News

POST TYPE

EXTRA

နာရီမရှိသော နာရီစင်များအကြောင်း
07-Jun-2020


ရင်းနှီးချစ်ကျွမ်းဝင်ခဲ့သူများနှင့် တဖြည်းဖြည်းချင်းစိမ်းခဲ့ကြပြီး ရိုးရိုးလေးခွဲခွာနိုင်ခြင်း ဆိုသည်မှာ ဖြတ်သန်းခရီးတစ်ခု၏ အောင်မြင်သည့် အခွင့်ရေးတစ်ခုဟုပင် ဆိုချင်မိပါသည်။

ရှင်သန်မှုများစွာဖြင့် ပျော်ရွှင်ခဲ့ကြသည့်ဘဝများကို တဖြည်းဖြည်းချင်း စိမ်းခဲ့ကြပြီး ရိုးရိုးလေးဝေးနိုင်ကြမည်ဆိုလျှင် အမုန်းမရှိသောဘဝတစ်ခုဆီသို့ လျှောက်လှမ်းခြင်းမျိုးလည်း ဖြစ်ပါသည်။ ရိုးသားမှုပုံရိပ်များသည်လည်း ထင်ဟပ်နိုင်ပါသည်။

နားလည်မှုများဖြင့် ယှဉ်တွဲရှင်သန်ခဲ့ကြသည့် ဘဝတစ်ခုကို အမုန်းမရှိသော လမ်းခွဲခြင်းမျိုးများဖြင့် ဖြတ်တောက်နိုင်ကြမည်ဆိုလျှင် သတိရခြင်းဆိုသည့် နောင်တများသည်ကား အပြစ်တစ်ခုဆီသို့ ဘယ်သောအခါမျှ ပို့ဆောင်ပေးနိုင်မည် မဟုတ်ပါပေ။

ညစ်နွမ်းခြင်းကင်းသော လမ်းခွဲမှုမျိုးများသည် ပြန်လည်တွေ့ဆုံခြင်းများကို ဖော်ဆောင်ကြသည့်အခါ နွေးထွေးကြိုဆိုခြင်းများအဖြစ် ပြန်လည်၍ အသုံးဝင်ပေလိမ့်မည်။

ပျော်ရွှင်မှုများနှင့် အပြုံးတွေလှိုင်လှိုင်ပွင့်နေချိန်မျိုးတွင် ရိုးသားစွာလမ်းခွဲခြင်းများသည်ကား အမှားမရှိသော ရှင်သန်မှုဘဝများဆီသို့ ပို့ဆောင်ပေးနိုင်လိမ့်မည်။

ပျော်ရွှင်မှုများဖြင့် ယှဉ်တွဲတိုက်ပွဲဝင်ခဲ့ကြသော ချစ်ခြင်းတရားများ၏ သိမ်မွေ့မှုများသည် ရိုးသားစွာလမ်းခွဲခွင့်ရှိကြသလိုပင်၊ နွေးထွေးစွာ ပြန်လည်ပေါင်းဖက်ခွင့်များလည်း ရှိကြပါသည်။

ကျွန်တော်တို့တစ်တွေသည် မျှော်လင့်ခြင်းများဖြင့် ရှင်သန်နေတတ်ကြပေသည်။ သို့သော်ကျွန်တော်တို့တစ်တွေသည် ရယူလိုခြင်းတစ်မျိုးတည်းဖြင့် ရှင်သန်ရပ်တည်လို့ မရရှိနိုင်ပါပေ။

ပေးဆပ်ခြင်း၊ အနစ်နာခံခြင်း၊ စာနာနားလည်ပေးခြင်းဟူသော အခြေခံလူမှုဆက်ဆံရေးများ မပါရှိဘဲ ပျော်ရွှင်သည့်အသိုက်အမြုံတစ်ခုကို ဖန်တီးခွင့်မရရှိနိုင်ပါပေ။

ပေးဆပ်ခြင်း၊ အနစ်နာခံခြင်း၊ စာနာနားလည်ပေးခြင်းဟူသော အခြေခံလူမှုဆက်ဆံရေးများ ထားရှိနိုင်မှသာလျှင် ပျော်ရွှင်သည့်အသိုက်အမြုံတစ်ခုကို ဖန်တီးတည်ဆောက်နိုင်ပေမည်။

ထိုအခြေခံအချက်များကို မထားနိုင်သောသူ၌ မိသားစုစိတ်ဓာတ်ဟူသည့် သွေးစည်းချစ်ကြည်မှုများကို မရရှိနိုင်ပါပေ။

ကျွန်တော်တို့တစ်တွေသည် အချိန်နှင့်တည်ဆောက်၍ရသော သံယောဇဉ်အနှောင်အဖွဲ့များနှင့် ယုံကြည်မှုဖြင့်များဖြင့် တည်ဆောက်ထားတတ်သော သံယောဇဉ်အနှောင်အဖွဲ့များ ရှိတတ်ကြပါသည်။

ကျွန်တော်တို့တစ်တွေ တည်ဆောက်ထားသည့် သံယောဇဉ်အနှောင်အဖွဲ့များကို ရယူခြင်းမျိုးများဖြင့် ရေရှည်ထိန်းသိမ်းထားလို့ မဖြစ်နိုင်ပါပေ။

အခြေခံထားရှိသင့်သော လူမှုဆက်ဆံရေးသုံးချက် ကို လိုက်နာဆောင်ရွက်ခြင်းမျိုးများဖြင့်သာ မိမိတို့ တည်ဆောက်ထားသော သံယောဇဉ်အနှောင်အဖွဲ့ များကို ထိန်းသိမ်းရပေမည်။

အေးချမ်းသည့်ဘဝတစ်ခုကို တည်ဆောက်လိုသူတိုင်းသည် ဖြစ်တည်လာသမျှသော သံယောဇဉ်များကို သတိပြု၍ ချဉ်းကပ်သင့်ပါသည်။

ထို့အတူ နက်နဲသိပ်သည်းသော သံယောဇဉ်များဖြင့် ခင်တွယ်ကပ်ငြိခဲ့သည့် ဆုံတွေ့မှုများကိုလည်း မသိမသာလေး ရိုးသားစွာ ဝေးကွာနိုင်ကြရမည်။

တဖြည်းဖြည်းချင်းစိမ်းပြီး ရိုးရိုးသားသားခွဲခွာကြမည်ဆိုလျှင်ကား အေးချမ်းသည့်ဘဝတစ်ခုဆီသို့ ရောက်ရှိနိုင်ပါသည်။

ကျွန်တော်တို့တစ်တွေသည် ခရီးထွက်ကြသည့်အချိန်တွင် အမြို့မြို့အနယ်နယ်သို့ ရောက်ရှိကြပေလိမ့်မည်။ နာမည်ကြီးသည့် မြို့ကြီးများနှင့်အတူ မထင်မရှားမြို့ငယ်လေးများဆီသို့ အလည်အပတ်ဖြစ်ဖြစ်၊ ခဏတာဖြတ်သန်း၍ဖြစ်ဖြစ် ရောက်ဖူးကြပေမည်။

ထိုကဲ့သို့ ကျွန်တော်တို့တစ်တွေ ရောက်ရှိလည်ပတ်ဖူးသောမြို့များတွင် နာရီစင်များ ရှိတတ်ကြပါသည်။ နာရီစင်ရှိသောမြို့များကိုလည်း များပြားစွာတွေ့ရတတ်ပါသည်။

ကျွန်တော်တို့တစ်တွေသည် နာရီစင်ရှိသည့် မြို့များကို ရောက်ရှိကြသည့်အချိန်တိုင်းနှင့် နာရီစင်များကို မြင်လိုက်ရသည့်အချိန်တိုင်းတွင် နာရီစင်ပေါ်တပ်ဆင်ထားသော နာရီများကို ကြည့်တတ်ကြပါသည်။

မိမိတို့တွင် နာရီအကောင်းစားများနှင့် ဖုန်းအကောင်းစားများပါသည့်တိုင်အောင် နာရီစင်ပေါ်တွင် တပ်ဆင်ထားသည့်နာရီကို ကြည့်မိကြသည်သာ များပါသည်။

ကျွန်တော်တို့တစ်တွေ ကြည့်မိကြသည့် နာရီစင်တိုင်းတွင် နာရီရှိသည်မဟုတ်ပေ။ နာရီစင်တိုင်း၌ တပ်ဆင်ထားသော နာရီတိုင်းသည်လည်း အချိန်မှန်ခြင်းဟူသည့်အလုပ်ကို လုပ်နေကြသည်မဟုတ်ပေ။

နာရီစင်များ၌ တပ်ဆင်ထားသော နာရီတိုင်းသည်လည်း အချိန်တိကျမှု တူညီနေကြသည် မဟုတ်ပေ။ အချိန်တိကျတူညီသော နာရီများရှိသော်လည်းပဲ ရှားပါသည်။

ဤသည်ကပင် ကျွန်တော်တို့တစ်တွေ၏ သိချင်မှုနှင့် ဖြစ်တည်မှုများ၏ ကွဲပြားနေခြင်းများကို ပြသပေသည်။

ကျွန်တော်တို့တစ်တွေ လိုချင်သော လိုအပ်မှုများနှင့် ရရှိမှုများ၏ ခြားနားစွာ သက်ရောက်မှုများကို ပြသနေပါသည်။

နာရီစင်ကိုကြည့်လိုက်သည့် ကျွန်တော်တို့တစ်တွေ၏အာရုံသည် တိကျမှန်ကန်သည့် လမ်းညွှန်အချက်ပေးသံမျိုးများကို လိုချင်၍ ဖြစ်ပါသည်။

ကျွန်တော်တို့တစ်တွေ တစ်ခါတစ်ရံ၌ မြင်လိုက်ရသည့်အရာများသည် လိုအပ်မှုများ၏ အစွန်းတစ်ဖက်ပေါ်တွင်ဖြစ်သည်။ သို့သော် ကျွန်တော်တို့ တစ်တွေသည် မြင်ကွင်းထဲသို့ရောက်ရှိနေသော မမှန်ကန်သည့်အရာများကိုလည်း မျက်ကွယ်မပြုနိုင်ကြပါပေ။

စူးစမ်းလိုသောစိတ်များဖြင့်လည်းကောင်း၊ ဝေဖန်ပိုင်းခြားပြလို့သည့် အတွေးများကြောင့်လည်းကောင်း၊ သေချာစွာ ကြည့်မိတတ်ကြပါသည်။

နာရီစင်တိုင်းတွင် နာရီများတည်ရှိနေရန် လိုအပ်သလိုပင်၊ နာရီစင်များတွင် တပ်ဆင်ထားသော နာရီများသည်လည်း တိကျမှန်ကန်သည့် အချိန်လမ်းညွှန်ချက်ပါရှိနေရန် လိုအပ်ပါသည်။

နာရီစင်များကို ကြည့်ရှုကြသည့် လူသားတိုင်းသည် လိုအပ်သောအချိန် လမ်းညွှန်ချက်များကို လိုအပ်ကြသလိုပင်၊ တိကျမှန်ကန်သည်ဟုဆိုအပ်သော ပြည့်စုံမှုများပေါ်၌ လေးစားသည့်အာရုံမျိုးကိုသာ ပြသလို ကြပါသည်။

နာရီများတပ်ဆင်ထားခြင်းမရှိသော နာရီစင်များကိုလည်း နာရီစင်ကြီးဟူသည့် အမှတ်သညာများဖြင့် တပ်မက်စွာ ကြည့်ရှုကြပါသည်။ တန်ဖိုးထား၍ ကြည့်တတ်ကြပါသည်။

နာရီရှိသော နာရီစင်ကြီးများကိုတွေ့ကြလျှင် ဝမ်းသာသည့်အသံများဖြင့် ညွှန်းဖွဲ့ကာလက်တို့၍ ပြောဆိုတတ်ကြပါသည်။

နာရီစင်များတွင် တပ်ဆင်ထားသော နာရီများ၏ တိကျမှန်ကန်သည့် အချိန်ညွှန်ပြချက်များကို တွေ့မိကြလျှင်လည်း နာရီစင်၏ ပြည့်စုံလှပမှုများကို ပျော်ရွှင်စရာဖော်ကျူးတတ်ကြပါသည်။

ကျွန်တော်တို့တစ်တွေ၏ ရှင်သန်မှုနယ်ပယ်ထဲက သံယောဇဉ်များသည်လည်း နာရီစင်ကြီးများပမာပင်ဖြစ်ပါသည်။

ထားရှိတည်ဆောက်ထားသော လူ့ဘဝ၏ ဖြတ်သန်းနေသည့် ရှင်သန်မှုများထဲတွင် သံယောဇဉ်အချက်ပေးသံများ လိုအပ်ပါသည်။

တိကျမှန်ကန်သည့် လမ်းညွှန်ချက် သံယောဇဉ်များကို အထူးလိုအပ်လှပါသည်။ သို့သော် နာရီမရှိသည့် နာရီစင်ကြီးများပမာပင် ရှိနေသည်ဟူသော အသိများဖြင့်လည်း ဆုံတွေ့မှုများကို ညွှန်းဖွဲ့နိုင်ရပေမည်။ 

ရှိနေသေးသည်ဟူသော သတိတရားများဖြင့် ရိုးသားစွာစိမ်းကားတတ်ကြဖို့နှင့် သံယောဇဉ်ခေါင်းလောင်းသံလေးများကို ကြားယောင်တတ်ရန်သာ လိုအပ်လှပါသည်။

နိဂုံးချုပ်အားဖြင့် အပြစ်မဆိုသည့် အရှိတရားများဖြင့် နက်နက်တူးထားမိသော သံယောဇဉ်များကို တဖြည်းဖြည်းချင်းစိမ်း၍ ရိုးသားစွာလမ်းခွဲနိုင်ကြစေရန်အတွက်နာရီမရှိသော နာရီစင်ကြီးများကို ကြည့်ရှု တတ်ပါစေကြောင်းရေးသားလိုက်ပါသည်။

ခိုင်မြင့်ဝေ