News

POST TYPE

EXTRA

သည်းခံစိတ်လေး ရှိစေချင်
09-Aug-2020


" သည်းခံလျှင် နိဗ္ဗာန်ရောက်သည်" ဟူသော ဆိုးရိုးစကားကို ကြားဖူးကြပေလိမ့်မည်။ သာဓကအနေနှင့် မြတ်စွာဘုရားရှင်သည် အတိုက်အခိုက်ဟူသမျှတို့ကို ရှေးဘဝပေါင်းများစွာ ကပင် သည်းခံခြင်းတရားဖြစ်သော ခန္တီပါရမီကို အမြဲမပြတ်ဖြည့်ဆည်းပေးခြင်းဖြင့် အောင်မြင်တော်မူ ခဲ့သည်ကို ပြရပေမည်။ သည်းခံမှုရှိက စိတ်အစဉ်သည် ငြိမ်းအေးချမ်းသာမှုကိုရရှိ၍ ကြမ်းတမ်းသောအမှုကို မပြုလိုပေ။ ကြမ်းတမ်းစွာပြုမူဆက်ဆံလာသူကိုလည်း မေတ္တာစိတ်ဖြင့်သာတုံ့ပြန်၍ သည်းခံခွင့်လွှတ်နိုင် ပေသည်။

သည်းခံလိုစိတ်သည် လူတိုင်းတွင်မရှိနိုင် ပေ။  ယနေ့အချိန်တွင် သည်းခံစိတ်ပို၍နည်းပါးလာသည်ဟု ထင်မြင်မိပါသည်။ ဥပမာပြရသော် လူအသုံးများလျက်ရှိသော ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်က တချို့သော  ပို့စ်များအောက်ရှိ ကွန်မန့်များတွင် အပြန်အလှန်ဆဲဆိုနေကြခြင်းများကို ကြည့်လျှင်သိနိုင်ပါသည်။ 

ဤနေရာတွင် အလျဉ်းသင့်၍ ဆရာတက်တိုး၏ အဆိုအမိန့်တစ်ခုကို တင်ပြလိုပါသည်။  “သည်းခံမှု သည်မလွယ်ပေ။ သို့သော် မလွယ်ရုံမျှသာဖြစ်သည်။ မလုပ်နိုင် မဖြစ်နိုင်ဟု မဆိုသာပေ” ဟူ၍ ဖြစ်ပါသည်။ ဆရာ၏အဆိုကို ကျွန်တော်အလွန်သဘောကျ နှစ်ခြိုက်မိပါသည်။ သည်းခံလိုစိတ်မရှိက သည်းခံစိတ်ရှိလာအောင် ကျွန်တော်တို့ ကြိုးပမ်းလုပ်ဆောင်နိုင်သည်မဟုတ်လော။ ကြိုးပမ်းနိုင်ခွင့်ရှိနေသည် မဟုတ်ပါလော။ ထိုအခါ ပြန်လည်ချေပလိုစိတ်များ၊ ကြမ်းတမ်းသော အရေးအသားများ၊ ကြမ်းတမ်းသောဆဲရေး တိုင်းထွာခြင်းများ၊ ကြမ်းတမ်းစွာပြုမူပြောဆိုခြင်းများ နည်းပါးသွားမည် ဖြစ်ပေသည်။

ဒီနေရာတွင် စာဖတ်သူများကို မေးခွန်းနှစ်ခု မေးချင်ပါသည်။ မေးခွင့်ပြုပါဟုလည်း တောင်းဆိုချင်ပါသည်။ ဖြေကြလိမ့်မည်ဟုလည်း ယုံကြည်နေပါသည်။  အကြောင်းအရာတစ်ခုနှင့် စပ်လျဉ်း၍ မိမိ၏စိတ်တွင်ဖြစ်ပေါ်လာသော ဒေါသကို သည်းခံခြင်းဖြင့် ထိန်းဖူးကြပါသနည်း။ ထိန်းဖူးပါက အကြိမ်ရေ မည်မျှ ထိန်းဖူးကြပါသနည်း။ သေချာသည့်အဖြေမှာ တစ်ကြိမ်မက ထိန်းဖူးကြပါလိမ့်မည်။ တစ်ကြိမ်မက ဒေါသကို သည်းခံခြင်းဖြင့် ထိန်းလိုက်သောအခါ၌လည်း တူညီသောခံစားမှုကို ရရှိမည်သာဖြစ်ပေသည်။ တူညီသော ခံစားမှုဆိုသည်မှာကိုယ်စိတ်နှလုံးသုံးပါး စလုံးအေးချမ်း၍ တဒင်္ဂချမ်းသာခြင်းအစစ် ရရှိခြင်းကို ဆိုလိုပါသည်။ ထိုသို့ တစ်ကြိမ်သည်းခံရုံမျှနှင့် ကိုယ် စိတ်နှလုံးအေးချမ်းသွားစေသည်ဆိုလျှင် အကြိမ် ကြိမ်သည်းခံပါက မည်မျှအေးချမ်းသွားမည်ကိုတော့ ဆိုဖွယ်ရာမရှိတော့ပေ။

သည်းခံခြင်း၏ ထူးခြားချက်တစ်ချက်မှာ မိမိအပေါ်ရန်မူလာသူအား တုံ့ဆိုင်းသွားစေတတ်ခြင်း ပင်ဖြစ်သည်။ တစ်နည်းအားဖြင့် ရှေ့ဆက်ခွင့် မပေးတော့ခြင်းပင်ဖြစ်သည်။ သည်းခံခြင်းနှင့် ပတ်သက်ပြီး ကိုယ်တွေ့ဖြစ်ရပ်တစ်ခုကို တင်ပြလိုပါသည်။ ကိုယ်တွေ့ ဖြစ်ရပ်ဟုဆိုသော်လည်း ကျွန်တော်ကိုယ်တိုင်တွေ့ ကြုံခံစားလိုက်ရခြင်းမဟုတ်ပါ။ ကျွန်တော့်မိတ်ဆွေ၏ဖြစ်ရပ်ကို မြင်လိုက်ရသောကြောင့် ကိုယ်တွေ့ဟု သုံးနှုန်းလိုက်ရခြင်းဖြစ်ပါသည်။

လွန်ခဲ့သောနှစ်က ဖြစ်ပါသည်။ တိတိကျကျ ပြောရလျှင် ကျိုက်ထိုမြို့ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးဆီသို့ ဘုရားဖူးသွားရောက်စဉ် ကဖြစ်ပါသည်။ ကားရပ်နားရာ တစ်နေရာတွင်   လက်ဖက်ရည်ဆိုင် တစ်ဆိုင်သို့ဝင်ကာ ကျွန်တော်နှင့် မိတ်ဆွေဖြစ်သူတို့ လက်ဖက်ရည်သောက်ကြပါသည်။ လက်ဖက်ရည်သောက်နေရင်းက မိတ်ဆွေက လက်ခုပ်တီးကာ ဆေးလိပ်တစ်ပွဲချပေးပါဟု စားပွဲ ထိုးလေးကြားအောင် အော်ပြောလိုက်လေသည်။ ထိုအချိန်တွင် ဆိုင်ထဲသို့ လူလေး၊ ငါးယောက် ဝင် လာပြီး ရှေ့ဆုံးမှလူက “မင်းလားကွ လက်ခုပ်တီးတာ” ဟုဆိုကာ  မိတ်ဆွေ၏နားရင်းကို ဖြတ်ရိုက်လိုက်လေသည်။ ရုတ်တရက်မို့ မိတ်ဆွေရော၊ ကျွန်တော်ပါ ကြောင်အအဖြစ်သွားပါသည်။ သည်လိုပုံစံ၊ သည်လို မြင်ကွင်း၊ သည်လိုပြုမူပုံမျိုးကို ရုပ်ရှင်ဇာတ်လမ်း တွေထဲမှာသာ မြင်တွေ့ဖူးပါသည်။ ရုပ်ရှင်ဇာတ်လမ်း တွေထဲမှာဆိုလျှင် အရိုက်ခံရသူက ပြန်လည်ချေပ ပေတော့မည်။ ထိုးပွဲ၊ သတ်ပွဲတွေကို မြင်တွေ့ရပေတော့မည်။ ထိုင်ခုံတွေနှင့် အပြန်အလှန်ရိုက်ကြ၊ ခတ်ကြပေတော့မည်။ လက်ရှိကျွန်တော့်မိတ်ဆွေ ကတော့ အရိုက်ခံရသည်ကို စိတ်ဆိုးဟန်မပြဘဲ အပြုံးကလေးနှင့် တောင်းပန်ပါသည်ဟုပင် ဆိုလိုက် သေးသည်။ ကျွန်တော်အံ့သြသွားသည်။ မိတ်ဆွေ၏ သည်းခံခွင့်လွှတ်နိုင်မှုစွမ်းအားမှာ လွန်စွာကြီးကျယ် မြင့်မြတ်လှသည် မဟုတ်လား။ သူသာ သည်းမခံ၍ ရန်ပွဲ ဖြစ်ခဲ့လျှင် နှစ်ဦးဖက်စလုံး ကောင်းကျိုးမရှိနိုင်။ အများနှင့် နှစ်ယောက်မို့ ကျွန်တော်နှင့်မိတ်ဆွေသာ အထိနာနိုင်သည်။ မိတ်ဆွေ၏ သည်းခံမှု၊ တောင်းပန်မှုတို့ကြောင့် ရန်မူလာသူလည်း ရှေ့မဆက်ရဲတော့။ ပြန်ထွက်သွားကြတော့သည်။ ထိုအခါ မိတ်ဆွေက အမူးသမားတွေပါကွာဟုဆိုကာ ဘာမှမဖြစ်သလို ပုံစံမျိုးနှင့် လက်ဖက်ရည်ဆက်သောက်နေတော့သည်။ 

ထိုဖြစ်ရပ်နှင့် ဆက်စပ်ပြီး ကျွန်တော်ကြည့်ဖူး သော အိန္ဒိယဇာတ်လမ်းထဲက ခေါင်းဆောင်မင်းသမီး (မင်းသမီးနာမည်ကို မမှတ်မိပါ။) ပြောလိုက်သော စကားလေးတစ်ခွန်းကို အမှတ်ရမိသည်။  “ကိုယ့်ကို စိတ်ဆိုးဒေါသထွက်အောင် စတဲ့သူတွေကို ကလေး တွေလို့သဘောထားလိုက်။ ဒေါသတွေ ပြေသွားမယ်ဓ ဟူ၍ ဖြစ်ပါသည်။ အလွန်မှတ်သားစရာကောင်းသော စကားဖြစ်ပါသည်။ ယခု ကျွန်တော့်မိတ်ဆွေသည် လည်း ထိုသို့သဘောထားဟန်ရှိပါသည်။ ရန်စလာ သူများမှာ အရက်သောက်ထားကြသူများဖြစ်၍ မူးနေ တဲ့အချိန်မသိလို့ဖြစ်တာပါဟုဆိုကာ ခွင့်လွှတ်လိုက် သည်။ ကျွန်တော်လေးစား အတုယူမိပါသည်။    

သည်းခံခြင်းသည် လူမှုဆက်ဆံရေးတွင် လွန်စွာမှ အရေးပါအရာရောက်လေသည်။ သည်းခံခြင်း ကြောင့် ခိုင်မြဲသောပေါင်းသင်းဆက်ဆံရေး၊ နွေးထွေး ချစ်ခင်သော ပေါင်းသင်းဆက်ဆံရေးကို ရရှိနိုင်ပါ သည်။ အထူးသတိထားရမည်မှာ အပေါင်းအသင်း သူငယ်ချင်းမိတ်ဆွေများ (သို့မဟုတ်) မိသားစုနှင့် ပြောဆိုဆက်ဆံကြသည့်အခါများ၌ တစ်ခါတစ်ရံ စိတ်အလိုမကျခြင်းများ ဖြစ်ပေါ်ကြုံတွေ့နိုင်ပါသည်။ ထိုအခါ ကိုယ်အမူအရာသော်လည်းကောင်း၊ နှုတ်အမူ အရာသော်လည်းကောင်း အမှားပါတတ်ချေသည်။ တစ်ဦးနှင့် တစ်ဦး အမြင်မကြည်လင်တော့ဘဲ ကတောက်ကဆ ဖြစ်တတ်ချေသည်။ ထိုအချိန်တွင် ဝင်ရန်အသင့် စောင့်ဆိုင်းနေသော ဒေါသပေါ်လာတတ်သည်။ ဒေါသကြောင့် စိတ်ကြမ်းလူကြမ်းဖြစ်ကာ အပြောအဆို ကြမ်းတမ်းစေသည်။ မလိုလားအပ်သော ပြဿနာများ ဆင့်ပွားဖြစ်ပေါ်စေတတ်သည်။ ဒေါသ၏ဆိုးကျိုး ပင်တည်း။ 

ဒေါသကို ထိန်းချုပ်နိုင်သည့်အခါ သည်းခံနိုင်မှု ကို မွေးဖွားပေးသည်ဟု ယူဆမိပါသည်။ ထို့ကြောင့် မည်မျှပင်ဒေါသဖြစ်စေကာမူ ဒေါသကို အဒေါသဖြင့် အနိုင်ယူနိုင်ဖို့လိုပါသည်။ မေတ္တာတရားဖြင့်လည်း ဒေါသအပူကို ငြိမ်းအေးစေဖို့လိုပါသည်။ ဒေါသမီးငြိမ်းသည့်အခါ သည်းခံစိတ် ပေါ်ပေါက်လာပေလိမ့်မည်။ ထိုအခါ သည်းခံနိုင်ခြင်းနှင့်ယှဉ်တွဲ၍ ခွင့်လွှတ်နိုင်ခြင်း ဖြစ်ပေါ်လာပေလိမ့်မည်။ တစ်နည်းအားဖြင့် သည်းခံခြင်းသည် ယှဉ်ပြိုင်တိုက်ခိုက်နေသော ရန်သူကို ဆက်လက်မတိုက်ခိုက်တော့ဘဲ   လက်နက်ချ တပ်နောက်ပြန်ဆုတ်ခြင်းပင်ဖြစ်သည်။ ကြောက်ရွံ့စိတ်နှင့် အညံ့ခံခြင်းတော့ မဟုတ်ပေ။ သို့ဖြစ်၍ သည်းခံနိုင်သည့် အတိုင်းအတာတစ်ခု အထိတော့ သည်းခံကြဖို့လိုပေသည်။ အတတ်နိုင်ဆုံး ရန်စကားများ၊ ရန်လိုသောအပြုအမူများကို ရှောင်ရှားပယ်ခွာ၍ ရန်ကိုရန်ခြင်းမတုံ့နှင်းဘဲ သည်းခံကြပါဟု တိုက်တွန်းချင်ပါသည်။

သည်းခံမှုအားကောင်းမှသာလျှင် တစ်ဦး နှင့်တစ်ဦး၊ တစ်စုနှင့်တစ်စု၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့၊ တစ်ရွာ နှင့်တစ်ရွာ၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံ မိသားစုများကြား ရန်လိုခြင်းများကင်းစင်ဝေးကာ နွေးထွေးချစ်ခင် သော၊ ချစ်ကြည်ရင်းနှီးသော၊ ခိုင်မြဲသောပေါင်းသင်း ဆက်ဆံရေးကို ရရှိပေလိမ့်မည်ဟု ယုံကြည်စွာရေးသားတင်ပြရင်း နိဂုံးချုပ်လိုက်ရပါတော့သည်။ ။

ရိုသေလေးစားလျက်...

မောင်ငြိမ်းချမ်း (ခရမ်းမြေ)