News

POST TYPE

FEATURE

တရုတ်ရွှေ့ပြောင်းလုပ်သားများ၏ ဝရုန်းသုန်းကားအနေအထား
21-Jul-2018 tagged as



ယမန်နှစ် နိုဝင်ဘာလကတည်းက ဘေဂျင်းမြို့ ဆင်ခြေဖုံး၏ ရုပ်ပုံလွှာများသည် တရုတ်ဆိုရှယ် မီဒီယာပေါ်တွင် ပျံ့နှံ့နေတော့သည်။ လမ်းများပေါ်တွင် အုတ်ကျိုးတွေပြန့်နေသည်။ အေးလွန်းသဖြင့် ခိုက်ခိုက်တုန်နေသည့်လူများသည် ကိုင်းတိုင်းတိုင်းဖြင့် နှင်းတောထဲတွင် လျှောက်နေကြသည်။ အချို့ကလည်း နှင်းတောထဲတွင် အထုပ်အပိုးတွေကိုချပြီး နားနေကြသည်။ 

ထိုသို့ လူတွေလမ်းများပေါ်တွင် ဝရုန်းသုန်းကားဖြစ်နေရခြင်းမှာ ဘေဂျင်းအစိုးရက စတင်မီးမွှေးလိုက်ခြင်းဖြစ်သည်။ ရွှေ့ပြောင်းလုပ်သားများ နေထိုင်သည့် ရပ်ကွက်တွေကို ဝင်ရောက်စီးနင်းရှာဖွေသည်။ အနည်းဆုံး လူ ၁၉ ယောက်သေဆုံးသွားခဲ့သည်။ ထိုသို့အခင်းဖြစ်ပွားပြီးနောက် ဤမြို့စွန်ရပ်ကွက်များတွင် လုံခြုံမှုမရှိနိုင်ကြောင်း အစိုးရက ကြေညာပြီး ရွှေ့ပြောင်းလုပ်သားများကို နှင်ထုတ်ခြင်းအား စတင်လုပ်ဆောင်တော့သည်။ တရုတ်နိုင်ငံတွင် ရွှေ့ပြောင်းလုပ်သားများက သန်း ၂၈၀ ခန့်ရှိနေသည်။ သူတို့ကိုနှင်ထုတ်ပြီဟု တရုတ်က ကမ်ပိန်းတွေလုပ်နေခြင်းမှာ တရုတ်အရေးတစ်ခုတည်းမဟုတ် ကမ္ဘာ့အရေးကိစ္စတစ်ခုလည်း ဖြစ်ကောင်းဖြစ်လာနိုင်သည်။

လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ ခန့်ကတည်းက တရုတ်စီးပွားရေးသည် ပင်လယ်ကမ်းခြေအနီး ဒေသများသို့ ရွှေ့ပြောင်းလုပ်သားများ ရောက်ရှိလာခြင်းကြောင့် ပိုပြီးဖွံ့ဖြိုးလာသည်ဟု ဆိုရမည်ဖြစ်သည်။ ထိုဒေသများတွင် စီးပွားရေးများအခြေခိုင်လာပြီးနောက် ရွှေ့ပြောင်းလုပ်သားများ သိသိသာသာနည်းပါးသွားပြီး အခြားဖွံ့ဖြိုးမှုနည်းနေသည့် တရုတ်အနောက်ပိုင်းနယ်များကို ရောက်ကုန်သည်။ 

“ဘေဂျင်းက အလုပ်သမားတွေ သူတို့အိမ်သူတို့ပြန်ကုန်ကြပြီ။ စက်ရုံတွေလည်း ပိတ်လိုက်ပြီဆိုတော့ သူတို့ ဘယ်မှသွားစရာမရှိတော့ဘူး။ ဒါကြောင့် ကိုယ့်အိမ်ကိုယ်ပြန်ကြရုံပဲရှိတော့တယ်” ဟု ချန်ရှုနယ်မှ စီးပွားရေးလုပ်ငန်းပိုင်ရှင်တစ်ဦးက ပြောကြားသည်။ 

အစိုးရကရွှေ့ပြောင်းလုပ်သားတွေကို နှင်ထုတ်နေပြီဆိုသည့်သတင်းက တောမီးပမာပြန့်သွားသည်။ ရွှေ့ပြောင်းလုပ်သားတွေ ပြေးကြပြီ။ သူတို့ဘယ်ဆီကို ပြေးကြမည်နည်း။

တရုတ်နိုင်ငံတွင် သန်းနှင့်ချီနေသည့် ရွှေ့ပြောင်းလုပ်သားတပ်ကြီးသည် တစ်နေရာမကောင်း တစ်နေရာပြောင်းနေကြသည်မှာ ဆယ်စုနှစ်ပေါင်းများစွာကြာခဲ့ပြီ။ အိမ်ပြန်ပြီဟုပြောသော်လည်း သူတို့တကယ် အိမ်ပြန်ကြသည်မဟုတ်။ မိသားစုစားဝတ်နေရေးအတွက် သူတို့သောကရောက်စွာဖြင့် သွားလာနေကြခြင်းဖြစ်သည်။

တရုတ်နိုင်ငံအတွင်း ကျေးလက်အလုပ်သမားပေါင်းများစွာသည် တောမှာမွေးသော်လည်း တောအလုပ်တောင်အလုပ်များကို လုပ်ချင်ကြသူများ မဟုတ်ပေ။ သူတို့က မိရိုးဖလာ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေကိုစွန့်ပြီး မြို့ပြများကိုတက်လာကာ ဧည့်စာရင်းနှင့် နေထိုင်ကြသည်။ ထိုသူများကို တရုတ်အစိုးရက ရွှေ့ပြောင်းနေသူများအဖြစ် သတ်မှတ်ထားသည်။ ကိုယ့်ဒေသကိုပစ်လာပြီး မြို့ပြဒေသများတွင် အလုပ်အကိုင်ရှာဖွေစားသောက်နေသူများအား ရွှေ့ပြောင်းလုပ်သားများအဖြစ် ခေါ်ဆိုကြခြင်းဖြစ်သည်။ 

၂၀၁၇ ခုနှစ်စာရင်းမှာပင် ကျေးလက်မှတက်လာသည့် ရွှေ့ပြောင်းလုပ်သား ၂ ဒသမ ၅၁ သန်းရှိသည်ဟု ဆိုသည်။ လက်ရှိလည်း ရွှေ့ပြောင်းတွေက ၁၇၂ သန်းလောက် မြို့ကြီးများတွင် ထိန်းထားရသည်။ တစ်နှစ်လျှင် ၁ ဒသမ ၅ ရာခိုင်နှုန်း တိုးလာနေကြောင်း အမျိုးသားသန်းခေါင်စာရင်းဌာနက ထုတ်ပြန်ထားသည်။ 

အနောက်ပိုင်းကို ရွှေ့ပြောင်းအလုပ်သမားတွေ ရောက်ကုန်ပြီဆိုခြင်းမှာ တရုတ်စီးပွားရေး၏ ဖွံ့ဖြိုးမှုအလားအလာကို ထောက်ပြနေခြင်းလည်းဖြစ်သည်။ တရုတ်တွင် ဘီလျံဝက်ခန့်ဆင်းရဲနေကြောင်း အဆိုကို ချေဖျက်ရာလည်း ရောက်စေသည်။ ကျေးလက်ကိုပစ်ပြီး မြို့တက်ကာ စက်ရုံများတွင် ဝင်ရောက်လုပ်ကိုင်ခြင်းဖြင့် သူတို့ဝင်ငွေပိုကောင်းလာခဲ့ကြသည်။ တရုတ်တွင် “တရုတ်ပြည်မှာလုပ်သည်” ဆိုသော လမ်းညွှန်ချက်နှင့် လုပ်ဆောင်ချက်များ ခေတ်စားလာသည်။ ပြည်တွင်းထွက်ကိုပဲ ဦးစားပေးကြရန် ခေါင်းဆောင်တွေက လမ်းညွှန်လျက်ရှိသည်။ 

စက်မှုခေတ်ပြောင်းတော်လှန်ရေး နောက်တစ်ခုဖြစ်သော အလိုအလျောက်စက်တွေကိုတည်ဆောက် ထည့်သွင်းပြီး စက်ရုံအလုပ်ရုံများတွင် စက်ရုပ်တွေကို အစားထိုးလာသည်။ ယခင်အလုပ်သမားများစွာဖြင့် လုပ်ကိုင်နေသော လုပ်ငန်းများ၌ စက်တွေ၊ ကွန်ပျူတာတွေက နေရာဝင်ယူလာသည်။ ၂၀၀၈ ခုနှစ် စာရင်းတွင် စက်ရုံများ၌ လုပ်ကိုင်နေသော ရွှေ့ပြောင်းလုပ်သားများမှာ ၃၇ ဒသမ ၂ ရာခိုင်နှုန်းရှိသည်။ ၂၀၁၆ ခုနှစ်တွင် ၃၀ ဒသမ ၅ ရာခိုင်နှုန်းသို့ လျော့ကျသွားသည်။ ဆက်ပြီးတော့လည်း စက်ရုံများက လူအင်အားတွေ လျှော့ချနေဆဲဖြစ်သည်။

စက်ရုံတွေက အဘယ်ကြောင့် လူတွေကိုလျှော့ချနေရသနည်း။ အကြောင်းများစွာအနက် အဓိကအကြောင်းရင်းမှာ လုပ်ခလစာများ တက်လာခြင်းဖြစ်သည်။ ၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း အလုပ်သမားတစ်ဦး၏ လုပ်ခလစာမှာ ၆၄ ရာခိုင်နှုန်းခန့်တက်လာသည်။ ထို့ကြောင့် တစ်နာရီအတွက် လုပ်ခလစာပေးရနှုန်းမှာ ၃ ဒသမ ၆၀ ဒေါ်လာခန့်ဖြစ်လာသည်။ စက်ရုံများအနေနှင့် ထုတ်လုပ်မှုအပိုင်းတွင် တွက်ခြေမကိုက်တော့ကြောင်း ညည်းညူလာကြသည်။

တရုတ်တွင်အများဆုံး လုပ်ကိုင်နေသည့် လုပ်ငန်းများမှာ နိုင်ငံခြားအတွက် ထုတ်ကုန်များ ထုတ်ပေးနေရသည့် စက်ရုံများနှင့် အထည်ချုပ်စက်ရုံများဖြစ်သည်။ လုပ်ခပြဿနာကြောင့် တွက်ခြေမကိုက်သဖြင့် ပိတ်လိုက်ရာ ရွှေ့ပြောင်းလုပ်သားတွေ အများဆုံး ထိခိုက်ရတော့သည်။ ပုဂ္ဂလိကစက်ရုံတွေက ပိတ်သည့်အထဲတွင် အများဆုံးဖြစ်နေသည်။ 

တရုတ်နိုင်ငံတွင် လေထုညစ်ညမ်းမှုများမှာ စက်ရုံများကြောင့်ဖြစ်သည်ဆိုပြီး ဝေဖန်ပစ်တင်နေမှုများကြောင့် ၂၀၁၄ ခုနှစ်ကတည်းက စက်ရုံတွေပိတ် လာခဲ့ရခြင်းများရှိခဲ့သည်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကြောင့်လည်း လေထု၊ ရေထုညစ်ညမ်းစေသည့် စက်ရုံများကို အစိုးရကပိတ်ခိုင်းရာ ထိုစက်ရုံများတွင် လုပ်ကိုင်နေသူများ အလုပ်လက်မဲ့ ဖြစ်ကြရပြန်သည်။ 

တရုတ်အစိုးရကလည်း နိုင်ငံအတွင်းရှိ စက်ရုံအလုပ်ရုံများကို အလိုအလျောက် စက်ရုပ်သို့မဟုတ် ကွန်ပျူတာ ထိန်းချုပ်စနစ်များဖြင့် ထုတ်လုပ်ရန် တွန်းအားပေးနေသည်။ ပြည်နယ်ဒေသများတွင် စက်ရုပ်များနှင့် စက်ရုံ များကို ထူထောင်မည်ဆိုပါက ပြည်နယ်ဒေသအသီးသီးရှိ အာဏာပိုင်များက ငွေများထုတ်ချေးရန် ကတိပြုထားကြသည်။ တရုတ်က တရုတ် ထုတ်ပစ္စည်းကို အသုံးပြုပြီး တရုတ်တွင် ထုတ်သမျှကို ကမ္ဘာလွှမ်းအောင်လုပ်ချင်နေသည့် ပေါ်လစီတွင် ဈေးနှုန်းသက်သာစွာဖြင့် အလုံးအရင်းနှင့် ထုတ်လုပ်နိုင်ရန်ကလည်း အရေးကြီးသည်။ ဇီကျန်းပြည်နယ်တွင် ၂၀၁၃ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း စက်ရုပ်များကို အစားထိုး တပ်ဆင်လိုက်သောကြောင့် အလုပ်သမား ၂ သန်းကျော် အလုပ်လက်မဲ့ဖြစ်သွားခဲ့ရသည်။ 

အလုပ်လက်မဲ့ဖြစ်နေကြသည့် အလုပ်သမားများသည် မိမိတို့ရပ်ရွာများသို့လည်း မပြန်နိုင်၊ မြို့ကြီးများတွင် ခိုကပ်နေပြီး ဝဲလှည့်နေကြရသည်။ စက်ရုံတွင် အလုပ်မရှိသည့်အခါ စက်ရုံတွင် ကားမောင်းရသည့် အလုပ်များကိုပြောင်းလုပ်သူတွေက ပြောင်းလုပ်သည်။ အချို့ကလည်း တရုတ်တွင် စတင်ဖွံ့ဖြိုးလာသည့် e-commerce လုပ်ငန်းများထဲမှ တစ်ခုဖြစ်သည့် အိမ်အရောက်ပစ္စည်းပို့ ဝန်ဆောင်မှုလုပ်ငန်းများတွင် ပစ္စည်းပို့သမားများအဖြစ် ဝင်ရောက်လုပ်ကိုင်ကြသည်။ ပစ္စည်းပို့ဝန်ဆောင်သမားတွေက လုပ်ခလစာမက်စရာဖြစ်နေပြီး လက်ရှိတွင် တစ်လ ဒေါ်လာ ၁၂၀၀ ခန့်ပင်ရသူတွေရနေကြသည်။ ထိုလုပ်ခငွေက စက်ရုံများတွင် လုပ်ကိုင်ရသည့် လုပ်ခ၏ နှစ်ဆဖြစ်သည်။ ထို့ကြောင့် အလုပ်ပုံစံတွေပြောင်းသလို လုပ်နည်းလုပ်ဟန်တွေ ပြောင်းလာသည်။ ထုတ်လုပ်ရေးပြီးသည့်နောက်တွင် ဖြန့်ချိရေးဘက်ကို ပြောင်းလာကြသည်။

သို့သော် ပစ္စည်းပို့ဝန်ဆောင်သည့် လုပ်ငန်းကလည်း အလွန်အန္တရာယ်များသည်။ သူတို့က ငွေရသည်ဆိုသော်လည်း အချိန်မီမပို့နိုင်လျှင်ဆိုသည့် စိန်ခေါ်ချက်များကို ရင်ဆိုင်နေကြရသည်။ ပစ္စည်းကို အချိန်မီ မပို့နိုင်သဖြင့် စကားများပြီး အလုပ်ပြုတ်သူတွေကလည်း များစွာရှိနေသဖြင့် စက်ရုံထဲမှာ လုပ်တာကမှ ခပ်ကောင်းကောင်းဟုပြောသူတွေကရှိနေသည်။

ရွှေ့ပြောင်းတွေက မြို့ကြီးများတွင်မှီခိုနေရသည်မှာ စရိတ်ကမသေးပေ။ မြို့ပြများတွင် နေထိုင်စရိတ် အလွန်ကြီးသည်။ အလုပ်ပြုတ်သူတွေ ပိုဆိုးသည်။ ရရာအလုပ်ဖြင့် ရပ်တည်နိုင်အောင် ကြိုးစားနေရသည်။ ကျောတစ်နေရာစာနှင့် စားဖို့ပင်အနိုင်နိုင်ဖြစ်လာသောကြောင့် အလုပ်လက်မဲ့တွေ တလည်လည်ဖြစ်နေသည်။ ဆရာမတစ်ဦးဖြစ်သည့် ယွမ်ကျင်ရှန်းက သူသည် ကျင်စုနယ်မှ ရှန်ဟိုင်းကို ပြောင်းရွှေ့လာရသည်ဟု ဆိုသည်။ မြို့သေးသေးလေးများတွင် အလုပ်လုပ်ရသည်မှာ မြို့ကြီးများတွင် အလုပ်လုပ်ရခြင်း ထက်တော်သေးသည်ဟု ဆိုခြင်းဖြစ်သည်။ မြို့သေးသေးကိုရောက်လာသည့်အခါတွင် မြို့ကြီးများထက် စရိတ်သက်သာသည်ကို ရည်ညွှန်းပြောဆိုလိုခြင်းဖြစ်သည်။

မြို့ကြီးများတွင် ရွှေ့ပြောင်းလုပ်သားတွေနှင့် လူဦးရေထူထပ်ပြီး ပိတ်ဆို့လာသည်။ အလုပ်သမားပေါလာခြင်းကြောင့် လုပ်ခတွေလည်း ဈေးပေါလာသည်။ ထို့ပြင် ရရာအလုပ်ကို လုပ်မည့်သူတွေ ပေါလာခြင်းကြောင့်လည်း လမ်းသန့်ရှင်းရေးဝန်ထမ်း၊ ဆေးရုံသန့်ရှင်းရေးဝန်ထမ်းနှင့် အခြားလူမှုရေးလုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင် သူတွေပေါလာသည်။ အရေးကြီးသည်မှာ တစ်ခုခုကို ခွင်ကောင်းကောင်း မတွေ့သေးသမျှ တစ်ခုခုတွင် မှီခိုရပ်တည်နိုင်ရန်သာ ဖြစ်သည်။ 

တရုတ်ရွှေ့ပြောင်းလုပ်သားများအတွက် အခြားအခက်အခဲတစ်ခုမှာ Hukou ဆိုသည့် လက်မှတ်ဖြစ်သည်။ အသိအမှတ်ပြု ဟူကောင်းဆိုသည့် လက်မှတ် မရထားလျှင် လူမှုရေးခံစားခွင့်တွေ ဆုံးရှုံးသည်။ ကား၊ အိမ်တို့ကို ဝယ်၍မရ။ ကလေးများကို အစိုးရကျောင်း ထားရန်ပင်ခက်သည်။ ရွှေ့ပြောင်းလုပ်သားအများစုသည် အစိုးရက လက်မှတ်မဲ့များကို ဖမ်းဆီးနေခြင်းကြောင့် မြို့ကြီးများမှ အခြားကင်းလွတ်ခွင့်ရသည့် ဒေသများသို့ ထွက်ပြေးလုပ်ကိုင်နေကြရပြန်သည်။ ဘေဂျင်းနှင့် ရှန်ဟိုင်းမြို့ကြီးများတွင် အဖမ်းအဆီးများကြောင့် ရွှေ့ပြောင်းတွေ လျော့ကျသွားခဲ့သည်။ ဟူကောင်းလက်မှတ်ရရေးမှာလည်း သူတို့အတွက် အလွန်ခက်ခဲ့သည့် ပြဿနာတစ်ခုဖြစ်သည်။ 

အစိုးရကိုယ်တိုင်က ရွှေ့ပြောင်းတွေကို ဖိအားပေးနေခြင်းမှာ ဖွံ့ဖြိုးသည့် ဒေသများမှ မဖွံ့ဖြိုးသည့် ဒေသများသို့ အလုပ်သမားများ ရောက်သွားစေရန် ရည်ရွယ်ထားပုံလည်းရသည်။ မြို့လေးများတွင် ဟူကောင်းလက်မှတ်ပြဿနာမရှိသဖြင့် မြို့ကြီးများ၌ လူခါသည့်သဘောဖြင့် အစိုးရက ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေခြင်းလည်း ဖြစ်နိုင်သည်။ 

တရုတ်စီးပွားရေးသည် မြို့ကြီးပြကြီးများနှင့် စက်မှုလုပ်ငန်းကြီးများရှိနေသည့်ဒေသများတွင်သာ ဖွံ့ဖြိုးတိုးတက်နေသည့် အနေအထားတွင်ရှိနေသည်။ မြို့ပြများတွင် အလုပ်အကိုင်အခွင့်အလမ်းလည်း ပေါသည်၊ ငွေရှာလည်းလွယ်သည်။ ဟူကောင်းစနစ်ဖြင့် ထိန်းချုပ်မထားလျှင် ရွှေ့ပြောင်းလုပ်သားတွေအတွက် အလုပ်အကိုင်အခွင့်အလမ်း ပိုကောင်းနိုင်သည်။ သို့သော် မြို့ပြကြီးများတွင် ရွှေ့ပြောင်းတွေ အမှန်တကယ်လိုအပ်ပါမည်လား။

ရွှေ့ပြောင်းလုပ်သားများ၏ နေထိုင်ရေးသာမက၊ သူတို့၏ ကျန်းမာရေးအပြင်၊ သူတို့သားသမီးများ ပညာရေးကပါ မြို့ပြများတွင် ဝန်ထုပ်ဝန်ပိုးကြီးတစ်ခုကို ထမ်းထားရသလိုဖြစ်လာသည်။ ဟူပေ့တွင် ၂၀၁၆ ခုနှစ်က ကျောင်းလာတက်သည့် ရွှေ့ပြောင်းလုပ်သားများ၏ သားသမီးပေါင်း ၄၇၅၀၀၀ ရှိနေသည်။ တရုတ်နိုင်ငံ၏ မသင်မနေရ ပညာရေးစနစ်က ထိုကလေးများကို ၉ နှစ်တိတိ ပညာသင်ပေးထားရမည်။ ၉ နှစ်လုံးလုံး သူတို့ မိဘတွေကိုလည်း စောင့်ရှောက်ထားရမလိုဖြစ်နေသည်ဟု Hubei Daily သတင်းတွင် ရေးသားထားသည်။ 

တရုတ်တွင် ရွှေ့ပြောင်းလုပ်သားများပြဿနာကို အစိုးရသည် ဘက်ပေါင်းစုံမှ ခေါင်းခဲနေရသည်။ ထိုသူတွေကမြို့မှ အခြေအနေမကောင်းသဖြင့် တောမပြောင်းကြပေ။ တောထက်အခြေအနေကောင်းသည့် အခြားနိုင်ငံ အခြားဒေသများသို့ ပြောင်းရမည်ဆိုလျှင်လည်း ဝန်မလေးကြသူများဖြစ်သည်။ တရုတ်ပြဿနာသည် ကမ္ဘာ့ပြဿနာဖြစ်မလာပါစေနှင့်ဟု ဆုတောင်းရုံသာရှိသည်။ 

(Ref: The Straits Times, South China Morning Post, CKGSB Knowledge)

  • TAGS