News

POST TYPE

EXTRA

ဝါဆိုပန်းကပ်
13-Aug-2020


တစ်နှစ်မှ တစ်ခါသာ ကြုံရတဲ့နေ့ထူးနေ့မြတ်မို့ ရွာထဲက အပျိုတစ်သိုက် ကတော့ အားကျမခံ ပန်းတွေရှာထားကြတယ်။အိမ်မှာ ပန်းမရှိတဲ့သူတွေကလည်း ဘေးရွာနီးစပ်ကနေ ရှာဝယ်ထားကြတာပေါ့။ အများစုကတော့ အိမ်ထွက် ပန်းကလေးတွေကများတာ။ နေဝင်သွားပြီဆိုတာနဲ့ ဘုန်းကြီးကျောင်းက မိုက်ဟစ်သံကို နားစွင့်နေကြ တော့တာ။ ဘုန်းကြီးကျောင်းကနေပြီးတော့ “ရွာထဲမှ အမျိုးသမီး၊ အမျိုးသားအပေါင်းတို့ခင်ဗျာ”လို့ အစချီ မိုက်ဟစ်သံကို ကြားတာနဲ့ မိန်းကလေး မှန်သမျှက အားကြိုးမာန်တတ် ရှာထားတဲ့ ဘုရားပန်းတွေကို ဘုရားအိုးမှာထိုးလို့၊ လူငယ်ယောကျာ်းလေးတွေ ကလည်း နှစ်စဉ်ရိုးရာ ဝါဆိုပန်းကပ်လှူရင်း ဘုန်းကြီး ပြောမယ့် ဆုံးမသြဝါဒကို နားထောင်ဖို့ ဘုန်းကြီး ကျောင်းကို ချီတက်ကြပါတော့တယ်။

“သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ တချက် ပြာဋိဟာ”ရယ်လို့ လေးချက်ညီစွာနဲ့ ထူးခြားတဲ့ ဝါဆိုလ ပြည့်နေ့မို့ ​ဗုဒ္ဓဘာသာဝင်တိုင်း အလေးအမြတ်ထား ကြတာ။ ဂေါတမမြတ်စွာဘုရားရှင် ပဋိသန္ဓေနေတဲ့ ရက်မြတ်ဖြစ်သလို သိဒ္ဓတ္တမင်းသား အဖြစ်ကနေ ဘုရားအဖြစ်ကို ကျင့်ကြံအားထုတ်ဖို့ တောထွက် တော်မူတဲ့နေ့မြတ်​လည်း ဖြစ်တယ်။ဘုရားအဖြစ်ကို ရောက်ရှိပြီးတဲ့ အခါမှာလည်း ပဉ္စဝဂ္ဂီငါးဦးကို ဓမ္မစကြာတရားဦး ဟောကြားခဲ့တဲ့နေမြတ်ဖြစ်ပြီး သာဝတ္ထိပြည်မှာ ရေအစုံ၊ မီးအစုံနဲ့ တန်ခိုးပြာဋိဟာကို ပြသတော်မူခဲ့တဲ့ နေ့ထူးနေ့မြတ်ဖြစ်တာမို့ ဝါဆိုလ ပြည့်နေ့မြတ်မှာ ပန်း၊ ဆီမီး၊ သင်္ကန်းတွေ ကပ်လှူသမှု တွေလည်း ပြုလေ့ရှိကြတယ်။ ဒါ့ကြောင့် ကျွန်မတို့ ရွာကလေးမှာလည်း ဝါဆိုလပြည့်ညမှာ ဓမ္မစကြာ တရားကို ရွတ်ဖတ်ပူဇော်ကြပြီး လပြည့်ကျော် တစ်ရက် နေ့ညမှာတော့​ ဝါဆိုပန်းကပ်လှူပူဇော်လေ့ရှိကြတယ်။

ဒါ့ကြောင့် ရွာထဲက လူငယ်၊ လူရွယ်နဲ့ ကလေး တွေဟာ နေဝင်ပြီးလို့ လထွက်လာတဲ့အချိန် ဘုန်းကြီး ကျောင်းက မိုက်ဟစ်သံကို ကြားတဲ့အခါ ​သင်းပျံ့မွေးထုံ နေတဲ့ ဘုရားပန်းအိုးလေးတွေနဲ့ ဘုန်းကြီးကျောင်းဆီ လှမ်းခဲ့ကြပြီ။ ဓမ္မာရုံပေါ်ရှိတဲ့ ဘုရားအိုးတွေတင်ဖို့ ပြင်ထားတဲ့ ပျဉ်ပြားစားပွဲကျယ်ကြီး နှစ်ခုံပေါ်မှာ ဘုရားအိုးတွေကို အစီလိုက်ချသွားရုံပါပဲ။ မိုက်နဲ့ဟစ်ပြီး ခဏအတွင်းမှာပဲ ဘုန်းကြီး ကျောင်းဝင်းအတွင်း မိန်းကလေး၊ ယောကျာ်းလေး တဖွဲဖွဲရောက်လာကြ တော့တယ်။ လျှပ်စစ်မီးမရသေးပေမယ့် ဘုန်းကြီး ကျောင်းကတော့ မီးစက်မောင်းတဲ့ရက်ကများတယ်။ ဘုန်းကြီးကျောင်းလေး မီးလင်းရေး နဲ့ ဘုန်းကြီးကျောင်း အတွင်းရှိ ရှစ်မျက်နှာဘုရားစေတီကလေး မီးလင်းရေး အတွက်ကို ရွာထဲက မီးလှူကြတယ်။ တစ်ညကို သုံး ထောင်သတ်မှတ်ထားပြီး တစ်ညလှူနိုင်သူ တစ်ည၊ နှစ်ညလှူနိုင်သူ နှစ်ညပေါ့။ ရွာမှာ လယ်သမားနဲ့ လက်လုပ်လက်စားသမားပဲရှိပေမယ့် ဘုရားနဲ့ ဘုန်းကြီးကျောင်းကို မီးလင်းရေးအတွက် လူငယ်တွေကအစ လှူကြရှာပါတယ်။ ဒီတော့ လရောင်ထိန်ထိန်၊ မီးထိန် ထိန်နဲ့ပေါ့။

လင်းအိနေတဲ့ မီးရောင်အောက်မှာ ဘုရား ပန်းတွေတဝေဝေနဲ့ ဘုန်းကြီးကျောင်းဟာ ကျက်သရေ မင်္ဂလာအပြည့်ပါပဲ။ တစ်ယောက်ကို ဘုရားပန်း တစ်အိုးနဲ့ ပန်းအိုးတွေစီချသွားတဲ့အခါ ဘုရားပန်း တွေကလည်းအမျိုးမျိုးအဖုံဖုံ။ မွှေးရနံ့တွေကလည်း တသင်းသင်း တထုံထုံ။ တချို့က သနပ်ခါးပန်းတွေ။တချို့က ခရမ်းရောင်နဲ့ အဖြူကြားထားတဲ့ လှလှပပ ခေတ္တာပန်းကြီးတွေ။ တချို့က နှင်းဆီအဖြူ၊ အနီ၊ ပန်းရောင်တွေ။ တချို့က အဆုပ်လိုက်တွဲညွှတ်အောင် ပွင့်​တဲ့ ညမွှေးပန်းတွေ။ တချို့က နှင်းပန်းဖွေးဖွေးတွေ။တချို့က အဖြူ၊ အဝါဂန္ဓမာပန်းတွေ။ တချို့က ရွှေပန်း၊ ငွေပန်းတွေ။ နောက်ပြီး အမျိုးအမည်မသိနိုင်တော့တဲ့ ပန်းအစုံဟာ ဘုရားဆင်းတုတော်ရှေ့မှာ ဝေဝေ ဆာဆာ။ လူတွေသတ်မှတ်ထားတတ်တဲ့ အဖိုးတန် ပန်းတွေမပါပေမယ့် မြင်ကွင်းဟာ အဖိုးအနဂ္ဃ ထိုက်တန်လို့။

လူစုံပြီဆိုတာနဲ့ ကျောင်းထိုင်ဘုန်းကြီးက ဓမ္မာရုံပေါ် ြွကလာတယ်။ ဘုန်းကြီးလာပြီ ဆိုကတည်းက မီးကိုရေနဲ့ ငြှိမ်းလိုက်သလို စကားပြောသံတွေလည်း သေသွားတယ်။ အစောက ဘုရားရင်ပြင်လေးပေါ် သွားထိုင်နေကြတဲ့ လူငယ်တွေလည်း ဓမ္မာရုံပေါ် တဖွဲဖွဲရောက်လာတော့တယ်။ “ဘုရားပန်းတွေ နည်းနည်း ဆီလိုက်နုတ်ပြီး ရှစ်မျက်နှာဘုရားရော၊ ဓမ္မာရုံပေါ် က ဘုရားမှာရော ကပ်လိုက်ဦး”လို့ ဘုန်းကြီးက ပြောတာနဲ့ ယောကျာ်းလေး နှစ်ယောက်၊ သုံးယောက်က ဘုရားအိုး တွေထဲက ပန်းတစ်ခက်စီလောက်ကိုပဲ နုတ်ယူပြီး ဘုရားခန်းထဲက ဘုရားမှာနဲ့ ရှစ်မျက်နှာဘုရားမှာပါ ပန်းတွေကပ်လှူပေးကြတယ်။ ပန်းတွေကပ်လှူ ပြီးတာနဲ့ နမောဗုဒ္ဓဿကစလို့ ဘုန်းကြီးချပေးတဲ့ တရားကို လိုက်ဆိုကြရတယ်။ ပြီးတဲ့အခါ ဘုန်းကြီးက အစဉ် အလာမပြတ် ဆုံးမသြဝါဒကို အစပျိုးလိုက်ပါတော့တယ်။

“ဒီနှစ်လည်းပဲ မနှစ်ကလိုပဲ၊ မနှစ်ကအတိုင်းပဲ ဆုံးမသြဝါဒပေးရမှာပဲ။ ဘာလို့လဲဆိုတော့ မင်းတို့ လူငယ်တွေ မပြောင်းလဲသေးလို့ပဲ”လို့ ဘုန်းကြီးက ဆုံးမစကားကို ပတ်ပျိုးလိုက်တဲ့အခါ အားလုံးပြုံးစိစိ ဖြစ်ကုန်တယ်။ “မနှစ်က ပြောတဲ့ဆုံးမသြဝါဒကို မှတ်မိကြသေးလား။ တစ်ယောက်တလေမှ မှတ်မိ တဲ့သူမရှိဘူး ထင်ပါတယ်”လို့ ပြောတဲ့အခါ ကလေး ရှက်တော့ငိုပြီး လူကြီးရှက်တော့ ရယ်ဆိုသလို အားလုံးက “တင်ပါ့ဘုရား၊ မမှတ်မိတော့ပါဘူး”လို့ ရယ်ကာမောကာ လျှောက်တင်ကြတယ်။

“မမှတ်မိတော့လည်း အဲ့ဒါပဲပြန်ပြောရုံပဲ။ မိန်းကလေးတွေရော၊ ယောကျာ်းလေးတွေရော စာဖတ် ကြတယ်ဆိုရင်တော့ တချို့က သိပြီးသားလည်း ဖြစ်ရင် ဖြစ်မယ်။ စာဖတ်ကြပါပြောလည်း ဘယ်သူမှမဖတ်ကြဘူး ထင်ပါတယ်။ အဟမ်း ... အဲဒီတော့ ပုံပြင်လေး တစ်ပုဒ်ပြောပြမယ်။ ပြောတာကတော့ အရင်လည်း ပြောဖူးပြီးသားပါပဲ။ အရင်တုန်းကတောထဲမှာ မုဆိုးကြီး တစ်ယောက်နေတယ်။ သူ့မှာ သူနဲ့အတူအမဲလိုက်တဲ့ ခွေးလေးတစ်ကောင်လည်း ရှိတာပေါ့လေ”

ဘုန်းကြီးက ပုံဝတ္ထုကလေးကို အဲဒီလို အစပျိုး လိုက်တာနဲ့ မှတ်မိတဲ့သူတွေက အထူးသဖြင့် မိန်းကလေး တွေက “ငါမှတ်မိ”၊ “အဲဒါလေ ပြီးကျ ဒုံရင်းကဒုံရင်းပဲ ဆိုတာ”စသဖြင့် တစ်ယောက်နဲ့ တစ်ယောက် မှတ်မိကြောင်း တွတ်ထိုးသူက ထိုး။ လိုက်လာတဲ့ ကလေးတွေက စကားပြောလိုပြောမိကြတဲ့အခါ ဘုန်းကြီးက စကားကိုဖြတ်လိုက်ပြီး “မိန်းကလေး တွေရော၊ ကလေးတွေရော စကားပြောမနေကြနဲ့။ပြောပြတုန်းကို သေချာနားထောင်ကြ”ဆိုပြီး ဘုန်းကြီး က ညည်းသံပါပါလေးနဲ့ ပြောလိုက်တယ်။ ဘုန်းကြီးက စကားကို အေးအေးဆေးဆေးနဲ့ ခပ်တိုးတိုးပြော တတ်တယ်။ ကျောင်းထိုင်ဘုန်းကြီးလုပ်လာတဲ့တစ်လျှောက်မှာလည်း တစ်ဦးတစ်ယောက်ကမှ အကြည် အညိုပျက်တာမျိုး မရှိခဲ့ဖူးဘူး။ ဘေးရွာနီးတစ်လျှောက် ကအစ ကြည်ညိုမှုရှိတယ်။ အခုလည်း ဝါဆိုပန်းကပ် မှာ ရွာကလူငယ်တွေကို ဆုံးမသြဝါဒပြောတယ် ဆိုပေမယ့် မာန်သံမဲသံကင်းကင်းနဲ့ အပြန်အလှန်ပြောနေတဲ့ ဆွေးနွေးခြင်းဆိုရင် ပိုမှန်ပါလိမ့်မယ်။

ဘုန်းကြီးက မဆူကြဖို့ပြောလိုက်ကြတာနဲ့ ဘယ်သူမှတုတ်တုတ်မလှုပ်ကြတော့ဘူး။ လေငြိမ် နေတဲ့သစ်တောစုကြီးလို ငုတ်တုတ်ကလေးတွေ။ ပြီးတော့ ဘုန်းကြီးက ပုံဝတ္ထုကလေးကို ပြန်ဆက်လိုက်ပါတယ်။ “အဲဒီတော့ မုဆိုးဟာ အမဲလိုက်သွားတဲ့အခါ ထမင်း ထုပ်ကလေး ယူသွားလေ့ရှိတယ်။ နားနေကျ ညောင်ပင် ကြီးအောက်မှာ ထမင်းစားလေ့ရှိတာပေါ့။ သူဟာ သူမစားမီ စားဦးစားဖျားကို ညောင်ပင်စောင့်နတ်ကို ပူဇော်လေ့ရှိသတဲ့။ တစ်ခါတလေ မဟုတ်ဘဲနဲ့ နေ့စဉ်နဲ့အမျှ ဦးဦးဖျားဖျား ပူဇော်တဲ့အခါ ညောင်ပင် စောင့်နတ်ကနေပြီးတော့ ဒီမုဆိုးဟာ ငါ့ကိုတလေး တစားနဲ့ စားဦးစားဖျားကို အမြဲပူဇော်လေ့ရှိတယ်။ ဒီတော့ အသင်မုဆိုး သင်ဟာ ဒီညောင်ပင်ရိပ်မှာ ထမင်းစားတိုင်း အသင်မစားမီ ကျွန်ုပ်ကို ဦးဦးဖျားဖျား ပူဇော်လေ့ရှိတာမို့ အသင်မုဆိုး လိုရာဆုကို တောင်း ခွင့်ပြုမယ်လို့ ညောင်ပင်စောင့်နတ်ကပြောတာပေါ့ လေ။ အဲဒီအခါ မုဆိုးကနေပြီးတော့ ရွှေ၊ ငွေတွေကို အလိုမရှိပါဘူး ပြောတဲ့အတွက် နောက်ဆုံးမှာ ညောင်ပင်စောင့်နတ်ကနေပြီးတော့ စေတရမြား သုံးချောင်း ပေးထားခဲ့တယ်။ အသင် မုဆိုးလိုချင်တာ ကို ပြောပြီး မြားကိုပစ်လိုက်ရုံပဲလို့လည်း ပြောထားခဲ့ တာပေါ့။ ဒါနဲ့မုဆိုးလည်း မြားသုံးချောင်းကိုယူပြီး သူ့အိမ်ကိုပြန်ခဲ့တယ်။

မုဆိုးလည်း စဉ်းစားခန်းထုတ်တော့တာပေါ့။ဒီမြားသုံးချောင်းကို ဘယ်အတွက်သုံးရမလဲဆိုတာ။နောက်တော့ မုဆိုးက တွေးတောမိတယ်။ ငါ့မှာ အမဲ လိုက်ခွေးတစ်ကောင်ပဲ ရှိတာ။ ဒီတော့ အမဲလိုက် ခွေးတွေအများကြီးရှိမယ်ဆိုရင် ငါ့မှာ သားကောင် တွေပိုရမှာပဲလို မုဆိုးဟာ အကြံရမိတယ်။ ဒါနဲ့ပဲ “ခွေးတွေအများကြီးရောက်စေ”လို့ပြောတဲ့ပြီး မြား တစ်စင်းကိုပစ်လိုက်တော့တယ်။ အဲဒီအခါမှာ တကယ်ပဲ ခွေးတွေအများကြီး ရောက်လာတာပေါ့။ တယ်ဟုတ် ပါလားဆိုပြီး မုဆိုးလည်း အပျော်ကြီး ပျော်ပြီး ကျေနပ်သွားတယ်။

နောက်တစ်ရက် အရောက်မှာတော့ မုဆိုး လည်း ခွေးတွေအများကြီးနဲ့ တောလိုက်ထွက်တော့ တာပေါ့လေ။ အဲ့ဒီအခါ ဘယ်လိုဖြစ်သလဲဆိုတော့ ခွေးတွေ များလွန်းတဲ့အခါ တရုန်းရုန်းနဲ့ဆိုတော့ တောကောင်တွေက အဝေးကြီးကတည်းက ရှောင်ကြ၊ ပြေးကြတော့တယ်။ မုဆိုးခမျာ တောကောင်ရဖို့မဆို ထားနဲ့ တောကောင်တွေရဲ့ အရိပ်အယောင်ကိုတောင် မမြင်မတွေ့ရတော့ဘူး။ အဲဒီလိုနဲ့ တစ်ရက်ပြီးတစ်ရက် သာ ကုန်သွားတယ်။ ခွေးတွေ တရုန်းရုန်းနဲ့မို့ မုဆိုးလည်း သားကောင်တစ်ကောင်မှ မရခဲ့ရှာဘူး။ ဒီတော့ မုဆိုးလည်း စိတ်ညစ်နေလှပြီ။ “ငါ့ရဲ့ အမဲလိုက် ခွေးတစ်ကောင်ပဲရှိတုန်းက သားကောင်တွေရခဲ့ တယ်။ အခုအများကြီးဖြစ်ကာမှ မရတော့တာ။ ဒီတော့ ဒီခွေးတွေ ငါမလိုချင်တော့ဘူး”ဆိုပြီး  မြားတစ်စင်း ကို အသုံးပြုဖို့ အကြံရပြန်တယ်။ ဒါနဲ့ပဲ “ခွေးအားလုံး ပျောက်စေ”လို့ ဆိုလိုက်ပြီး မုဆိုးဟာ မြားတစ်စင်းကို ပစ်လိုက်တော့တဲ့အခါ သူ့ရဲ့ရှိရင်းစွဲ ခွေးကလေးပါ ပျောက်သွားတော့သတဲ့။

“ဒီလိုနဲ့ မုဆိုးလည်း တောလိုက်သွားတဲ့အခါ သူ့ခွေးကလေးမရှိတော့ခြင်းအတွက်  စိတ်ညစ်နေ တာပေါ့။ နောက်ဆုံးတော့ မုဆိုးလည်း ကျန်နေတဲ့ မြားတစ်ချောင်းကို သတိရပြီး သူ့ခွေးပြန်ရောက်စေဖို့ အသုံးပြုလိုက်တော့တယ်။ အဲဒီတော့ ပြောချင်တာက ဘာလဲဆိုတော့ ဒုံရင်းကဒုံရင်း ဆိုတာပဲ။ မြားသုံး ချောင်းရပါရက်နဲ့ အသုံးမပြုတတ်တဲ့အတွက် နောက် ဆုံးတော့ မုဆိုးဟာ ဘာမှပြောင်းလဲမသွားနိုင်ခဲ့ဘူး။မင်းတို့လည်းပဲ ဘယ်လိုပဲ ဆုံးမစကားပြောပြော၊ ဘယ်လောက်စာအုပ်တွေ ဖတ်ခိုင်း ဖတ်ခိုင်း ဒုံရင်းက ဒုံရင်းပဲ ထင်ပါတယ်။ စာကြည့်တိုက်လည်း ရှိနေတာ ပဲ။ အချိန်ပေးပြီး စာဖတ်ကြလို့ပဲ ပြောရမှာပဲ။ ဖတ်ရော ဖတ်ကြရဲ့လား ဟမ်”လို့ မေးလိုက်တဲ့ ဘုန်းကြီးရဲ့ စကားအဆုံးမှာတော့ “တင်ပါ့ ဘုရား၊ ဖတ်ပါ့မယ်ဘုရား”လို့ လူတစ်ဝက်လောက်က လျှောက်ကြတယ်။ ဒါနဲ့ပဲ ဘုန်းကြီးကလည်း ပြုံးရယ်ရင်း “အကုန်မဖြေဘူးဆို တော့ ကျန်တဲ့လူတွေက လုံးဝမဖတ်ဘူးလို့များ သန္နိဋ္ဌာန်ချထားသလားပဲ”လို့ စ မေးလိုက်တဲ့အခါ ဓမ္မာရုံကလေးပေါ်မှာ ပွဲကျ (ရယ်မော)နေကြတော့တယ်။

ဒီရှေ့က ယောကျာ်းလေးတွေရော စာလေး ဘာလေးဖတ်ကြဦး။ မင်းတို့ကောင်တွေ အားရင် ဖုန်းကိုင်၊ ခြင်းခတ်မနေကြနဲ့။ လုံးလုံးကြီး မကိုင်ရ၊ မခတ်ရတော့ ဘယ်ဟုတ်မလဲ။ အဲဒီကိစ္စတွေမှာ အာသီသကြီးပြီး လုပ်မနေကြဖို့ပဲ”ဆိုတဲ့ ဘုန်းကြီး စကားအဆုံးမှာ ယောကျာ်းလေးတွေအားလုံးက “တင်ပါ့ ဘုရားဓလို့ တညီတညွှတ်ဖြေလိုက်ကြတယ်။

“မင်းတို့ကောင်တွေ ဒီထဲမှာ ဘီယာတို့ဘာတို့ မသောက်တဲ့ကောင် ပါရဲ့လားဟမ်။ မေးတာမေးရ တာပါ ပါမယ်မထင်ပါဘူး။ တချို့က ယောကျာ်းမှန်ရင် ထန်းရေ (ရည်)၊ အရက်၊ ဘီယာ သောက်မှကို ယောကျာ်းဘောင်ဝင်တယ် ထင်ကြတာ။ အဲ့တော့ အယူအဆတွေ မလွဲစေချင်ဘူး။ အပေါင်းအသင်းတွေ မမှားဖို့လည်း လိုတယ်။ မင်းတို့ကြားဖူးတယ်မလား။တံငါနားနီး တံငါ၊ မုဆိုးနားနီး မုဆိုးဆိုတာ။ တချို့ကောင် တွေက ရွာထဲအာကျယ် အာကျယ်လုပ်မှ လူရာဝင် တယ် ထင်တဲ့ကောင်တွေက ရှိသေး။ ဒီထဲရောပါလား”လို့ မေးပြန်တဲ့အခါ “မပါပါဘူးဘုရား”လို့ ဖြေကြပြန်တယ်။

“မိန်းကလေးတွေ ဆိုတာတော့ အထူးသိပ် ပြောစရာမလိုပါဘူး။ အဓိက က မင်းတို့ကောင်တွေပဲ။လူငယ်တွေ ပျက်စီးသွားဖို့ဆိုတာ လွယ်သလောက် တော်ဖို့မော်ဖို့ခက်နေကြတာပဲ။ အဲ့တော့ မသောက် ပါဘူးလို့ပြောတဲ့ကောင်တွေ သောက်သံကြားရင် ငါခေါပြီးရိုက်မှာနော်”လို့ ဘုန်းကြီးက ပြုံးပြီးပြော တော့ လူငယ်တွေကလည်း ဘုန်းကြီးစိတ်ချမ်းသာ အောင်လားတော့ မသိဘူး။ “မသောက်ပါဘူးဘုရား။မူးသံ၊ ရူးသံကြားရင် ခေါ်ရိုက်ပါဘုရား”လို့ လျှောက် ကြတယ်။ ဒါနဲ့ ဘုန်းကြီးကလည်း “မဟုတ်သေးပါ ဘူးကွ။ ငါပြောတာ သောက်ရင်ပဲ ခေါ်ရိုက်ရမလား မေးတာ။ မူးမူးရူးရူးအော်နေမှ မဟုတ်ပါဘူး”လို့ ဘုန်းကြီးက သဘောကျရင်းပြောတဲ့အခါ ဓမ္မာရုံကလေး ပေါ်မှာ ရယ်သံတွေ တသောသောညံသွားပြန်ပါတော့ တယ်။

ခင်ဇော်မိုး