News

POST TYPE

FEATURE

အင်ဒိုနီးရှားမှ ငယ်သူတို့ဘဝ အိပ်မက်ဆိုးများ
24-Jul-2018


အင်ဒိုနီးရှားနိုင်ငံ၏ စက်ဆုပ်ဖွယ်ကောင်းသည့် ဖြစ်ရပ်တစ်ခုသည်မကြာမီက နိုင်ငံတကာသတင်းများပေါ် တက်လာသည်။ အသက် ၁၅ နှစ်အရွယ် ကလေးမလေးတစ်ဦးကို သူ့အစ်ကိုဖြစ်သူက မုဒိမ်းကျင့် လိုက်သည်။ ခြောက်လခန့်ကြာလာသည့်အခါတွင် ကောင်မလေး၌ ကိုယ်ဝန်ရှိနေမှန်း သိလိုက်ရသည်။ ကလေးမလေးက ကိုယ်ဝန်ဖျက်ချသည်။ သူ့ကို ကိုယ်ဝန်ဖျက်ချမှုနှင့် ဖမ်းလိုက်သည်။ ကောင်မလေးကို ဇူလိုင် ၁၉ ရက်နေ့က မော်ရာဘူ လီယန်ပြည်နယ်တရားရုံးက အမိန့်ချလိုက်ခြင်းဖြစ်သည်။ မောင်နှမနှစ်ယောက်စလုံးကို တရားရုံးတွင် တံခါးပိတ်စစ်ဆေးပြီးမှ ထောင်ဒဏ်ချမှတ်လိုက်ကြောင်း တရားရုံး၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခြင်းဖြစ်သည်။

ကောင်မလေးကို ကိုယ်ဝန်ဖျက်ချခြင်းနှင့် ကလေးသူငယ်များ ကာကွယ်စောင့်ရှောက်ရေး ဥပဒေများအရ အရေးယူထားခြင်းဖြစ်သည်။ မုဒိမ်းကျင့်ခဲ့သော အစ်ကိုဖြစ်သူကား သာမန်အမှုလောက်ဖြင့် ထောင်ဒဏ် ၂ နှစ် ပြစ်ဒဏ်ချမှတ်ခြင်းကို ခံလိုက်ရသည်။ အင်ဒိုနီးရှား ဥပဒေအရ အသက်အန္တရာယ် ဖြစ်လောက်သည့် ကိစ္စမှတစ်ပါး မိခင်ဖြစ်သူကို ကလေးအား ဖျက်ချခွင့်ပြုမထားပေ။ မုဒိမ်းအကျင့်ခံခဲ့ရသော ကလေးမလေးကို ယမန်နှစ် စက်တင်ဘာလကတည်းက ရုံးတင်စစ်ဆေးခဲ့သည်မှာ ၈ ကြိမ်ရှိသွားပြီဖြစ်ပြီး ကိုယ်ဝန်ဖျက်ချရာတွင် ကူညီသည့် မိခင်ကိုပါ ပြစ်ဒဏ်များကို ခွဲခြားသတ်မှတ်စီရင်ခဲ့သည်။ 

မောင်နှမနှစ်ယောက်ကို ယမန်နှစ်ကတည်းက ရဲများသည် ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။ ဂျမ်ဘီနယ် ပလောရွာလေးရှိ ဆီအုန်းစိုက်ခင်းအတွင်း ကိုယ်ဝန်ဖျက်ချထားသည့် သန္ဓေသားလောင်းလေးကို တွေ့ရာမှ ရဲကကွင်းဆက်လိုက်ပြီး ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းများနှင့် လူ့အခွင့်အရေး အဖွဲ့အစည်းများက အင်ဒိုနီးရှား ကိုယ်ဝန်ဖျက်ချခြင်းဆိုင်ရာ ဥပဒေနှင့်ပတ်သက်ပြီး ဝေဖန်ပြစ်တင်မှုများ ပြုလုပ်လျက်ရှိသည်။ အစိုးရက ကိုယ်ဝန်ဖျက်ချမှုကို တင်းကျပ်စွာ တားမြစ်ထားသောကြောင့် တိတ်တိတ်ပုန်း ကိုယ်ဝန်ဖျက်ချသည့် အရပ်ဆေးခန်းများတွင် ဖျက်ချနေမှုများ ပိုပြီးများလာသည်။ ပိုဆိုးသည်မှာ ကိုယ်ဝန်ဖျက်ချနေကြသည့် မိန်းကလေးများ၏ ကျန်းမာရေး အနေအထားများ ဆိုးရွားစွာ ရင်ဆိုင်နေကြရခြင်းဖြစ်သည်။ ထို့ကြောင့် ရလဒ်မှာ ကိုယ်ဝန်ဖျက်ချသူ အမျိုးသမီး ၃၀ မှ ၅၀ ရာခိုင်နှုန်းခန့်သည် သေဆုံးနေကြရကြောင်း ၂၀၁၃ ခုနှစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်ကိုလည်း တွေ့လိုက်ရသည်။

အင်ဒိုနီးရှားနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားခဲ့သည့် အမှုတစ်မှုကို ထင်ဟပ်ပြလိုသည်။ အနောက်ဂျာ ဗားနယ်ဘိုဂါမြို့မှ အသက် ၁၆ နှစ်အရွယ် မိန်းကလေးတစ်ဦးကို လူ ၈ ဦးက ဝိုင်းပြီးမုဒိမ်းကျင့်ခဲ့သည်။ ကောင်မလေး သေဆုံးသွားခဲ့သည်။ မိန်းကလေးတွေဘဝက သေသော်မှတည့် ဪကောင်း၏ဟူ၍ ပြောရမလိုဖြစ်နေသည်ဟု လူ့အခွင့်အရေးသမားတွေက ထောက်ပြကြသည်။ သူတို့ဘဝမှာ မတရားလည်း အကျင့်ခံရသေးသည်။ ကိုယ်ဝန်ရှိလာလည်း ဖျက်ချခွင့်မရှိသောကြောင့် အရှုံးဘက်ကချည်းဖြစ်နေသည်။ 

ရဲတွေက ကောင်မလေးသည် မုဒိမ်းသမားတွေ သတ်ဖြတ်ခဲ့ခြင်းကြောင့် သေဆုံးခြင်းမဟုတ်၊ စိတ်ဓာတ်ကျပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဇူလိုင်လ ၃ ရက်နေ့က ထုတ်ပြန်ခဲ့သည်။ ကလေးမလေးက အစားလည်း ကျွေး၍မရ။ စိတ်ရောဂါကု ဆရာဝန်တွေကိုလည်း အတွေ့မခံ။ မိဘတွေကိုယ်တိုင်က သူတို့သမီး မသေမီအချိန်အထိ မုဒိမ်းအကျင့်ခံထားရမှန်း မသိဟုဆိုသည်။ သေပြီးမှ ကောင်မလေးမှာ မုဒိမ်းအကျင့်ခံ လိုက်ရကြောင်း သူ့ သူငယ်ချင်းတွေပြောပြသဖြင့် သိရှိခဲ့ရသည်။ ကောင်မလေးက သူငယ်ချင်းတစ်ယောက်ကို သူ့ ရည်းစားက လူမနေသည့် အိမ်တစ်အိမ်ကိုခေါ်သွားပြီး ကျန်အပေါင်းအသင်းများနှင့် သူ့ကို တစ်ယောက်ချင်း မုဒိမ်းကျင့်ခဲ့ကြောင်း မသေမီဖွင့်ပြောသွားခဲ့သည်။ 

အရွယ်မရောက်သေးသူများ ကြုံတွေ့နေကြရသည့် မုဒိမ်းမှုများကို ကြည့်လိုက်လျှင် မိန်းကလေးများဘဝသည် လုံခြုံမှုမရှိသေးကြောင်း တွေ့ရမည်ဖြစ်သည်။ မိန်းကလေးများဘက်က ဥပဒေကြောင်းအရ၊ ဆေးပညာအရ၊ စိတ်ဝေဒနာကုစားပေးရေးတို့ လိုအပ်နေသေးသည်။ အင်ဒိုနီးရှားနိုင်ငံ ရာဇဝတ်မှုနှင့် တရားမျှတမှုပြုပြင် ပြောင်းလဲရေးအဖွဲ့အစည်း (ICJR) က အစိုးရအနေနှင့် ပြစ်မှုကို ကျူးလွန်သူများထက် ကျူးလွန်ခြင်းခံနေရသူများကို ပိုပြီး ပြစ်ဒဏ်ချနေသလိုဖြစ်နေပြီဟု ထောက်ပြဝေဖန်ခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံတွင် မုဒိမ်းမှုကို အစိုးရက မိန်းကလေးများဘက်၌ ရပ်တည်ခြင်းမရှိသဖြင့်လည်း ၉၅ ရာခိုင်နှုန်းသော မုဒိမ်းမှုများသည် ရဲကိုတိုင်ကြားခြင်းမရှိဟု ICJR က ဆိုသည်။ 

အင်ဒိုနီးရှားတွင် ကိုယ်ဝန်ဖျက်ချခြင်းမှာ တရားမဝင်သည့် လုပ်ငန်းတစ်ခုဖြစ်သည်။ ဘာသာရေးအရလည်း အပြစ်မြင်ထားသောကြောင့် အမျိုးသမီးများမှာ မိမိတို့လွယ်ထားသည့် ကိုယ်ဝန်အား မလိုချင်လျှင် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် တိတ်တိတ်ပုန်း ဖြေရှင်းနေရသည်။ ထို့ကြောင့် အသက်အန္တရာယ်မကင်းစွာဖြင့် သေဆုံးနေကြရသည့် အမျိုးသမီးပေါင်းများစွာ ရှိနေသည်။ 

Guttmacher Institute အဖွဲ့၏ ခန့်မှန်းချက်အရ အရှေ့တောင်အာရှဒေသ တစ်ခုလုံး၏ ကိုယ်ဝန်ဖျက်ချမှုကို အင်ဒိုနီးရှားတွင် ၂၀ ရာခိုင်နှုန်းခန့် ပြုလုပ်နေကြသည်ဟုပင် ဆိုထားသည်။ အသက် ၁၅ နှစ်မှ ၄၄ နှစ်အတွင်း အင်ဒိုနီးရှားအမျိုးသမီး ၁၀၀၀ တွင် သုံးဦးသည် ကိုယ်ဝန်ဖျက်ချမှုကြောင့် ဆေးရုံရောက်နေရသည်ဟု ဆိုသည်။ ယင်းမှာ တရားဝင်ရောက်လာသည့် အရေအတွက်ဖြစ်ပြီး ကျိတ်ဖြေရှင်းနေကြသော ကိစ္စပေါင်းများစွာရှိသေးသည်။ ကိုယ်ဝန်ဖျက်ချခွင့်များကို အဖွဲ့အစည်းလေးတွေနှင့် တိုက်နေကြသော်လည်း မွတ်ဆလင်အများစု လွှမ်းမိုးထားသောနိုင်ငံဖြစ်နေသဖြင့် ဥပဒေကိုပြုပြင်နိုင်ခြင်း မရှိခဲ့ပေ။

အင်ဒိုနီးရှားနိုင်ငံတွင် Indonesia's Planned Parenthood Association (IPPA) ဟု ခေါ်သည့် NGO အဖွဲ့တစ်ခုကို ၂၀၀၅ ခုနှစ်ကတည်းက ဖွဲ့စည်းထားပြီး ထိုအဖွဲ့အနေနှင့် ကိုယ်ဝန်ဖျက်ချလိုသူများကို မဖျက်ချရန်အတွက် လိုက်လံပြီး တွေ့ဆုံဆွေးနွေး ပေးရုံမှတစ်ပါး အခြားဘာမှ မလုပ်နိုင်ခဲ့ပေ။ ကိုယ်ဝန်ကို ကျိတ်ပြီး ဖျက်ချလိုက်ခြင်းကြောင့် ဖြစ်ပေါ်လာမည့် ဆိုးကျိုးများ မဖြစ်လာစေရန် နှစ်သိမ့်ပေးရုံကလွဲပြီး ဘာမှမတတ်နိုင်ကြဟု ထိုအဖွဲ့မှ ဂါမာထရီနိုက ဆိုသည်။ သူက -

“သူတို့ကို မူဝါဒက တစ်ဖက်သတ် ဖိနှိပ်ထားလေတော့ ကျွန်တော်တို့အနေနဲ့ မဖြစ်သင့်တာတွေ မဖြစ်ရအောင် ဖြေသိမ့်ပေးရုံကလွဲပြီး ဘာမှမတတ်နိုင်ဘူး”ဟု ပြောကြားခဲ့သည်။

ကိုယ်ဝန်ကို တရားမဝင်မှောင်ခိုဖျက်ချနေသည့် မိန်းကလေးများသည် ဆေးရုံရောက်လာလျှင် မရှုမလှတွေဖြစ်နေပြီ။ သွေးထွက်လွန်ခြင်း၊ ကိုယ်ဝန်အဆိပ်သင့်ခြင်း၊ အမျိုးသမီး သားအိမ်တွင်း ပေါက်ပြဲဒဏ်ရာရခြင်းများ ဖြစ်လာပြီးမှ ရောက်လာကြသည်က များသည်။ မှောင်ခိုဆေးခန်းများ၊ အရပ်လက်သည်များကလည်း တိုင်းရင်းဆေးနည်းများ၊ ဗိုက်ကိုနှိပ်ခြင်းများ၊ အမျိုးသမီးကိုယ်အတွင်းသို့ အနောက်တိုင်း ပစ္စည်းများထိုးထည့်ရာ မကျွမ်းကျင်သောကြောင့် ပြဿနာတက်မှ ဆေးရုံရောက်လာကြရသည်။ ဆေးရုံရောက်လည်း အသက်လုပြီး၊ ရှင်လည်း တရားဥပဒေကို ရင်ဆိုင်ဖို့ ပြင်ဆင်ထားကြရပြန်သည်။ 

အရှေ့တောင်အာရှနိုင်ငံများတွင် ကိုယ်ဝန်ဖျက်ချမှုများကို မလုံခြုံစွာဖြင့် ဖြစ်သလိုလုပ်နေခြင်းကြောင့် အမျိုးသမီး ၁၆ ရာခိုင်နှုန်းခန့် သေဆုံးနေကြရကြောင်း WHO က ထုတ်ပြန်ထားသည်။ ထိုသို့ သေဆုံးမှု အဖြစ်အများဆုံးကလည်း ကိုယ်ဝန်ဖျက်ချခြင်းကို ပြင်းထန်စွာဖြင့် ဥပဒေဖြင့် ထိန်းချုပ်တားမြစ်ထားသည့် နိုင်ငံများတွင် အများဆုံးဖြစ်နေသည်ဟု ဆိုသည်။

အင်ဒိုနီးရှားတွင် ကိုယ်ဝန်ဖျက်ချခြင်းကို မည်မျှတားမြစ်သည်ဆိုစေ နှစ်စဉ် ၁ ဒသမ ၃ သန်းခန့် ကိုယ်ဝန်ဖျက်ချနေကြသည်။ အများစုသည် တရားမဝင် ကျိတ်ပြီး ဖျက်ချနေကြခြင်းဖြစ်သည်။ ကိုယ်ဝန်ဖျက်ချ လိုသူများအတွက် ဂျကာတာမြို့တွင်ပင် မှောင်ခိုလုပ်ငန်းရှိသည်။ မြို့လယ်တစ်နေရာတွင် အချင်းချင်း လက်တို့ထားသည့် နေရာတစ်နေရာရှိသည်။ ကိုယ်ဝန်ဖျက်ချလိုသူက ထိုနေရာကိုသွားပြီး ဆွေးနွေးရသည်။ ဆွေးနွေးရသည့် ဆရာဝန်မှာ လူကိုယ်တိုင်မဟုတ်။ ကင်မရာ မြင်ကွင်းကတစ်ဆင့် ဗီဒီယိုဖြင့် အပြန်အလှန် စကားပြောကြရခြင်းဖြစ်သည်။ ဆရာဝန်နှင့် ဆွေးနွေးခွင့်ရရန် ကြားခံပွဲစားရှိသည်။ သူတို့ အေးဂျင့်ကတစ်ဆင့် ဆက်သွယ်ဆွေးနွေးကြရခြင်းဖြစ်သည်။ 

ဈေးစကားနှင့် အခြားသဘောတူညီချက်များ ကျေနပ်လျှင် ညဉ့်နက်ချိန်တစ်ချိန်ကို ရွေးကြသည်။ ဇက်တူတူပိုလီဆိုသည့် ပွဲစားက ကိုယ်ဝန်ဖျက်ချလို သူကို မြို့၏ ဆေးခန်းလေးခန်းအနက် တစ်ခုခုကို ခေါ်သွားမည်။

“ကျွန်တော်တို့ဆီကို ကျောင်းသူလေးတွေသာမက အိမ်ထောင်ရှိ အမျိုးသမီးတွေပါလာကြတယ်။ အချို့ဆိုရင် သားသမီး ခြောက်ဦးလောက်ရှိပြီ။ နောက်ထပ်ကလေး မလိုချင်တော့လို့ လာဖျက်ချခိုင်းတာ။ စီးပွားရေး မပြေလည်လို့ ဖျက်ချခိုင်းတာတွေလည်းရှိတယ်။ လာသမျှကလည်း ဒီကလေးကို မလိုချင်တော့ဘူးလို့ ပြောကြတာ”ဟု ပွဲစားကဆိုသည်။ ကိုယ်ဝန်ဖျက်ချသည့်နှုန်းထားမှာ အမျိုးမျိုးရှိသည်။ အနေအထားအရ တစ်ဦးနှင့်တစ်ဦး ပေးရသည့်ကြေး မတူပေ။ သို့သော် အနည်းဆုံး ဒေါ်လာ ၁၀၀ မှ အများဆုံး ဒေါ်လာ ၁၀၀၀ ခန့်အထိ ပေးကြရသည်။ ပွဲစားဇက်ကတော့ သူတို့၏ ကိုယ်ဝန်ဖျက်ချခြင်းလုပ်ငန်းမှာ လုံခြုံစိတ်ချရမှု အပြည့်ရှိကြောင်းပြောသည်။ 

သို့သော် ဒေါက်တာ ရာမွန်နာဆာရီကတော့ မှောင်ခိုကိုယ်ဝန်ဖျက်ချနေသည့် လုပ်ငန်းမှာ အန္တရာယ်ကြီးပြီး ကလေးကို ပုံပျက်ပန်းပျက်ဖြစ်စေသည်မက မိခင်ကိုပါ အသက်စိုးရိမ်ရသည်ဟု ဆိုသည်။ ဒေါက်တာက -

“ကျေးဇူးပြုပြီးတော့ နားလည်ပေးကြပါ။ မိန်းမတွေမှာလည်း ကိုယ်ဝန်ကို မလိုချင်တဲ့ အနေအထားတွေ ရှိတတ်တယ်ဆိုတာ နားလည်ပေးကြပါ။ ကျွန်မတို့ အမျိုးသမီးတွေကို ကိုယ်ဝန်ဖျက်ချခွင့်နဲ့ အသက်ကယ် တင်ပိုင်ခွင့်တွေကို လွတ်လပ်စွာ ရွေးချယ်ခွင့်ပေးကြပါ”ဟု သူက ဆိုသည်။ 

အင်ဒိုနီးရှားနိုင်ငံမှ ကျန်းမာရေးဝန်ကြီးဌာန၏ ဒါရိုက်တာတစ်ဦးက မကြာမီ ကိုယ်ဝန်ဖျက်ချမှုဆိုင်ရာ ဥပဒေသစ်တစ်ခု ပေါ်ထွက်လာနိုင်ကြောင်း ပြောကြားသည်။ မုဒိမ်းမှုကြောင့် ကိုယ်ဝန်ရှိလာပါက ကလေးကို မလိုချင်လျှင် ဖျက်ချပိုင်ခွင့်ကို အမျိုးသမီး၏ ကိုယ်စိတ်နှစ်ပါးအား ထောက်ထားညှာတာပြီး ခွင့်ပြုကောင်း ခွင့်ပြုနိုင်သည်ဟု ယင်းက ဆိုသည်။ သို့သော် ထိုကိစ္စကို ဆွေးနွေးလာသည်မှာ သုံးနှစ်တိုင် ရှိပြီဖြစ်သော်လည်း ဘာမှထူးခြားသည့်အနေအထားသို့ ရောက်မလာသေးပေ။

ပါမောက္ခ အေးဂက်စ် ပါဝါဒီယန်တိုက မိမိတို့ နိုင်ငံတွက် ဥပဒေကြမ်းကို ဥပဒေအဖြစ် အတည်ပြုရန်ပင် အလွန်ကြာမြင့်တတ်ရာ အတွေးသစ်၊ အမြင်သစ်၊ ခေတ်သစ်ကို စိတ်မဝင်စားသည့် ရှေးရိုးစွဲအစိုးရထဲက လူတွေကြောင့် ခက်သည်ဟု ထောက်ပြဝေဖန်သွားသည်။ 

အင်ဒိုနီးရှားနိုင်ငံတွင် ပါမောက္ခ အာဝမ်ဟီဒါယန ထူထောင်ထားသည့် Hidayana အဖွဲ့သည် အရွယ်ရောက်သူ အမျိုးသမီးလေးများအတွက် လိင်ပညာပေးလုပ်ငန်းများကို တစ်နိုင်ငံလုံးတွင် လုပ်ဆောင်နေသူဖြစ်သည်။ သူက မွတ်စလင်ခေါင်းဆောင်များအနေဖြင့် အင်ဒိုနီးရှားနိုင်ငံ၏ လူဦးရေအပေါ် ထောက်ထားပြီး ကိုယ်ဝန်ဖျက်ချပိုင်ခွင့် ဥပဒေကို စဉ်းစားသင့်ကြောင်းပြောကြားသည်။ 

Hudayana အဖွဲ့၏ အစီရင်ခံစာတွင် အသက် ၁၅ နှစ်မှ ၂၄ နှစ်အတွင်း ၂၀ မှ ၃၀ ရာခိုင်နှုန်းခန့်သည် လက်မထပ်မီ လိင်ပိုင်းဆိုင်ရာ အတွေ့အကြုံများ ရှိနေကြပြီဟု ဆိုသည်။ အင်ဒိုနီးရှားနိုင်ငံတွင် ကိုယ်ဝန်ဖျက်ချမှုကို အများဆုံးလုပ်နေကြသည့် အရွယ်တွေကလည်း အသက် ၁၀ နှစ်မှ ၄၀ အတွင်းဟု သူက ဆိုသည်။ 

အမျိုးသမီးတိုင်း လက်ထပ်ပြီးလျှင် လင်ယူသားမွေးရမည်ဆိုခြင်းကို လက်သင့်ခံချင်မှ ခံပိုင်ခွင့်ရှိသည်။ အိမ်ထောင်ကျလိုက်သည်နှင့် ယောကျာ်းတွေက အိမ်ဦးနတ်အဖြစ် စိုးမိုးနေသော အင်ဒိုနီးရှားနိုင်ငံတွင် ဇနီးမယားတွေအနေနှင့် အကွယ်အကာ သုံးခွင့်ရချင်မှရကြသည်။ အိမ်ထောင်ရှင် အမျိုးသမီးတစ်ဦးအနေနှင့် အမျိုးသားကို အပေးအယူလုပ်ပိုင်ခွင့် မရှိခြင်းကြောင့်လည်း အမျိုးသမီးများဘဝမှာ ဆုံးပြီးရင်း ဆုံးရှုံးနေကြရသည်။

(Ref: The Jakarta Post, Global Post, India Times, GroundTruth)