News

POST TYPE

EXTRA

ရစေချင်မိသော ယုံကြည်မှုသစ္စာကြေးများ
14-Jun-2020


ယုံကြည်မှုအချင်းချင်း ချိတ်ဆက် ကမ်းလှမ်းကြသည့်အချိန်တွင် လိုချင်မှုလောဘတရားများဆိုသည် အားနည်းလျော့ပါးလို့ သွားတတ်ပါသည်။ ယုံကြည်မှုများဖြင့် ချစ်ခြင်းတရား များကို ချိတ်ဆက်ကမ်းလှမ်းကြသည့်အချိန်မျိုးတွင် အားကိုးခြင်းဟူသော တွယ်တာမှုများ ဖြစ်ပေါ်လို့လာ တတ်ပါသည်။ ဤသည်ကပင် ဘဝ၏အလှတရားများ ကို စတင်ရှာဖွေရာဖြစ်ကြသလိုပင်၊ ဘဝ၏အလှတရား များကို စတင်တည်ဆောက်ရာလည်း ဖြစ်ပေသည်။

ယုံကြည်မှုများကို အရင်းတည်၍ ရှေ့ဆက် လျှောက်လှမ်းကြပါသော ကမ်းလှမ်းမှုဟူသမျှသည် အချိန်ကြာမြင့်စွာ တည်တံ့မြဲမြံတတ်ကြပါသည်။ ထို့အတူပင် ယုံကြည်မှုများကတစ်ဆင့် ဖြစ်ပေါ်လာသည့် ချစ်ခြင်း တရားများသည်လည်း သစ္စာဟူသောပန္နက်တိုင်ကို စတင်၍ တည်ဆောက်လို့ပေးတတ်ပါသည်။ ယုံကြည် မှုများကြောင့်ဖြစ်ပေါ်လာသော ချစ်ခြင်းတရားများ သည် ပိုမိုခိုင်မာတတ်သည့် သဘောတရားပင်ဖြစ်ပါ သည်။ ယုံကြည်မှုကြောင့်ဖြစ်ပေါ်လာသော ချစ်ခြင်းတရား များသည် အချိန်ကြာမြင့်စွာတည်ရှိနိုင်မည့် အလှတရား လည်းဖြစ်ပါသည်။

လူသားအားလုံးသည် ယုံကြည်မှုများကို တည် ဆောက်ကြရသည့် အချိန်မျိုးတွင် တစ်ခါတလေ၌ အဖြောင့်တရားများကို ဆန့်ကျင်ရတတ်ပါသည်။ သွယ်ဝိုက်ကွေ့ပတ်၍ ရှေ့တစ်လှမ်းတိုးနိုင်ကြဖို့ လိုအပ်ပါသည်။ သို့သော် ဝမ်းရေးအတွက်ရှာဖွေရင်း ယုံကြည်မှုများကို စတင်တည်ဆောက်ရသူများ၌ကား ဖြောင့်တန်းမှန်ကန်သည့် လက်တွေ့လုပ်ဆောင်ချက် များက အလွန်အရေးပါလှပါသည်။

တစ်နည်းအားဖြင့်ဆိုရလျှင် အလှတရားအစစ် အမှန်များကို ပုံဖော်ကြရသည့်အချိန်တွင် အချိန်ယူ ရန်လိုအပ်သောကြောင့်သာ ဖြစ်ပါသည်။ လူသားအားလုံးအတွက် အရာရာတိုင်းတွင် ပကတိအရှိတရား များကို မြန်မြန်နှင့်လွယ်လွယ်ကူကူချပြလို့ မဖြစ်နိုင် ပါပေ။ ချပြလို့လည်း မရနိုင်ပါပေ။ အမှန်တရားဆိုသည် မှာ တစ်ခါတလေ၌ ခါးတတ်သည်ဟူသော လူသားတို့ ပြောဆိုတတ်ကြသည့် စကားပမာပင်ဖြစ်ပါသည်။ကျွန်တော်တို့တစ်တွေသည် အရောက်နောက်ကျ တတ်သည့် အမှန်တရားများ၏ သဘောသဘာဝကို နားလည်ထားရှိကြရန် အထူးလိုအပ်ခြင်းဖြစ်ပါသည်။

လူ့လောကသဘောတရားများအရ အရောက် နောက်ကျတတ်ပါသော အမှန်တရားများ၏ နှောင့်နှေး မှုများကို ပြင်ဆင်ထားတတ်ကြရန် လိုအပ်ပါသည်။အမှန်တရားများ၏ နှောင့်နှေးအားနည်းမှုပုံရိပ်များကြောင့် ယုံကြည်မှုများ မပျက်စီးစေရန်လည်း အထူး ဂရုစိုက်ရပေမည်။ အရောက်နောက်ကျတတ်သည့် အမှန်တရားများကြောင့် ရရှိနေသောယုံကြည်မှုများ ကို မပျက်စီးစေရန်နှင့် ဆက်လက်ထိန်းသိမ်းထားနိုင်ရန် အရေးတကြီးလိုအပ်လှပါသည်။ စောစီးစွာ ရောက်ရှိမလာတတ်ပါသော အမှန်တရားများကြောင့် သစ္စာပန္နက်တိုင်များ မပျက်စီးစေရန်ကား ကြိုးစားရ ပေမည်။

ကျွန်တော်တို့တစ်တွေသည် ယုံကြည်မှုများကို စတင်ကမ်းလှမ်းကြသည့်အချိန်၌ အမှန်တရား၏အလှ ပုံရိပ်ကို အထူးလိုအပ်သောကြောင့် ဖြစ်ပါသည်။ ကျွန်တော်တို့တစ်တွေ၏ ရင်ဘတ်အတွင်း၌ရှိသော အချို့အမှန်တရားများကို လွယ်လွယ်ချပြလို့ မရသလို ပင်၊ အမှန်တရားများ၏ အရောက်နောက်ကျတတ် သည့် သဘောတရားများကြောင့် ယုံကြည်မှုများကို တည်ဆောက်ကြသည့်အချိန်တွင်လည်း ခက်ခဲတတ် ပါသည်။ ကြန့်ကြာတတ်ပေသည်။

ကျွန်တော်တို့တစ်တွေ၏ စစ်မှန်သောယုံကြည် မှုများသည်သာ တစ်ဦးနှင့်တစ်ဦး ချိတ်ဆက်ကမ်းလှမ်း သည့်အချိန်၌ အလှတရားဖြစ်ပေမည်။ မစစ်မှန်သော ယုံကြည်ပေးမှုများဆိုသည်မှာ အတုအယောင်ဘဝ၏ တိုတောင်းသည့်ရှင်သန်မှုများကိုသာ ဖြစ်စေပါလိမ့် မည်။ တစ်နည်းအားဖြင့် မစစ်မှန်သောယုံကြည်မှုများ ကြောင့်သာလျှင် ကျွန်တော်တို့တစ်တွေသည် တစ်ဦး ပေါ်တစ်ဦး အမုန်းပွားခြင်းကို ဖြစ်စေနိုင်ပါသည်။ 

ကျွန်တော်တို့တစ်တွေအနေနှင့် အထူးသတိထားရမည်မှာ ယုံကြည်မှုအားနည်းခြင်းများကြောင့် ဖြစ်ပေါ်လာတတ်သည့် သံသယများကိုပင် ဖြစ်ပါသည်။ ယုံကြည်မှုအားနည်းချက်များကြောင့် ဖြစ်ပေါ်လာတတ်သည့် သံသယများဆိုသည်မှာ အတွင်းက လှိုက် စားတတ်သည့် ဘေးဆိုးဝေဒနာပင်ဖြစ်ပါသည်။ မည်သူ မျိုးပင်ဖြစ်စေကာမူ သံသယများ နှိပ်စက်လာပါက ရုန်းထွက်နိုင်ရန် ခဲယဉ်းပေမည်။ သံသယ၏အတွန်း အတိုက်ဒဏ်ကို ရေရှည်ကြံ့ကြံ့ခံနိုင်ရန်လည်း လွယ်ကူ မည်မဟုတ်ပါပေ။

ကျွန်တော်တို့တစ်တွေ၏ရင်တွင်း၌ စွဲငြိလာ တတ်သည့် သံသယများဆိုသည်မှာ လက်ထိုးအန်ပစ် လိုက်ရုံနှင့် လျော့ကျသွားမည့်အရာများ မဟုတ်နိုင်ပါ ပေ။ ကျွန်တော်တို့တစ်တွေသည် တစ်ဦးနှင့်တစ်ဦး ယုံကြည်မှုများကို ရှေးရှုတည်ဆောက်ကြသည့်အချိန်တွင် စစ်မှန်သောအလှတရားများကို ပေးတတ်ကြရန်နှင့် ယူတတ်ကြစေရန် လိုအပ်လှပါသည်။ ထိုကဲ့သို့ အစစ်ပေး၍ အစစ်ပြန်ရသောလူသားများ၌သာ သံသယကင်းသော ယုံကြည်မှုများကို ရရှိနိုင်ပါသည်။

သံသယကင်းသည့်ယုံကြည်မှုများ ရရှိကြသော လူသားတိုင်းတွင် အားကိုးတွယ်တာလို့ရနိုင်သည့် ချစ်ခြင်းတရားများကို လက်ခံလို့ရနိုင်ပါသည်။ ထို့ကြောင့် ကျွန်တော်တို့တစ်တွေအနေနှင့် ယုံကြည်မှုများက တစ်ဆင့် ဖြစ်ပေါ်လို့လာပါသော ချစ်ခြင်းတရားများကို တန်ဖိုးထားကြရပေမည်။ ကျွန်တော်တို့တစ်တွေ တန်ဖိုး ထားသောအရာများကို လွှမ်းခြုံကြရင်းဖြင့် ရှင်သန်မှု ဘဝများကို အသက်ဆက်ရပေမည်။

ကျွန်တော်တို့တစ်တွေအားလုံးသည် လက်ရုံး ခွန်အားဖြင့်ပေးဆပ်ဖူးသော ယုံကြည်မှုသစ္စာတရားများ ရှိတတ်ကြပေမည်။ နှလုံးရည်အားများဖြင့် ပေးဆပ်ဖူးသော ယုံကြည်မှုသစ္စာတရားများ ရှိတတ်ကြ ပါသည်။ ထိုကဲ့သို့ ယုံကြည်မှုသစ္စာတရားများဖြင့် ပေး ဆပ်ကမ်းလှမ်းထားတတ်ပါသော ချစ်ခြင်းတရားများ သည် တစ်ခါတလေ၌ ဒုက္ခရောက်နေသည့်အချိန်များ အတွက် ငဲ့ညှာခြင်းဆုလာဘ်များကို မျှော်လင့်တတ် ကြပါသည်။

ယနေ့ ကျွန်တော်တို့တစ်တွေသည် ကမ္ဘာကပ် ရောဂါဆိုးတစ်ခုနှင့် ရင်ဆိုင်လို့နေရပေသည်။ ထို ရောဂါကပ်ဆိုးကြောင့် ပုံမှန်လည်ပတ်လှုပ်ရှားနေရသည့် အားလုံးသောလုပ်ငန်းပိုင်းများလည်း ရပ်တန့်လို့သွားခဲ့ရပေသည်။ ရပ်တန့်သွားခဲ့ကြရသော လုပ်ငန်းများကြောင့် လည်ပတ်သုံးစွဲနေရသည့် ငွေကြေးများလည်း ရပ်တန့်ခဲ့ပါသည်။ ပြည့်စုံနေကြသူများအဖို့ ရပ်တန့်သွားခဲ့ရသော ငွေကြေးလည်ပတ်မှုများအတွက် ဝမ်းရေးမခက်ခဲသော်လည်းပဲ အခြေခံလူတန်းစားများအဖို့ များစွာခက်ခဲလှပါသည်။

ခက်ခဲမှုများနှင့် ရင်ဆိုင်ကြုံတွေ့နေရသည့် အခြေခံလူတန်းစားများအတွက် မျက်မှောက်ခေတ် အခြေအနေ၏ လိုအပ်ချပ်များမှာ ယုံကြည်မှုပေးနိုင်မည့်သူများ ရရှိရန်ပင်ဖြစ်သည်။ ခက်ခဲကျပ်တည်းမှုများနှင့် ရင်ဆိုင်ကြုံတွေ့နေရသော လူသားများအတွက် ယနေ့အချိန်အခါသည် ယုံကြည်မှုကြောင့်ရရှိသည့် ငဲ့ညှာသောချစ်ခြင်းတရားများ အထူးလိုအပ်လှပါသည်။ ယုံကြည်မှုချစ်ခြင်းတရားများနှင့် ချခဲ့ဖူးသည့် သစ္စာပန္နက်တိုင်များ၏ ဆုကြေးများကိုလည်း ရရှိနိုင်ကြဖို့ရန် လိုအပ်နေပေသည်။ မျှော်လင့်၍ နေနိုင်ပေသည်။

ကျွန်တော်တို့တစ်တွေအနေနှင့် စတင်ရှာဖွေခဲ့ရာဖြစ်သည့်၊ စတင်တည်ဆောက်ခဲ့ရာဖြစ်သည့် သဘာဝအလှတရား၊ ရင်တွင်းအလှတရားများဖြင့် ပေးဆပ်ခဲ့ဖူးကြသော သစ္စာပန္နက်တိုင်များ၏ စောင့်သိကြေးများကိုမူ အခြေခံလူစားတိုင်း ရရှိခံစားကြရပါစေဟု ဆန္ဒပြုရင်း နိဂုံးချုပ်လိုက်ပါသည်။ 

ခိုင်မြင့်ဝေ