News

POST TYPE

EXTRA

ကျွန်တော်နဲ့ အဘိုးအို
24-May-2020


လမ်းလျှောက်နေရင်း ကျွန်တော့်ခြေထောက် တွေကို တစ်စုံတစ်ခုက ဆွဲငင်ထားသလို ရပ်တန့်သွားသည်။ တကယ်တော့ ခန္ဓာ ကိုယ်သည် စိတ်၏စေခိုင်းချက်အရ လုပ်ဆောင်နေရ ခြင်းဖြစ်သည်။ ခြေထောက်က ရပ်တန့်သွားခြင်းမဟုတ်။ စိတ်က ရပ်တန့်သွားခြင်သာဖြစ်သည်။ ကျွန်တော့် စိတ်သည် ဘာကိုတွေ့၍ ရပ်တန့်သွားပါသနည်း။ ပြင်ပအာရုံတစ်ခုမှ ကျွန်တော်၏ အမြင်အာရုံကို လာရိုက်ခတ်သောကြောင့်ဖြစ်ပါသည်။ ကျွန်တော် မြင်နေရပါသည်။ မြင်နေရသည့်အတွက် ကျွန်တော့်စိတ်မှာခံစား နေရခြင်းဖြစ်ပါသည်။

ကျွန်တော့်မြင်စိတ်မှာပေါ်နေသည်က ရိုးတံ အပြိုင်းပြိုင်းဖြစ်နေသော သစ်ပင်ကြီးပင်ဖြစ်သည်။ ရွက်သစ်၊ ရွက်နုတို့ မဝေတော့သည်မှာ နှစ်ဘယ်လောက် ကြာနေပြီလဲမသိ။ အသားအရေတွေက အဆီဓာတ်ကုန်ခန်းနေသည့် သေလုဆဲဆဲ လူမမာတစ်ဦးလိုပါပဲ။သစ်ပင်ကြီးက ကြီးမာလှပါသည်။ နုပျိုဆဲတစ်ချိန်တုန်းက ရွက်သစ်တို့ဝေကာ နေတစ်ပြောက်တောင်မထိုးဘဲ အေးမြလန်းဆန်းမှု အရိပ်အာဝါသပေးခဲ့ကြောင်း ထင်ရှားစေပါသည်။ ခုတော့သူ့မှာ အဖော်အပေါင်းဆို လို့ ပူပြင်းခြောက်သွေ့တဲ့ နေရောင်ခြည်နဲ့ တရိပ်ရိပ် ပြေးလွှားနေတဲ့ တိမ်တွေပါပဲ။ သူဟာအထီးကျန်ဆန် လွန်းလှပါသည်။ မောပန်းလွန်းလှပါသည်။ တစ်ချိန်က သူ့ရဲ့နုပျိုမှုတွေကို စားသုံးခဲ့တဲ့လူတချို့ သူ့ဆီရောက် မလာကြသည့်အတွက် အပြစ်မြင်နေမည်လား။ မီးစာကုန်ဆီခန်း သူ့ဘဝနောက်ဆုံးအချိန်ထိ လူသားတွေအတွက် အကျိုးပြုနေဆဲဖြစ်သည်။ မိုးတွင်းစာ ထင်းမရှိသူတို့ သူ့အကိုင်းအခက်၊ ပင်စည်တွေကို လာရောက် ခုတ်ထစ်ယူကြဦးမည်။ ထိုသူတွေကို သူဘာပြောချင် မည်နည်း။

လူ့ဘဝထဲကို ကျွန်တော့်နှလုံးသားထဲကနေ ချောင်းကြည့်မိသည်။ သူနဲ့ကျွန်တော် စသိတာက ကျွန်တော် တာဝန်ကျရာရွာကလေးတွင်ဖြစ်သည်။ သူ့ အိမ်သည် တဲသာသာမျှသာဖြစ်သည်။ စကားသိပ် မပြော။ သူ့အလုပ်က ဝါးနှီးထိုးကာ အလေးချိန်နှင့်ရောင်းစား၍ ဝမ်းကျောင်းနေရခြင်းဖြစ်သည်။ သူ့ခန္ဓာကိုယ်က ကျွန်တော်တွေ့နေရသော သစ်ပင်ကြီးလို ပိန်လှီ ခြောက်သွေ့ကာ နံရိုးအပြိုင်းပြိုင်းဖြင့် ကမ္မဋ္ဌာန်းရုပ်ပေါက်နေသည်။ သူ့ကိုကြည့်ရသည်မှာ သူ့ဘဝအတွက်လည်း ဝမ်းမနည်း။ အေးအေးလူလူ ဖြတ်သန်းနေခြင်းဖြစ်သည်။ ဘယ်သူ့အကြောင်းကိုမှ သူမပြော။ သူ့ အကြောင်းလည်း သူမပြော။ ပြောစရာမလိုဟု သူယူဆထားပုံရသည်။ ကျွန်တော်တို့ စာသင်ကျောင်းဘေးရှိ ဘုန်းကြီးကျောင်းထဲတွင် အမြဲလိုလိုတွေ့ရတတ်သည်။ ဘုန်းကြီးအတွက် ရေနွေးအိုးကျိုသည်။ ဆွမ်းပွဲတွေကို ပြင်ဆင်ပေးသည်။ သောက်ရေထည့်သည်။ တံမြက်စည်းလှည်းသည်။ သူလုပ်စရာရှိတာ လုပ်ပြီးလျှင် သူ့တဲလေးထဲတွင် နားနေတတ်သည်။ သူ့မျက်နှာသည် အိုမင်းရင့်ရော်နေသော်လည်း စိတ်ပျက်သည့်အရိပ်အယောင်ကို မတွေ့။ နေ့လယ်ကျောင်းဆင်းချိန်ဆိုလျှင် သူ့ဆီ ကျွန်တော် အလည်သွားတတ်သည်။ သူ့ တဲလေးထဲတွင် အိမ်၏အဆောင်အယောင်နှင့်တူတာ ဘာမျှမရှိ။ နှုတ်ခမ်းစုတ်နေသော သင်ဖျူးဖျာအထက်တွင် ညစ်ပတ်ပေရေ
နေသော ခေါင်းအုံးတစ်လုံးနှင့် အပေါက်ရာ၊ အဖာရာ ထူလပျစ်ဖြစ်နေသော စစ်ခြင်ထောင်တစ်လုံး၊ အညာထည် စောင်တစ်ထည်သာရှိ သည်။ အိပ်ရာ၏ခေါင်းရင်းဘက်တွင် မြတ်စွာဘုရားရှင်၏ ကတ်လောင်းထားသော ပုံတစ်ပုံရှိသည်။ ဇော်စိမ်း ပန်းသုံးပွင့်ကို ဖန်ပန်းအိုးလေးထဲတွင် ထိုးစိုက်ပူဇော် ထားသည်။

ခြေရင်းဘက်တွင် ပိန်လိန်ချိုင့်ခွက်နေသော အဖုံးဖြင့်ဖုံးအုပ်ထားသော အိုးနှစ်လုံးရှိသည်။ ကျွဲတစ်ကောင်လို မည်းနက်နေသော မှိုင်းတက်နေသည့် သတ္တုရေနွေးအိုးတစ်လုံးရှိသည်။ ထင်းအချို့ရှိသည်။တိုးတက်နေသောခေတ်နှင့်အညီ သူ့တွင်လျှပ်စစ်မီး မရှိပါ။ တမင် လျှပ်စစ်မီတာ မယူတာလား၊ မယူနိုင်တာလား ကျွန်တော်လည်းမသိပါ။

"အဘ တစ်ယောက်တည်းနေတာပဲ။ မီတာယူထားပါ့လား။ လင်းလင်းချင်းချင်း နေရတာပေါ့"

ကျွန်တော်က ပြောတော့

"မလိုပါဘူး ငါ့မြေးရယ်။ အဘအရွယ်က သေမင်းရှိတဲ့ဆီသွားရမယ့်အရွယ် ရောက်နေပါပြီ"
"သေမင်းကို ထိုင်စောင့်တယ်ပဲ ကြားဖူးပါတယ်"
"စောင့်တယ်ဆိုတာ ဘာမှမလုပ်ဘဲနေတာကို ပြောတာ ငါ့မြေးရ။ လျှောက်တယ်ဆိုတာ ကိုယ့်အတွက်ပါမယ့်ကုသိုလ်တွေကို လုပ်ပြီးသွားတာပေါ့ကွာ"

သူ့စကားကြောင့် ကျွန်တော်လည်း အနည်းငယ်တွေဝေသွားသည်။ ထိုနေ့က သူနဲ့ကျွန်တော် ဘာစကားမှ ဆက်ပြီးမပြောဖြစ်ကြ။ ကျွန်တော့်အိမ်နားက အသက် ၇၀ ကျော် ချမ်းသာသော အရက်သမားအဘိုးကြီးကိုသာ သွား၍သတိရနေမိသည်။ ဒီအဘိုးကြီးသာသေရင် အရက်ပုလင်းတွေသာပါသွားမှာဟု ကျွန်တော်တွေးနေမိသည်။

ကောင်းကင်မှာ တိမ်တွေက ရှင်းလင်းတောက်ပနေသည်။ ကျွန်တော့်ရင်ထဲမှာတော့ တိမ်တွေက အုံ့ဆိုင်းနေသည်။ ရာသီဥတု ကြည်လင်သော်လည်း ကျွန်တော့် စိတ်ကမကြည်လင်ပါ။ ထမင်းစားကျောင်း ဆင်းဆင်းချင်း ကျွန်တော် သူ့တဲကလေးဆီသို့ ထွက်လာခဲ့သည်။သူက သူ့အိပ်ရာနွမ်းဖတ်ဖတ်လေးအထက်မှာ စက်တော်ခေါ်နေသည်။

"အဘ"

ကျွန်တော့်အသံကြားသဖြင့် ဆတ်ခနဲ သူငုတ်တုတ်ထထိုင်လိုက်သည်။ ကျွန်တော်က သူ့ဘေးမှာ ဝင်ထိုင်လိုက်သည်။ သူက ကျွန်တော့်ရှေ့ကို ရေနွေးကြမ်းအိုးလေး ထိုးပေးသည်။ နှုတ်ခမ်းပဲ့နေသော ပန်းကန်လုံးထဲကို ရေနွေးပူပူထည့်ကာ သောက်ချလိုက်သည်။တစ်ခါက သူငယ်ချင်းတစ်ယောက်ပြောတာကို သတိရမိသည်။ "အပူကို အပူနဲ့ပဲ ငြိမ်းရတယ်ကွ။ မင်းမယုံဘူး မဟုတ်လား။ ငရုတ်သီးစပ်ရင် ရေနွေးသောက် ပျောက်တယ်"ဟုဆိုသည်။ ခုကျွန်တော်က ငရုတ်သီးစပ်တာမဟုတ်။ စိတ်စပ်သွားတာ။

"လူကလေး မင်းမျက်နှာမကောင်းပါ့လား။ဘာဖြစ်တာလဲ"

သူက မှုန်ရီနေသော မျက်ဝန်းအစုံဖြင့် ကျွန်တော့်မျက်လုံးတွေကို စိုက်ကြည့်ကာမေးသည်။ ကျွန်တော်က သူ့ကို ဖွင့်ပြောရကောင်းနိုးနိုး စဉ်းစားနေသည်။သို့သော် သူကတော်ရုံစကားဖွင့်ပြောသူမဟုတ်။ကျွန်တော်နှင့်ပတ်သက်၍ သူခံစား၍သာဖွင့်မေးခြင်း ဖြစ်သည်။ ကျွန်တော့်အနေနှင့် ဖွင့်မပြောပါက သူ့အပေါ် ရိုင်းရာကျပေလိမ့်မည်။

"မချီးမွမ်းတဲ့အပြင် အပြစ်တောင် အပြောခံလိုက်ရတယ် အဘရာ"
"လူကလေးက အဲ့ဒီအတွက် စိတ်မကောင်းဖြစ်နေတာလား။ ဘယ်အရာမှလုပ်မယူနဲ့ ငါ့မြေးရယ်။လုပ်ယူတဲ့အရာမှန်သမျှဟာ ဒုက္ခပဲ"

သူပြောတာကို ကျွန်တော်သဘောမပေါက်ပါ။သူက -

"ငါ့မြေးကို ပုံပြင်တစ်ပုဒ် ပြောပြမယ်"ဟုဆို သည်။
"တကယ်လို့ ငါ့မြေးဟာ တစ်စုံတစ်ယောက်ရဲ့ ချီးမွမ်းခြင်းကို ခံရချင်တယ်ဆိုပါစို့။ သူရဲ့အကြိုက်ကို လိုက်လုပ်မှာလား။ ကိုယ်လုပ်တတ်တာ ကိုယ်လုပ်ချင်တာပဲ ကိုယ်လုပ်မှာလား။ သူတစ်ပါးချီးမွမ်းတာခံရဖို့ထက် အရှိကိုအရှိအတိုင်း နေထိုင်တတ်ဖို့က အရေးကြီးတယ်လို့ထင်လား။ အခု အဘမေးတာကို ငါ့မြေးစိတ်ထဲမှာ ဖြေထား။ အဘပုံပြောပြမယ်"

"တစ်ခါက ကိုရင်လေးတစ်ပါးဟာ သူ့ဆရာကို ခြေဆုပ်လက်နယ်ပြုရင်း ပညာသင်ကြားခြင်းပြုသတဲ့။ သူ့ဆရာ တတ်သိသလို သူလည်း အရာရာတတ်သိလို သည့်ဆန္ဒပြင်းပြသတဲ့။ ဒါကြောင့်သူဟာ စာပေကျမ်းဂန် တွေကို နေ့တိုင်းဖတ်ရှုလေ့လာသတဲ့။ ဒါပေမဲ့ သူ့ အသိဉာဏ်ဟာ လင်းပွင့်မလာဘူး။

ဘုန်းကြီးကျောင်းနောက်မှာတော့ တဲကလေးနဲ့ နေထိုင်တဲ့ ကပ္ပိယအဘိုးကြီးတစ်ဦး နေထိုင်သတဲ့။ကိုရင်လေးက သူ့ဆရာကိုမမေးရဲတော့ အဲ့ဒီအဘိုးကြီးကို သွားသွားမေးလေ့ရှိတယ်။ ကိုရင်လေးမေးတိုင်း ကပ္ပိယကြီးက -

"ထားလိုက်ပါကွယ် ထားလိုက်ပါ"ဆိုပြီး ပြောတယ်။ ဒါကိုလည်း ကိုရင်လေးက မကျေနပ်ဘူး။

တစ်နေ့မှာ ကျောင်းထိုင်ဆရာတော်ကြီးက မြို့ကို ညအိပ်သွားဖို့ ကိစ္စကြုံလာတယ်။ အဲ့ဒါနဲ့ ကိုရင်လေးကို ကျောင်းကိုဂရုစိုက်ဖို့မှာတယ်။ ကိုရင်လေးကလည်း စိတ်ချပါ ဂရုစိုက်ထားပါ့မယ်ဆိုပြီး ကတိပေးတယ်။

တစ်နေ့တော့ မြို့ကလူကြုံနဲ့ ဘုန်းကြီး ပြန်ကြွလာတော့မယ်ဆိုပြီး အကြောင်းကြားတယ်။ ကိုရင်လေးက ဘုန်းကြီးပြန်ရောက်လာရင် ကျောင်းကို သူဂရုစိုက်ထားကြောင်း သိစေချင်တယ်။ ဒါကြောင့် သူဟာ ကပ္ပိယကြီးဆီသွားပြီ မေးတယ်။ ကပ္ပိယကြီးက "ထား လိုက်ပါကွယ်။ ထားလိုက်ပါ"ဆိုပြီးပြောတယ်။ ဒါကိုလည်း ကိုရင်လေးက သဘောမကျဘူး။ ကိုရင်လေးက ကျောင်းကိုပြန်လာရင်း အကြံတစ်ခုရသွားတယ်။ကျောင်းခြံထဲမှာလည်း သစ်ပင်တွေကများတော့ သစ်ရွက်တွေက ပြန့်ကျဲနေတာပေါ့။ ကျောင်းခြံဝင်းကို သန့်ပြန့်နေအောင် လုပ်ထားရင် ဘုန်းကြီးပြန်လာရင် ချီးမွမ်းမှာပဲဆိုပြီး သူက ယုံကြည်ထားတယ်။

ကိုရင်လေးက တံမြက်စည်းလှည်းပြီးတဲ့အခါ ကပ္ပိယကြီးကို ခေါ်ပြီးပြတယ်။ ပြတဲ့အခါ ကိုရင်လေးက ဂုဏ်ယူတဲ့လေသံနဲ့ "ကဲ ဒကာကြီး ဘာများလိုသေးလဲ"ဆိုပြီး ပြောတယ်။ ကပ္ပိယကြီးက လိုတာတစ်ခုပါပဲ ဆိုပြီး အနီးမှာရှိတဲ့သစ်ပင်ကိုကိုင်ပြီး လှုပ်လိုက် တယ်။ သစ်ရွက်တွေက မြေပေါ်မှာ ပြန့်ကျဲသွားတာပေါ့။ အဲ့ဒီ အခါကျမှ ကပ္ပိယကြီးက -

"အရှိကိုအရှိအတိုင်းထားတာ အကောင်းဆုံးပဲ။ တမင်သက်သက်အတွက်တော့ ဘာကိုမှ အတင်းကြီးလုပ်ယူမနေနဲ့ ကိုရင်။ လုပ်သမျှ ဒုက္ခချည်းပဲ"

အဲ့ဒီစကားအဆုံးရဲ့ အောက်မှာပဲ ကိုရင်လေးဟာ လိုချင်တပ်မက်မှုတွေကနေ လွတ်မြောက်သွားတယ်။ အဘ ဘဝမှာလည်း တမင်သက်သက်လုပ်မယူခဲ့တာတွေများခဲ့ပါပြီ။

ကျွန်တော်လည်း သူ့ကိုနှုတ်ဆက်ပြီး ကျောင်းကိုပြန်လာလိုက်သည်။ ကျွန်တော့်အသိဉာဏ်တွေဟာ လင်းပွင့်သွားတယ်။ တမင်သက်သက် ဘယ်အရာကိုမှ လုပ်မယူတတ်တော့တာပဲ။ ကျွန်တော့်အရည်အချင်းနဲ့ကျွန်တော်ဆို လိုချင်ပါသည်။

အထီးကျန်သစ်ပင်ကြီးဟာ တစ်ပင်တည်း ထိုးထိုးထောင်ထောင်ဖြစ်နေပါသည်။ သူလည်း သူ့တဲလေးထဲတွင် အထီးကျန်ဖြစ်နေဦးမည်။ ဘယ်တော့မှ ရွက်နုတွေမထိုးတော့သည့်သစ်ပင်တစ်ပင်လို တိတ်ဆိတ် ငြိမ်သက်လှပါသည်။ သူနှင့်ကျွန်တော် ပြန်ဆုံဖို့ မျှော် လင့်ရပါသည်။ ကျွန်တော်လည်း ကျွန်တော့်အတွေးကိုဖြတ်ကာ သွားစရာရှိသည်ကို ဆက်၍သွားပါတော့သည်။

မြတ်သိမ်းခိုင်