News

POST TYPE

EXTRA

နာရီမဲ့ကမ်း
31-May-2020

သက္ကရာဇ်ကို နောက်ပြန်သွားကြည့်မယ် ဆိုပါစို့။

ပြန်တွေ့ရမယ့်အတိတ်ဟာ မုန်တိုင်းကြမ်းကြမ်း အန်တုပျံသန်းရမယ့် လိပ်ပြာတစ်ကောင်လို ထိတ်ထိတ်ပျာပျာ အဖြစ်မျိုး။ အလွမ်းဇာတ်ခိုင်ဖို့ မဏ္ဍပ်တိုင်တက်ပြရမယ့် လိပ်တစ်ကောင်မျိုးလည်းမဟုတ်ခဲ့။ သံသရာမှာ ပြန်လာမလားဆိုတဲ့သူတွေ ကိုယ်ကလွဲပြီ ဖွဲနဲ့ဆန်ကွဲ။

၁၉၈၇၊ အောက်တိုဘာ၊ ၅
၁၃၄၉၊ သီတင်းကျွတ်၊ လဆန်း ၁၃
တနင်္လာ၊ ပြဿဒါး၊ နဂါးခေါင်းအရှေ့လှည့်

မိုးတိမ်ထူထူဟာ အလင်းထုကို အန်တုနေရော့သလား။ ပျားအုံထဲ ပြုံတိုးနေရတဲ့ ပျားဘုရင်မတစ်ကောင်ရဲ့စိတ်ဟာ ဒေါသယမ်းပုံမှာ ကိုယ့်ဘာသာပေါက် ကွဲလောင်မြိုက်ခံနေရတယ်။ ထွက်မယ့်ဆဲဆဲ သင်္ဘောက ခရာမတွတ် ဥသြမဆွဲသေး။ သင်္ဘောဦးဟာ ရေကို မခွဲဘဲရေစီးက သင်္ဘောဦးထိုးခွဲနေသလိုမျိုး ဘယ်မှမရွှေ့တဲ့စိတ်နဲ့ ပေကပ်နေလိုက်ပုံက ဝန်စည်စလယ်အပြည့်နဲ့ မြင်းတစ်ကောင်လို။ နှင်တံကိုင်ခွင့်မရတဲ့ ကိုယ့်မှာဆုပ်လည်းစူး စားလည်းရူး မွန်းတည့်ရင် ပိုရူးရမယ့်အဖြစ်။ ကိုယ့်ရှိတဲ့အပူတွေနဲ့ ဒီတိမ်ထုကို ဖောက်ခွဲလိုက်ချင်ချင်။ စင်ရော်တွေအစားခိုတွေများ ကိုယ့်နားစည်အနား ပျံဝဲနေသလားထင်ရအောင် ညည်းတွားသံတွေ ဆူညံနေတယ်။ မိုးအုံ့သလောက် ချွေးစို့နေတဲ့ ကိုယ့်ဂျာကင်ကြီးပဲ အပြစ်တင်ရမလိုလို။ သင်္ဘောအောက်ခြေဆီ ငုံ့ကြည့်ဖြစ်တော့ အစာတောင်းနေတဲ့ စင်ရော်ငှက်တွေ ဆိပ်ခံဗောတံတားဆီ လုလုယက်ယက် တိုးဝှေ့နေသယောင် သူ့ပေးပါငါ့ပေးပါ ပုံစံမျိုး။

'ဝေး'...
အော်သံကြီးတစ်ခုကြောင့် နာရီလက်တံဟာ အထိတ်တလန့်လှုပ်ရှားသွားပုံရတယ်။ ကိုယ့်လက်ထဲက နာရီကိုငုံ့ကြည့်လိုက်တော့ ဆယ့်တစ်နာရီငါးမိနစ်။ စင်ရော်တစ်ကောင်လို စတင်ပျံသန်း အသက်ဝင်နေပြီ။ ဝန်နဲ့မမျှတင်ခဲ့ရသလို စောင့်ဆိုင်းခဲ့ရတဲ့အချိန်တွေ အပြည့်နဲ့တစ်ဖက်ကမ်းကူးမယ့် ငမိုးရိပ်ကို ကျန်ရစ်တဲ့ရှင်မွေးလွန်း မျိုးနွယ်တော်တွေက လက်ပြနှုတ်ဆက်ကြပေါ့။

ငြိမ်နေတဲ့ရေဟာ သူနဲ့မဆိုင်သလို ပင်လယ်ဝကို ဗဟိုပြုပြေးလွှားနေလေရဲ့။ တိတ်ဆိတ်နေတဲ့ လေပြည်ညင်းတွေက သူ့တေးသူဆိုလို့။ ဝန်တင်ရေယာဉ် ကြီးကလည်း အခုမှ'ဟင်း'ချနိုင်ပုံရတယ်။ သူ့တာဝန်ကျေအောင် အရှေ့မှအနောက်အရပ်ဆီသို့ အမောတကော ရုန်းကန်ပြေးလွှားနေတယ်။ ခုမှနေသားကျစပြုတဲ့ မျှော်လင့်ချက်တွေ ဦးတည်ချက်တွေဟာ ရောင်နီသန်းလာတယ်။ အလင်းထုရောက်လာမှ တိမ်ထုပျောက်ခါစနေဟာ တောက်တောက်ဖြာဖြာနဲ့ မောက်မောက်မာမာတော့ မဝေသေးဘူး။

နာရီလက်တံဟာ သူ့မြန်နှုန်းအတိုင်း တရွေ့ရွေ့။ တည်ငြိမ်လာတဲ့စိတ်နဲ့ငေးကြည့်ဖြစ်တော့ ပဲခူးမြစ်ပြင်ကျယ်က ပြန့်ပြန့်ပြူးပြူး ကြည်နူးစရာအတိ။ ကမ်းနဖူးတစ်ဖက်တစ်ချက် အမြင်အာဟာရ ပသာဒဖြည့်ဖွယ်အရပ်။ ရေယာဉ်ဦးထိပ် ဆလင်ခန်းနံဘေး ကော်စည်ပုံးပြာပြာကို မှီရပ်လိုက်တော့ စိတ်ကနေနဲ့အပြိုင်ပွင့်လာသလို။

"ကိုကျော်လွင် ဘယ်တုန်းကရောက်တာလဲ"

အငေးတွေနဲ့ အဖော်ပြုခွင့်ရနေတုန်း အနီးကပ်ကျီးအာလိုက်သံမျိုး ကြားလိုက်ရတဲ့ အနီးမှုန်ဇီးကွက် တစ်ကောင်လို ဖျတ်ခနဲထိတ်ခနဲ။

"ဟာ...ကိုစိန်သိန်း၊ မတွေ့တာကြာပြီဗျာ၊ ညောင်သုံးပင်မှာပဲ နေတာလား"

ငယ်ပေါင်းကို ပြန်တွေ့လိုက်ရတာ အဖြူအမည်းရုပ်ရှင်ကား ပြန်ကြည့်လိုက်ရသလို။

"ခင်ဗျား အရင်လို မောင်ဗမာစက်ဘီးလေး စီးနေတုန်းပဲလား"
"ဟုတ်ပါ့ဗျာ ကိုကျော်လွင်က မှတ်မိသားပဲ၊ အခုတောင်ပါသေးတယ် အောက်ထပ်မှာ"

မှတ်မိဆို အဝေးလွမ်းစိတ်ဟာ အခံရှိပြီးသားလေ။ ညာညှိနေသူရအဖို့ ဇာတိဟာ လာမကြည့်ပဲနဲ့ကို အထင်းသား။

"ပြန်တော့မလို့လားဗျ ကိုကျော်လွင်"
"မနေ့ကမှ ရောက်တာလေ၊ သန်ဘက်ခါ အဘွားရက်လည်အတွက် ဈေးသွားဝယ်မလို့"

စကားတပြောပြောနဲ့ အချိန်တွေ မြစ်ပြင်ထဲ စီးမျောနေလိုက်တာ ပင်လယ်အငွေ့အသက်တချို့တောင်ထွက်သက်ဝင်သက်ဆီ တိုးတိုးဝေ့ဝေ့ရှိလာပြီ။ ရှေ့နားဆီက မြစ်ငါးဆိုင်မြင်ကွင်းက ကိုယ်ထင်ပြလို့။

ရောက်ဖို့မလိုတော့ပြီပဲ။

ဆန္ဒစောမှုက အပြစ်ကင်းတဲ့အချိန်ကိုပဲ သတ္တုချနေမိတယ်။ သံလိုက်မပါတဲ့လက်ဟာ မျက်နှာဆီ မြောက်တက်လာလို့ ကြည့်လိုက်တော့ ဆယ့်တစ်နာရီနှစ်ဆယ့်ငါး။ စင်ရော်တစ်ကောင် ကိုယ့်ဆီကွေ့ပျံလာသလိုမျိုး။ တိုက်တိုက်ဆိုင်ဆိုင် ကိုယ့်နားရောက်ခါမှ ဒရောသောပါး ပြန်ကွေ့သွားတဲ့ စင်ရော်တစ်ကောင်ရဲ့ပုံဟာ ထိတ်လန့်တကြားဟန်။

"အသက်ကယ်အင်္ကျီ ဝတ်ထားပေးပါ"

သင်္ဘောဆလင်တစ်ယောက် ဆလင်ခန်းထဲက ထွက်လာပြီးအော်ပြောတယ်။ အသံသြဇာကောင်းမွန်ပုံက ပုရွက်အုံကြီး တုတ်နဲ့ထိုးလိုက်သလို။ ကံဆိုးမသွားရာ မိုးလိုက်လို့ရွာဆိုသလိုပဲ ကိုရွှေမိုးက ဘယ်အငြိုးနဲ့ပါလိမ့်။ ဖြိုးဖြိုးဖြိုက်ဖြိုက် ရွာလိုက်သေးတယ်။

"ကျွန်တော့်စက်ဘီး ကျွန်တော့်စက်ဘီး"
"ဟေ့လူ ဟေ့လူ ကိုစိန်သိန်း မသွားနဲ့ ပြန်လာ"

အနားကပြေးထွက်သွားတဲ့ ငယ်ပေါင်းကြီး မျက်လှည့်ပြလိုက်သလို မြင်ကွင်းက ရုတ်ခနဲပျောက်သွားတယ်။

"သင်္ဘောဝမ်းပေါက်လို့ဟေ့"
"ဝမ်းဗိုက်ထဲရေဝင်နေပြီ"
"စက်ခန်းထဲ ရေတွေရောက်ကုန်ပြီ"

နောက်ဘက်ဆီမှာ ရုတ်ရုတ်သဲသဲ ကိုယ့်အထုပ်ကိုယ် ဆွဲသူဆွဲ၊ ရေထဲခုန်ချသူချ၊ လူတိုင်း မပဋာမြေလူးနေသလို။ အပေါ်ထပ်ဆီကကိုယ်တောင် ဆောက်တည်ရာမရဆိုရင် အောက်ထပ်မှာ မည်သို့ရှိမည်နည်း။ မသိချင်တော့ပါ။ ဒီအချိန်မှာ အတ္တဟာ ကိုယ့်အတွက်အရေးပါဆုံး။

မလှမ်းမကမ်းမှ မြင်ရတဲ့ခုံပုလေးနှစ်လုံးက ကိုယ့်အတွက် အသက်တစ်ခုဖြစ်နိုင်သလား။ လက်ရမ်းဆီ တိုးဝှေ့လုနေကြတဲ့ အသက်ကယ်ဗောကပဲ ကိုယ့်အတွက် စိတ်ချရမလား ချီတုံချတုံ။ ရောက်နေတဲ့နေရာကပဲ တစ်ဖက်ကမ်းမှာမြင်နေရတဲ့ ခရာခြုံစိမ်းစိမ်း၊ ကျွဲတဲနံဘေး ကောက်ရိုးပုံဖွေးဖွေးဆီ လက်ပစ်ကူးရမလား။ ရေဆိုတာ ဘယ်လိုကူးရလဲ မသိတဲ့လူက ပန်းတိမ်မတတ်ပဲ ရွှေခိုးနေချင်ပုံ။ လားပေါင်းများစွာ အတွေးထဲမှာ ငါသေတော့မှာလားက အခံစားရဆုံးအရာ။

"မြုပ်တော့မယ်ဟေ့"

စူးစူးဝါးဝါးအနိုင်ဆုံး မကြားချင်ဆုံးစကားလုံးက နားထဲ ဝုန်းဒိုင်းကြဲပြေးဝင်လာတယ်။ လူကနေသားမကျတော့ဘဲ တစ်ဖက်ကို ဆွဲချနေသလို ကိုယ်ကလည်း အားယုတ်နေသလိုလို။

"ဟာ"
ဟန်ချက်ပျက်ခါမှ မြင်လိုက်ရတဲ့အရာတစ်ခုက အားရှိစရာတော့ ဖြစ်မိတယ်။ ထောင်ထားတဲ့ ကော်စည်ပုံး အပြာရောင်၊ လဲတော့မယောင် လိမ့်တော့မယောင်ကိုယ်နဲ့ဝေးရာ ထွက်သွားတော့မယောင် သကောင့်သားကို မနှစ်လိုလည်း ချစ်လိုက်ရတယ်။

အလုံပိတ်စည်ပုံးက ကိုင်ရခက်ခက်။ တအားဖက်လို့လည်းမရ။ အဖျားနှစ်ဖက်က အနားကျဉ်းအားတော့ တင်းထားလိုက်တယ်။ ဟင်း...ကိုယ့်ထိုက် နဲ့ကိုယ့်ကံ။

"ငါက ရဲပဲ၊ လူဆိုးလည်းဖမ်းဖူးတယ်၊ တောဝက်လည်းဖမ်းဖူးတယ်၊ ဓားပြသုံးယောက်လည်း သူတင်ကိုယ်တင် ပစ်ခတ်ဖမ်းဖူးတာပဲ"

ကျောက်ဆည်မှာ တာဝန်ကျတုန်းက မိုင်းပန်ရွာ မြဘုရင်နို့ဆီစက်ရုံ ဓားပြမှုရဲ့သေမယ့်ဘေးနဲ့ ကြုံခဲ့ရတာလေး ပြန်တွေးပြီး အားတင်းထားမိပြန်တယ်။ ကြံဖန်အားတင်းထားရပေမယ့် မြင်ရတဲ့ မြင်ကွင်းတွေက တုန်လှုပ်ချောက်ချားစရာ။ အသက်မပါတဲ့ရေပြင်ကြီးက အသက်တွေ တစ်ခုပြီးတစ်ခု စုပ်မျိုနေသလို။ ကော်စည်ပုံးအစွန်းနှစ်ဖက် တင်းတင်းဆုပ်ကိုင်ပြီး ချီတုန်ချတုန်စိတ်က 'ငါသေမှာပဲ' ဆိုတဲ့စိတ်နဲ့ တွန့် ဆုတ်နေပြန်တယ်။ စုပ်လည်းစူး စားလည်းရူးဘဝဟာ လက်တွေ့ကျကျကြုံနေရပြီ။ သင်္ဘောက အောက်တစ်ထပ်လုံးနဲ့ နောက်တစ်ခြမ်းလုံး စုံးစုံးမြုပ်နေပြီ။

"ဟေ့လူ ခုန်ချတော့လေ"
ပြောလာသူကိုလှည့်ကြည်လိုက်တော့ စောစောကထွက်အော်ပြောတဲ့ သင်္ဘောဆလင်။ သူ့မျက်နှာကို ဖတ်ကြည့်ရသမျှ နွမ်းနွမ်းလျလျ သောကရိပ်တွေ အပြည့်။ သူကရော မခုန်ဆင်းသေးပဲ သင်္ဘောကြီးနဲ့အတူ နစ်မြုပ်လိုက်တော့မှာလား။ ဘာပဲဖြစ်ဖြစ် ဒူးထောက် အညံ့ခံမယ့်အစား ကြိုးစားရင်းသေမယ်။ ဒီရေဟာ ရန်သူမဟုတ်သရွေ့ ငါမသေလောက်ဘူး။

ရဲရဲဝံ့ဝံ့ ခုန်ချလိုက်တဲ့မြစ်ပြင်ဟာ အေးအေးမြမြ ကြိုဆိုလိုက်သလို ကြောက်ကြောက်လန့်လန့် ဆုပ်ကိုင်ထားတဲ့ ကော်စည်ပုံးကလည်း လွတ်ထွက်မသွား။ နှာခေါင်းထဲ နားထဲလှိုင်းရိုက်ပြီး ဝင်လာတဲ့ရေတွေကိုထွက်စေဖို့ ခေါင်းခါယမ်းလိုက်တော့ ဖျတ်ခနဲ မြင်လိုက်ရတာက စုံးစုံးမြုပ်ခါစ အမည်တစ်ခု။

'တိုင်းလုံးကျော်'
သူပြီးရင် ကိုယ်လား။ ဗုံလုံတစ်လှည့် ငါးပျံ တစ်လှည့် မြုပ်ချည်ပေါ်ချည်တွေကြားမှာ မျက်ဝန်းဝါးဝါးထဲ မထင်မရှားမြင်တွေ့ရတာက ညီအစ်မနှစ်ဦး။ တောင်မင်းကို မြောက်မင်းမကယ်နိုင်တဲ့ဘဝ။ သာသာယာယာ တစာစာရှိလှပါတယ်ဆိုတဲ့ စင်ရော်တွေ ပျောက်ခြင်းမလှပျောက်လို့ ကြောက်လန့်ဖွယ် ညည်းတွားသံတွေကို နောက်ချန်ရစ်ခဲ့ပြီ။ အချိန်မလပ် စက္ကန့်မလပ် အသိစိတ်တွေ ကမ်းကပ်ချင်စိတ် စိုးမိုးလွန်းလှ၏။ ရာချီတဲ့လူတွေ ရာချီတဲ့ကုန်တွေနဲ့အတူ 'တိုင်းလုံးကျော်'ကတော့ တိတ်တိတ်ဆိတ်ဆိတ် ငုံ့လျှိုးသွားခဲ့ပြီ။

'ကယ်ကြပါ ကယ်ကြပါ'လူတိုင်း တစာစာသံကုန်ဟစ်နေကြသလို ပဲခူးမြစ်အောက် အိပ်စက်သွားကြသူတွေကတော့ တုဏှိဘာဝေ။

ကံကောင်းထောက်မတယ်ခေါ်မလား၊ လူမစွမ်းနတ်မတယ်ဆိုမလား မျက်ဝန်းထဲတိုးဝင်လာတဲ့ အပြာရောင် သင်္ဘောတစ်စီး။ သူ့ရဲ့ဖေးဖေးမမ ဆယ်ယူခြင်းကို ခံလိုက်ရတယ်။ သင်္ဘောကုန်းပတ်ပေါ်ရောက်လာတဲ့အထိ အသိကရှိနေတုန်း။ ကိုယ်ခုန်ဆင်းခဲ့တဲ့ မြစ်ပြင်ကျယ်ကြီးဆီ အကြည့်ကို ပြန်သွားဖြစ်တယ်။ အခုနရေထဲ ရုန်းကန်နေတုန်းက ကိုယ့်လိုပဲ ကိုယ့်နဲ့ မလှမ်းမကမ်းမှာ တစ်ဦးကိုတစ်ဦးဖက်ပြီး မြုပ်ချည်ပေါ်ချည်ဖြစ်နေတဲ့ ကိုယ်နဲ့မရင်းနှီပေမယ့် တစ်မြို့လုံးသိတဲ့ ညီအစ်မနှစ်ဦး။ အခုတော့ မတွေ့ရတော့ပြီ။ ဒီကယ်ဆယ်ရေး ရေတပ်သင်္ဘောပေါ်မှာ ဝေ့ပတ်ကြည့်လိုက်တော့ မောင်ဗမာစက်ဘီလေးနဲ့ ကိုယ့်ငယ်ပေါင်း လည်းပါမလာ။

အားလုံး သဗ္ဗေသတ္တာကမ္မသကာ။

ရေပြင်ဟာ နဂိုအတိုင်း ပြန်တည်ငြိမ်လာသလို ကိုယ်တိုင်လည်း သန်လျင်ဘက်ကမ်းကို ပြန်ရောက်လာခဲ့ပြီ။ သန်လျင်ရဲ့ ကြိုဆိုပုံက သင်္ဘောဆိပ်တစ်ခုလုံး မျှော်လင့်ချက်တွေနဲ့ အုန်းအုန်းကျွက်ကျွက် ပွက်ပွက်ညံညံ။ တားထားတဲ့စည်းကိုကျော်ပြီး ကတွတ်ပေါက်ဝက ဗျိုင်းတွေအလား တိုးတိုးဝှေ့ဝှေ့ တွန်းတွန်းတိုက်တိုက်။

ကိုယ်တိုင်လည်း ဘယ်အသိများရှိမလဲ တရှာရှာ။

"ဆရာ ကိုကျော်လွင်"
"ငါ့ဆရာမသေဘူး ကိုကျော်လွင်မသေဘူး"

ကယ်ဆယ်ရေးအဖွဲ့ထဲက ညီအစ်ကိုလိုခင်ရတဲ့ ဆိပ်ကမ်းရဲဘော်တစ်ဦး လူအုပ်ကြားမှ ပြေးထွက်လာပြီး ပြေးလာဖက်မှ ကိုယ်မသေသေးဘူးဆိုတာ ထင်ထင်ရှားရှား ယုံကြည်သွားရတယ်ဆိုရင်ပဲ အရုပ်ကြိုးပြတ်လဲကျ လောကကြီး မှောင်အတိကျသွားတော့ တယ်။

ဖျတ်ခနဲ ...
ဖျတ်ခနဲဆိုမှ ဖျတ်ခနဲ ...

မှောင်နေတဲ့ မျက်စိနှစ်ကွင်း လင်းလာတယ်။အလင်းရရချင်း မသိစိတ်က လက်တစ်ဖက် မြှောက်မိလိုက်တယ်။ မြှောက်ထားတဲ့လက်ကို ကြည့်လိုက်တော့ နာရီဟာ ရပ်နေပြီ။     ။

အဲမိုးခြိမ့်