News

POST TYPE

EXTRA

အွန်လိုင်းဈေးကွက် ဂယက်ထဲက အောင်မြင်မှု
12-Dec-2020


ပီတီလေးတစ်ခုကျန်ခဲ့လျှင် အောင်မြင်မှုဟု ခေါ်ဆိုနိုင်ပါပြီလော။ ဖန်တီးမှု လက်ရာအရည်အသွေးတစ်ခုကို အများသဘော မကျသေးပါက အောင်မြင်မှုဟုမခေါ်နိုင်သေးပါ။ အများ အကျိုးရှိပြီး ကိုယ့်အတွက် ပီတိတစ်ခုချန်နိုင်ပြီဆိုလျှင် အောင်မြင်မှုဟုခေါ်ဆိုနိုင်ပြီဖြစ်သည်။ အများက လက်မခံဘဲ ကိုယ့်အတွက် ခွန်အားရလိုက်သော အောင်မြင်မှု အသေးစားများ ရှိနေလိမ့်မည် ဖြစ်သည်။ ဟာသတစ်ခု ကိုချပြသလို လူတွေ အထင်သေးနိုင်ပါသည်။ သို့သော် ပုစွန်ဆိတ်ကလေးလည်း ပင်လယ်ကူးချင်သည်သာ တည်း။

ကဗျာဆရာများသည် ထမင်းမဝပါဘဲ အဘယ် ကြောင့် ကဗျာများကို တစိုက်မတ်မတ် ရေးသားနေရ ပါသနည်း။ ဆံပင်ရှည်ရှည် လွယ်အိတ်အဟောင်းနှင့် ဆေးပေါလိပ်သောက်သည့်သူတွေကို အထင်မကြီး ကြပါ။ အထင်ကြီးစရာ အဆောင်၊ အယောင်၊ အခမ်း အနားမရှိ။ လက်ဖက်ရည်ဖိုးပင် မတတ်နိုင်ကြသူတွေ ဖြစ်သည်။ ထို့ကြောင့်ပင် ရွှေအမြုတေ စတင်တည် ထောင်သူ ဆရာဦးဝင်းငြိမ်းက စာမရေးခင် ထမင်း စားဖို့ အလုပ်ကလေးတစ်ခု လက်ဝယ်ပိုင်ပိုင်ရှာဟု ပြောဆိုခြင်း ဖြစ်တန်ရာပါသည်။

ယခု သတင်းစာ၊ စာစောင်များတွင် ကဗျာ တစ်ပုဒ်ပါမှ ငါးထောင်ဖြစ်ပါသည်။ တစ်ပတ်လျှင် တစ်ခါ ပါသော် လေးကြိမ်ရှိမှ ငွေနှစ်သောင်းဖြစ်ပါသည်။ ထိုသည်ကလည်း နာမည်ကြီးကဗျာဆရာမဟုတ်လျှင် ဖြစ်တန်ခဲပါသည်။ တစ်လလျှင် ကဗျာတစ်ပုဒ်ပါရေး သည်ပင် အတော် ရင်ခုန်စရာကောင်းပါသည်။ ထို့အပြင် သတင်းစာ၊ စာစောင်ဆိုသည်ကလည်း လက်ရှိခေတ် နှင့်ထင်ဟပ်သော အများစိတ်ဝင်စားသည့် အကြောင်း အရာကိုသာ ဦးစားပေးပါသည်။ မဂ္ဂဇင်းများကလည်း  လက်ချိုးရေ၍ရနိုင်သည်အထိ တဖြုတ်ဖြုတ်  ကြွေကျ နေလေပြီ။ တောင့်ခံထားနိုင်ရန် အတော်ခက်ခဲခဲ့လေပြီ။

လက်ရှိ စာရေးသူ၊ ကဗျာရေးသူများမှာ ယခင် ခေတ်ကလို အုပ်ရေ ထောင်၊ သောင်းချီ ထုတ်ဝေနိုင်ရန် ဝေး။ အုပ်ရေ ငါးရာပြည့်ရေး အလောတကြီး ရောင်းချနည်း အမျိုးမျိုးဖြင့် အသုံးပြုကြရပါသည်။ ဤနေရာတွင် အွန်လိုင်းရေစီးအရ စာရေးကောင်းသည် မကောင်း သည်ထက် အဆက်အဆံကောင်းသူ မူပြောင်းလိုက် လျောညီထွေနေတတ်သူများကသာ အထိုက်အသင့် အောင်မြင်မှုရပါသည်။ တစ်ခါက နှစ်ခါတွင် တစ်စထက် တစ်စ လူမှုဆက်ဆံရေးပြေပြစ်ခြင်းက ပိုကာ စကား ပြောလာပါသည်။ 

အွန်လိုင်းမှ စာအုပ်ရောင်းသူများ၊ ဈေးရောင်း သူများကိုကြည့်ပါက လူချစ်လူခင်ပေါခြင်းက များစွာ အဆင်ပြေသည်ကို  တွေ့လာရပါသည်။ အထိုက်အလျောက် အောင်မြင်နေသူတိုင်း ပေါင်းသင်းဆက်ဆံရေး တော် သည်ကို မြင်တွေ့ရမည်ဖြစ်သည်။ ကျယ်ပြန်လာသော အွန်လိုင်းဝန်ဆောင်မှုတွင် ချိုသာပြေပြစ်ခြင်း သည်းခံ စိတ်ထားတတ်ခြင်း၊ စိတ်ရှည် အမွှမ်းတင်ပေးခြင်းများ ဖြစ်သည်။ ကိုက်တတ်သောခွေးတစ်ကောင်ကို ချော့ရ သလို၊ အဆိပ်ရှိသြွေောမပွေးကို အရေခွံလဲပေးရသလို၊ ကျားသစ်နှင့် အပြေးပြိုင်ရသလို မောပန်းနွမ်းနယ်ကြ ပါသည်။ သို့သော် ထိုသို့လုပ်ဆောင်နိုင်မှုကြီးကပင် အောင်မြင်မှုဖြစ်လာနေသည်ကို ထင်ထင်ရှားရှား မြင်တွေ့လာရခြင်းပင်။ ကိုယ့်ထမင်း ကိုယ်စားနေတာ ဘယ်သူ့မှ ဂရုမစိုက်ဘူးဆိုသော လူအများစု အွန်လိုင်း ခေတ်တွင် အောင်မြင်မှုမရနိုင်ပါ။

ခင်ရာဆွေမျိုး မြိန်ရာဟင်းကောင်း ဟူသော မြန်မာစကားပုံ ရှိပါသည်။ ဝယ်ယူသူက ဧည့်သည်ဖြစ် သွားသလို ရောင်းချမည့်သူက အိမ်ရှင်ဖြစ်ပါသည်။ မြန်မာလူမျိုးတို့သည် ဧည့်သည်ကို အလွန်အရေးပေး သောလူမျိုး ဖြစ်ပါသည်။ မေးမြန်းစပ်စုသည်ကို အိမ်ရှင် ဝတ္တရားကျေပွန်စွာ လိုက်လံရှင်းလင်း ပြပေးရမည်။ စိတ်ညစ်၍ ကမ်းစပ်သွားထိုင်ပါသည်ဆို သပွတ်အူမျော လာသည်နှင့် တွေ့ဆိုသလို စိတ်ရှည်သည်းခံရန် လိုအပ် ပါသည်။ ထမင်းဆာလာသည့်အခါ မည်သည့်ဟင်းနှင့် ဖြစ်ဖြစ် မြိန်ပါသည်။ ကိုယ့်ရှေ့ရောက်လာသည့် ဟင်းခွက် သည် ဟင်းကောင်းဖြစ်ချင်မှ ဖြစ်မည်။ ညံ့၍လည်း နေနိုင်ပါသည်။ ထို့အတွက် စကားနှင့်တည်ခင်းဧည့်ခံ သောဟင်းကို မြိန်စေရန် စားသုံးတတ်စေရေးသာ အဓိကကျပါသည်။

"တိတိကျကျ သိရမယ့်ဟာ တစ်ခုခုကို တခြား ဘာနဲ့မှ အစားထိုးလို့မရဘူး။ ကိုယ့်အကြောင်း ကိုယ်သိ၊ ကိုယ့်အလုပ် ကိုယ်သိ၊ ကိုယ့်လူတွေ ကိုယ်သိ"ဟု      လီအီယာကော်စာက ပြောပြထားခဲ့ပါသည်။

တိတိကျကျ လိုက်နာရမည့်အရာဟာ မည်သည့် အရာဖြစ်သနည်း။ ရှင်းပါသည်။ ကိုယ်လုပ်ကိုင်မည့် စီးပွားရေးသတင်းအချက်အလက် ဖြစ်ပါသည်။ စာအုပ် ရောင်းမည်။ အဝတ်အထည် ရောင်းမည်။ ကား၊ ဆိုင်ကယ်၊ ရွှေ၊ ငွေ၊ ရတနာပစ္စည်းများ ဖြစ်ချင်ဖြစ်မည်။ အွန်လိုင်း ဈေးရောင်းသူတစ်ယောက်ဖြစ်နေသည့်အတွက် သင့် တွင် ထိုက်သင့်သရွေ့ သူငယ်ချင်းများရှိရန် လိုအပ်သည်။ ထိုသူငယ်ချင်းများ၏ ပို့စ်များ၊ မိုင်ဒေးများတွင်  ဝင်ရောက် လေ့လာထားသင့်သည်။ မိန်းမလှတစ်ယောက်က ယောကျာ်းပျိုတစ်ယောက်ကို သူ့ရှေ့ရောက်လာစေရန် ခေါ်ဆောင်သောနည်းမှာ အကြည့်တစ်ချက်ဖြစ်သည်။ အွန်လိုင်းဈေးရောင်းသူတစ်ယောက်အတွက် နွေးထွေး သော ကွန်မန်းတစ်ခု ပေးတတ်ရန် အရေးကြီးပါသည်။ ကွန်မန်းတစ်ကြောင်းသည် ခင်မင်မှု၏ အတိုင်းအတာကို ပြသည်။ သူငယ်ချင်းဖြစ်သူ စိတ်ဝင်စားတတ်သည့် အကြောင်းအရာများကို ဝင်ရောက်ဆွေးနွေးသင့်သည်။ တွေးတောကာ ကူနိုင်ရမည်ဖြစ်သည်။ စိတ်ထွက်ပေါက် အဖြစ် အွန်လိုင်းကို အသုံးပြုသည့် မိန်းကလေးအရေ အတွက် များပြားလာသည်။ မိန်းကလေးအများစုသည် လိုချင်သည်ကို မဖော်ပြကြသော်လည်း ဝင်ရောက်စူးစမ်း တတ်သည်။ အကြောင်းအရာ မေးလိုသည်။ စကားပြော ဟန်လွဲ စိတ်ကူးယဉ်တတ်ကြသည်။ ဤသည်မှာ သင်၏ အလုပ်ပင်ဖြစ်သည်။ အပ်ပေါက်သည် ကျဉ်း၏။ ထို့ကြောင့် သင်၏အပ်ချည်စကို ခဏခဏ တံတွေးစွတ်နေရလိမ့် မည် ဖြစ်သည်။

အွန်လိုင်း ဈေးရောင်းသူများတွင် အလိမ်အညာ သမားများလည်း ပါလာနိုင်သည်။ အတုအယောင်များ သည် အစစ်ထဲတွင် ရောနှောနှောင့်ယှက်ကြစမြဲ ဖြစ် သည်။ ကိစ္စမရှိပါ။ သင်သည် ရွေးချယ်ပိုင်ခွင့်ကို အပြည့်အဝ ရရှိနေသူဖြစ်သည်။ မိမိအလုပ်အတွက် ယုံကြည်ချက် အပြည့် ရှိနေခြင်းသည် အောင်မြင်မှုအစ ဖြစ်သည်။ ကိုယ့်အလုပ် ကိုယ်လုပ်ရန်သာ အရေးကြီးသည်။ အလုပ် တိုင်းတွင် အခက်အခဲရှိသည်။ ထိုအခက်အခဲကို လွန် မြောက်မှ ရရှိသောပီတိသေးသေးကလေးကို ဖမ်းဆုပ် ထားနိုင်ရန် အရေးကြီးသည်။ ကိုယ့်ရှေ့ကျလာသော ငါးမျှားချိတ်တွင် အစာချည်းမဟုတ် ချိတ်တစ်ခုတပ် ဆင်ထားကြောင်း အမြဲ သတိပြုနေရလိမ့်မည်။ အမြဲ တစေ တည်ငြိမ်နေသော ရေပြင်ကို ငါးမျှားသမားတို့ စိတ်ကုန်ဆုံးစေလိမ့်မည်။ မိမိ၏စိတ်ကို အတည်ငြိမ် ဆုံးထားနိုင်ရမည်။ မလိုလားအပ်ဖွယ် အတိုက်အခိုက် များ ရှိလာတတ်သည်။ အကောင်းဆုံးသောနည်းမှာ ဘိုနေမြဲ ကျားနေမြဲအတိုင်းသာ ဖြစ်လေသည်။

ကိုယ့်လူတွေကိုမူ ကိုယ်ကြည့်ရပေမည်။ အမြဲ အားပေးသော ဈေးဝယ်သူကို အလေးထားရမည်။ အရောင်းအဝယ်ကိစ္စတွင်သာမဟုတ် ကျန်သည့် လူမှုရေး ကိစ္စများတွင်ပါ အကြံပေး ဖေးမနိုင်ရမည်။ ခင်ရာ ဆွေမျိုး မြိန်ရာဟင်းကောင်းတစ်ခွက် ဖြစ်စေရမည်။ ခံစားသက်ဝင်ခြင်းဖြင့် ရေရှည်တည်တံ့နိုင်စေရမည်။ ချိုသာခြင်း၊ ပျော့ပျောင်းခြင်း၊ စိတ်ရှည်သည်းခံခြင်း ဖြင့် မိမိ၏ကွန်ရက်ကို အခိုင်အမာတည်ဆောက်ရမည်။ ရိုးသားခြင်း၊ စိတ်ကောင်းစိတ်မြတ် မွေးမြူခြင်း၊ ကြည် ကြည်လင်လင်ဖြစ်စေရန် ဂရုပြုခြင်းတို့ဖြင့် မိတ်ဆွေသစ် များ များပြားလာရမည်။ ကတိအတိုင်းဆောင်ရွက်ခြင်း၊ လုပ်ပေးနိုင်မှ အာမခံခြင်း၊ ပြောပြီး စကားတည်ခြင်း၊ မကွယ်မဝှက် အရှိအတိုင်း ဆက်ဆံခြင်း အထူးလိုအပ် သည်။ ထိုသို့မှသာ မိမိ၏ ရောင်းလိုအားကို ဝယ်လို အားက အမီလိုက်မည် ဖြစ်လေသည်။

အများအားဖြင့် အွန်လိုင်းဈေးရောင်းသူများ သည် အောင်မြင်စပြုနေသော စာရေးဆရာမပေါက်စ များ၊ ကဗျာဆရာများ၊ အနုပညာရှင်များနှင့် ကျောင်း ဆရာမများ ဖြစ်ကြသည်။ အများစုသည် ကိုယ့်ပရိသတ် နှင့်ကိုယ် ရှိနေကြပြီး ဖြစ်ပါသည်။ ဘုဆတ်ဆတ်၊ အောက်သိုးသိုးအရာများကို ချွတ်ပစ်ထားခဲ့ရန် လိုအပ် သည်။ တည်ငြိမ်ရင့်ကျက်သော ရေပြင်ပမာ ဆွဲဆောင် နိုင်ရပေမည်။
ပစ္စည်းတစ်ခု ရောင်းထွက်သွားခြင်းဖြင့် ပီတိကို မခံယူသင့်။ တစ်ဖက်တွင် အဆင်ပြေချောမွေ့ကြောင်း ခိုင်မာသေချာမှ အပြည့်အဝ ခံယူသင့်သည်။ သူ့အတွက် ကိုသာ ဦးစားပေးနံပါတ်တစ်ဖြစ်စေ၍ ကိုယ့်အတွက် မှာ နံပါတ်စဉ်နောက်ဆုံးသာ ဖြစ်နေရမည်။ အချိန်၊ နာရီ၊ ရက်၊ လများကို အသေးစိတ်မှတ်ထားသော အကျင့်ပြုလုပ်ပါ။ လိုအပ်ပါက ဆက်ဆံပေါင်းကူးမှု စကားလုံးများ၏ အမှားကို ပြန်စစ်ပါ။ တစ်ပါးသူ ထိခိုက် စိတ်ပျက်စေနိုင်သော အသုံးအနှုန်းများ တွေ့ ပါက ပြန်လှန်ဆန်းစစ်ပါ။ လက်တွေ့နှင့် ထင်မှတ်ထား သည်များကို စိတ်ရှည်သည်းခံခြင်းဖြင့် ဖြေရှင်းပါ။ တစ်စိတ်တစ်ဒေသကို အရှုံးထားပြီး လုပ်ဆောင်ရဲမှ ဖြစ်မည်။ အကောင်းဆုံးအလုပ်မှာ သည်နေ့ အကောင်း ဆုံးဖြစ်ရမည်ဆိုသော စိတ်ဓာတ်ဖြစ်သည်။ အကောင်း ဆုံး လုပ်နိုင်ခဲ့သည်ဟူသော ပီတိကို ရယူ၍ အောင်မြင်မှုဆီ ချဉ်းကပ်နိုင်ပါစေ။

နေခြည်(ကြီးနီ)