မူးယစ်ဆေးဝါး ဆန့်ကျင်ရေးဆိုင်ရာ ပိုစတာများ၊ ဆောင်ပုဒ်များကို ချိတ်ဆွဲထားကြသည်။ 

လူဖန်းမြို့ကို စီမံအုပ်ချုပ်နေသူမှာ ရှန်ဝေးဆိုသူဖြစ်သည်။ သူက မူးယစ်ဆေးဝါးဆန့်ကျင်ရေးအတွက် ကော်မတီတစ်ရပ်ဖွဲ့စည်းပြီး စစ်ပွဲအသွင်ဖြင့် တိုက်ဖျက်ပစ်မည်ဟု ကြွေးကြော်ထားသည်။ အဘယ်ကြောင့် ဆိုသော်သူ့မြို့အတွင်း မူးယစ်ဆေးဝါး သုံးစွဲနေသူများက မြင့်မားလာခြင်းကြောင့်ဖြစ်သည်။ ၂၀၁၄ ခုနှစ်က လက်နက်ကိုင်အင်အား ၃၀၀၀ ကျော်ဖြင့် လူဖန်းမြို့အနီး ကျေးရွာလေးတစ်ရွာကို ဝင်စီးရာ မက်သမ်ဖက် တမင်းဆေးပြား သုံးတန်ကျော်ဖမ်းဆီးရမိခဲ့သည်။ လူဦးရေ ၁၄၀၀၀ ခန့်ရှိသည့် ထိုရွာလေးမှ ရွာသား ၂၀၀ ခန့်ကို ထိန်းသိမ်းထားခဲ့ရသည်။ 

လူဖန်းအားကစားကွင်းကြီးအထဲမှာပင် လွန်ခဲ့သည့် ၆ လကလည်း မူးယစ်ဆေးရောင်းဝယ်မှုနှင့် ပတ်သက်သူ ၁၈ ဦးကို ပြည်သူ့ခုံရုံးတင်ကာ စစ်ဆေးခဲ့ဖူးသည်။ ၈ ဦးကို ထိုနေ့မှာပင် ဂျူရီအဖွဲ့က စီရင်ချက်ချပြီးသည်နှင့် ပစ်သတ်ခဲ့သည်။ 

လွန်ခဲ့သည့် ဆယ်နှစ်ခန့်ကတည်းက တရုတ်နိုင်ငံ၏ အမြင့်ဆုံး တရားရေးဌာနကြီးက တရုတ်နိုင်ငံတစ်ဝန်းတွင် ပြုလုပ်နေသည့် သေဒဏ်စီရင်နေမှုများအပေါ် ဝေဖန်မှုများရှိခဲ့သည်။ တရားရေးဌာနအနေနှင့် ရာဇဝတ်မှုလျော့ကျရေးကို ဦးတည်ဆောင်ရွက်နေသည် ဆိုသော်လည်း တရုတ်နိုင်ငံတွင် လုပ်ဆောင်နေမှုများအပေါ် နိုင်ငံတကာအဖွဲ့အစည်းများ၏ ဝေဖန်ပြစ်တင်မှုများကို ခံနေကြရသည်။ အထူးသဖြင့် နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့က တရုတ်ကိုစောင့်ကြည့်ပြီး အမြဲဝေဖန်ခြင်း ပြုနေခဲ့သည်။ တရုတ်နိုင်ငံအနှံ့ ပြည်သူ့ခုံရုံးများဖြင့် စီရင်နေသည့် သေဒဏ်ကို ခံရသူပေါင်းမည်မျှရှိနေသည်ဟု စာရင်းအတိအကျ မသိနိုင်ပေ။ သို့သော် နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က နှစ်စဉ်ထောင်ဂဏန်းရှိကြောင်း ထုတ်ပြန်ထားသည်။ 

လူဖန်းအားကစားကွင်းကြီးအတွင်း ဇွန်လ ၂၆ ရက်နေ့ ပြည်သူ့တရားရုံးဖြင့် စီရင်ရေးတွင် လူ ၁၀ ဦး၏ မူးယစ်ဆေးဝါးအမှုများကို ဖော်ထုတ်ပြောကြားသည်။ သူတို့ပိုင်ဆိုင်မှုများ၊ ရောင်းဝယ်ဖောက်ကားမှုများနှင့် ကျူးလွန်ပုံများကို တစ်ဦးချင်းဖတ်ပြသည်။ သူတို့အထဲက ဖန်ရှုကျင်းဆိုသူတစ်ယောက်မှာ ကီလို ဂရမ် ၅၀ ခန့်နှင့် မိသော်လည်း သူ၏ ၂၀၁၂ ခုနှစ်ကတည်းက ကျူးလွန်ခဲ့သော မူးယစ်ဆေးတန်ချိန်ပေါင်းမှာ ၇၅ မက်ထရစ်တန်ခန့်ရှိမည်ဟုဆိုသည်။ ဖန်၏ မူးယစ်ဂိုဏ်းကို ရဲကဝင်ရောက်စီးနင်း ချေမှုန်းရာတွင် သေနတ် ၅ လက်နှင့်အတူ ကျည် ၁၂၆ တောင့် ကိုပါဖမ်းဆီးရမိခဲ့သည်။

တရုတ်ရဲတပ်ဖွဲ့သည် ၂၀၁၇ ဒီဇင်ဘာ ၂၄ မှ ၂၀၁၈ ခုနှစ် ဇွန်လ ၅ ရက်နေ့အထိ စစ်ဆင်ရေး ကိုးကြိမ်ပြုလုပ်ခဲ့သည်။ ဖိုရှန်း၊ ရှန်ကျန်း၊ ဒေါင်ဂွမ်၊ ကျိယန်းနှင့် ရှန်ဝေးစသည့် နယ်စပ်မြို့များတွင် မူးယစ်ဂိုဏ်းများကို စစ်ဆင်ရေးဖြင့် နှိမ်နင်းခဲ့ခြင်းဖြစ်သည်။ မူးယစ်ဆေးနှင့် ပတ်သက်သူပေါင်း ၃၉ ဦးကို ဖမ်းဆီးရမိခဲ့သည်။ ထိုအထဲတွင် ဗီယက်နမ် ၁၆ ယောက်နှင့် ထိုင်ဝမ်သားတစ်ယောက်ပါသည်။ မက်သမ်ဖက်တမင်းဆေး ၄ ဒသမ ၇၉ ကီလိုဂရမ်ဖမ်းဆီးရမိခဲ့သည်။ 

တရုတ်နိုင်ငံတွင် သေဒဏ်ချမှတ်ခြင်းခံရမှုနှင့် ပတ်သက်ပြီး အစိုးရအနေနှင့် တရားဝင်ထုတ်ပြန်လေ့မရှိပေ။ နိုင်ငံတော်၏ လျှို့ဝှက်ချက်တစ်ခုအနေနှင့်ထားသော်လည်း မီဒီယာခေတ်တွင် ကြိုးကြားတက်လာသည့် သတင်းများနှင့်၊ အစိုးရ၏ တရားဝင်ထုတ်ဖော်ချက်များလောက်သာ သိကြရသည်ကများသည်။ သေမိန့်စီရင်ရာတွင်လည်း အချိန်ဆွဲနေလေ့မရှိသောကြောင့် စာရင်းအတိအကျယူရန်ခက်ခဲသည်။ သတ်မှတ်ထားသည့်အမှုများကို ချက်ချင်းစီရင် ချက်ချင်းပစ်သတ်လိုက်သည်ကများသောကြောင့် သတင်းရယူရန်ပင်ခက်ခဲလှသည်။

တရုတ်နိုင်ငံတွင် သေဒဏ်စီရင်ရာ၌ ပုံစံနှစ်မျိုး ကျင့်သုံးနေကြောင်းတွေ့ရသည်။ ၁၉၄၉ ခုနှစ်က တည်းက ကျင့်သုံးလာသည့် ပြစ်ဒဏ်ကြီးများကို စီရင်နည်းမှာ တပ်ဖွဲ့ဖြင့် သေနတ်ကိုသုံးကာ ပစ်သတ်လိုက်ခြင်းဖြစ်သည်။ နောက်ပိုင်းတွင် သေနတ်ဖြင့် ပစ်သတ်ခြင်းအစား ဆေးထိုးသတ်သည့်စနစ်ကိုကျင့် သုံးခဲ့သည်။ ၁၉၉၆ ခုနှစ်က စတင်ပြီး အမေရိကန်ပြည်ထောင်စုတွင် အသုံးပြုသည့် ဆေးနည်းအတိုင်း သုံးမျိုးရောစပ်ပြီး တရားခံကို ဆေးထိုးစီရင်ခြင်းဖြစ်သည်။ သေဒဏ်စီရင်ရာတွင် မူးယစ်ဆေးဝါးမှုများကိုသာမက လာဘ်စားခြင်း၊ အကျင့်ပျက်ခြစားခြင်းတို့ကိုလည်း ကြီးလေးသော ရာဇဝတ်မှုကြီးများအဖြစ် သတ်မှတ်ပြီး သေဒဏ်စီရင်လေ့ရှိသည်။ 

(Ref: Amnesty International News, South China Morning Post, Metro News, China Daily)