News

POST TYPE

EXTRA

ဒီမိုကရေစီပန်းတိုင်၊ အချိုးမကျသေးသည့် အရပ်ဘက် စစ်ဘက်ဆက်ဆံရေးနှင့် ရောမခေတ်နှောင်းပိုင်းပုံပြင်
19-May-2020


(က) ဥပဒေပြုရေးအာဏာကို အားမရတဲ့ သတင်း ထောက်နဲ့ သမ္မတနိုင်ငံ အိပ်မက်မက်ခဲ့သူ

“ဒီမိုကရေစီ မထွန်းကားပုံများ အရင်တုန်းက အဖေကြီး၊ ပြီးတော့ အဘ အခုတော့ အမေ၊ မေမေ။ အာဏာချိန်ခွင့်လျှာညှိရမယ့် Legislative Power (ဥပဒေပြုရေး အာဏာက) အမတ်တွေကိုယ်တိုင် အုပ်ချုပ် ရေးမဏ္ဍိုင်က တာဝန်ရှိသူတွေကို ဖားယားပြီးနေရရင် လိုချင်တဲ့ ဒီမိုကရေစီ ဘယ်ရောက်နေပြီလဲ” ဆိုသည့် လူမှုကွန်ရက်ပို့စ်တစ်ခုအား နံနက်စာစားရင်း Facebook ဖွင့်ကြည့်တော့ တွေ့မိသည်။ ယင်းပို့စ်ကို ရေးထားသူက The New York Times သတင်းထောက်ဟောင်းနှင့် နိုင်ငံရေးအကျဉ်းသားဟောင်းဖြစ်သူ ကိုဝေမိုး။

နောက် Facebook ကို Scroll Down လုပ်ရင်း ဟိုကြည့်ဒီကြည့် ကြည့်ရင်း နောက်ပို့စ်တစ်ခုကို တွေ့မိသည်။

“အမျိုးသားညီလာခံ ပြန်စတော့ သမ္မတနိုင်ငံဆိုတာ ပါလာတယ်။ ၂၀၀၆ ခုနှစ်လောက်ကပေါ့။ ဒုတိယ နှစ်၊ ဘဝမှာ ပထမဆုံး သမ္မတဆိုတာကို နိုင်ငံပိုင်သတင်းစာက ရေးခြင်းကို ဖတ်ရခြင်းကိုး၊ ကိုယ်က လွှတ်တော် နှင့်သမ္မတ၊ သမ္မတနိုင်ငံ စံတန်ဖိုးကို သဘောကျတာ ကိုး။ ကိုယ်ယုံကြည်တဲ့ သမ္မတနိုင်ငံနှင့် စံတွေကတော့ အာဏာနှင့် ပေါ်ပြူလာဝါဒအကြားမှာ တဖြည်းဖြည်းနှင့် ဂုဏ်သိက္ခာမဲ့လာတယ်”ဟူသည့် ပို့စ်ကို ရေးထားသူက တော့ ကိုအမရသီဟ။

သူဟာ လုံခြုံရေးပိုင်းနှင့်ပတ်သက်၍ လေ့လာသူ တစ်ဦးလည်းဖြစ်သလို အမေရိကန်အခြေစိုက် Stimson Center ၏ Fellow တစ်ဦးလည်း ဖြစ်သည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင်လည်း နည်းစနစ် ပိုင်းဆိုင်ရာကဏ္ဍမှ ပါဝင်ဆောင်ရွက်ဖူးခဲ့သူလည်း ဖြစ်ပြီး  Progressive အယူအဆ ရှိသူတစ်ဦးပင်။ ပို့စ်အဆုံးသတ်မှာတော့ သမ္မတစနစ်၏ အမြုတေတန်ဖိုး များကို သူ့အနေနှင့် လေးစားလက်ခံယုံကြည်နေဆဲ ဖြစ်ပြီး သမ္မတစနစ် မြန်မာနိုင်ငံတွင် ကျင့်သုံးအောင် မြင်ပါစေကြောင်းလည်း ရေးထားပါသည်။

(ခ) လွှတ်တော်က အုပ်ချုပ်ရေးမဏ္ဍိုင်နှင့် တန်းတူ အာဏာရှိသင့် မရှိသင့် မေးခွန်း

ရှေးယခင်ကတော့ ဒီမိုကရေစီ ဆိုသည်မှာ ချမ်းသာသူများအတွက်သာလော ချမ်းသာသည့်နိုင်ငံ များအတွက်ပင်လော ဟူသည့်အချက်ကို အခြေပြု ငြင်းခုံမှုများ ရှိခဲ့ဖူးသည်။ ဥပမာအားဖြင့် ဒီမိုကရေစီ ကူးပြောင်းရေး လုပ်မည်ဆိုပါက စီးပွားရေးနှင့် ဖွံ့ဖြိုးရေးအဆင့်တစ်ဆင့်ရောက်ပြီးမှ ကူးပြောင်းလျှင် ပိုမြန်ဆန်သည်ဆိုသည့် အယူအဆမျိုးပင်။

အေဗရာဟမ် မက်စလိုး (၁၉၄၀) ၏ တင်ပြချက် တွင် အစဉ်အလာအရ လူ့လောက၏ အဓိကလိုအပ်ချက် မှာ အာဟာရအစားအသောက်နှင့် ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက် လုံခြုံမှုပင်ဖြစ်သည်ဟု ဆိုခဲ့ပြီး ဒီမိုကရေစီမှာ ဆင်းရဲသောသူများအတွက် ပိုပြီး အလေးမထားစရာ ကိစ္စဖြစ်နေမည်ဆိုသည့် အယူအဆကို ကာလအတန် ကြာ အားကောင်းစေခဲ့ဖူးသည်။

သို့သော်လည်း ယင်းအချက်မှာ သုတေသန စစ်တမ်းများပေါ်တွင် အခြေခံခဲ့မှုတော့ မဟုတ်ပေ။

အာရှဘာရိုမီတာ၏ သုတေသနပြုချက်များက မူ ယင်းသီအိုရီနှင့် နှိုင်းယှဉ်ပါက ပို၍ပင် ရှုပ်ထွေးစရာ ရလဒ်များထွက်လာခဲ့ပါသည်။

ဒေသတွင်းနိုင်ငံများဖြစ်သည့် ဂျပန် ၊ တောင် ကိုရီးယား၊ ထိုင်ဝမ်တို့မှာ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ မွန် ဂိုလီးယား၊ ထိုင်းတို့ထက် များစွာချမ်းသာသည်ဖြစ်ရာ မက်စ်လိုး သီအိုရီအရ ဆိုခဲ့ပါ အရှေ့အာရှ ၃ နိုင်ငံမှာ အင်ဒို၊ ဖိလစ်ပိုင်၊ ထိုင်းအုပ်စုထက် ပိုမိုဒီမိုကရေစီ လိုလားသည့်သဘော ရှိရမည်ဖြစ်သည်။

သို့သော် ၂၀၁၈ အာရှ ဘာရိုမီတာ သုတေသန စစ်တမ်းအရမူ ယင်းနိုင်ငံအားလုံးမှ ဖြေဆိုသူ ၈၉ ရာခိုင် နှုန်းမှာ ဒီမိုကရေစီစံနှုန်းတန်ဖိုးများကို နှစ်နှစ်ခြိုက် ခြိုက်ဖြစ်ကြကြောင်း ရလဒ်ထွက်ပေါ်လာသည်။

ဒီမိုကရေစီမှာ ပြဿနာရှိနိုင်သော်လည်း လက် လှမ်းမီနိုင်သမျှနှင့် ကျင့်သုံးနေသည့် စနစ်များထဲတွင် အကောင်းဆုံး အစိုးရစနစ်ဟု ယုံကြည်ကြခြင်းဖြစ်သည်။ ဗြိတိသျှစစ်အတွင်း အကျပ်အတည်းကာလ ခေါင်းဆောင်ဝန်ကြီးချုပ် ချာချီကိုယ်တိုင်ပင် ဒီမိုကရေစီ မှာ ပြဿနာများ ရှိနိုင်သော်လည်း ယင်းပုံစံမှာ အစိုးရ အုပ်ချုပ်မှုစနစ်အတွက် အကောင်းဆုံးပုံစံတစ်ရပ် ဖြစ်နေသည်ဟု ဆိုခဲ့ဖူးပါသည်။

သို့သော် အာဏာရှင်စနစ်နှင့် သက်ဆိုင်သည့် အာရှဘာရိုမီတာ၏ သုတေသနမေးခွန်းနှင့် ပတ်သက် ၍မူ တင်းမာသည့်ခေါင်းဆောင်တစ်ဦး Strong Leader က အုပ်ချုပ်ခြင်း၊ လွှတ်တော်နှင့် အခြားကဏ္ဍများ ဘေးရောက်သွားနိုင်မှု အနေအထားဆိုင်ရာ မေးခွန်း ကိုမူ ထိုင်းနိုင်ငံမှ ဖြေဆိုသူများထဲက အလယ်အလတ် နှင့်အထက်ဝင်ငွေရှိသူ (ဖြေဆိုသူစုစုပေါင်း၏ ၃ပုံ ၁ ပုံ) နှင့် ဖိလစ်ပိုင်မှဖြေဆိုသူများ (ဝင်ငွေနိမ့်) က လက်ခံ သည်ကိုလည်း တွေ့ရသည်။ တကယ့်အမှန်တွင်လည်း ဖိလစ်ပိုင်ကဲ့သို့နိုင်ငံတွင် Strongman Ruler ဖြစ်သည့် ရိုဒရီဂိုဒူတာတေးအား ၂၀၁၆ ခုနှစ်ကတည်းက ရွေးချယ်တင်မြှောက်ထားခဲ့ပြီးဖြစ်သည်။

မလွတ်မလပ် အာဏာရှင်တစ်ပိုင်းဆန်သည့် ဒီမိုကရေစီနိုင်ငံများတွင် Illiberal တွေ့ရလေ့ရှိသည့် လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့် ဖော်ပြခွင့် တန်ဖိုးများ တင်းကျပ်မှု၊ ပါလီမန်များမှ အုပ်ချုပ်ရေးပိုင်းအား ထိန်းထေစစ်ဆေးနိုင်ခွင့် အားနည်းခြင်းဆိုင်ရာ မေးခွန်း များနှင့်ပတ်သက်၍မူ ချမ်းသြွာကယ်ဝသည့် ဒီမိုကရေစီ နိုင်ငံများဖြစ်သည့် ဂျပန် ၊ ထိုင်ဝမ်၊ တောင်ကိုရီးယား မှာ ဖြေဆိုသူအများစုက အုပ်ချုပ်ရေးအာဏာရှိသူက အခြားဥပဒေပြုရေး၊ တရားစီရင်ရေးမဏ္ဍိုင်တို့ အထက်တွင် ရောက်နေသည့် မလွတ်မလပ် အာဏာပိုင်ဆန် သည့် ဒီမိုကရေစီ Illiberal စနစ်ကို ဆန့်ကျင်ကြောင်း ဖြေဆိုကြသည်။

Illiberal Idea ပင်ဖြစ်သည့် နိုင်ငံအချို့တွင်မူ အုပ်ချုပ်ရေးအာဏာကသာ အခြားအာဏာမဏ္ဍိုင်များထက် အရေးကြီးသည်ဟု မှတ်ယူသူများရှိနေပြီး ဥပဒေပြုရေးမဏ္ဍိုင်က အုပ်ချုပ်ရေးပိုင်းအား အမြဲထိန်းထေရန်မှာ မဖြစ်နိုင်ဆိုသည့် အယူအဆမှာ ခိုင်မာအား ကောင်းလျက်ပင် ရှိနေသေးသည်။

ဒီမိုကရေစီကူးပြောင်းရေး အောင်မြင်စတိုင်း ပြည်ဖြစ်သည့် အင်ဒိုနီးရှားတွင် ၅၀ ရာခိုင်နှုန်းကသာ မလွတ်မလပ် အာဏာပိုင်ဆန်သည့် ဒီမိုကရေစီ Illiberal Democracy ကိုဆန့်ကျင်ပြီး မွန်ဂိုလီးယား နိုင်ငံတွင် ဖြေဆိုသူ ၄၀ ရာခိုင်နှုန်းက ဆန့်ကျင်ကြကာ ထိုင်း၊ ဖိလစ်ပိုင်တို့တွင်လည်း ယင်းအရေအတွက် အတိုင်းသာဖြစ်ပြီး ကမ္ဘောဒီးယား၊ မြန်မာ၊ စင်ကာပူ၊ မလေးရှားတို့မှ စစ်တမ်းဖြေဆိုသူများက ယင်းအရေ အတွက်အောက်တွင် တစ်တန်းတည်း၌တည်ရှိနေကာ ဆိုခဲ့ပါ မြန်မာအပါအဝင် ၄ နိုင်ငံမှာ အော်တိုကရေစီ နှင့်နီးစပ်သည့် နိုင်ငံများလည်းဖြစ်နေမှုမှာ ထူးခြားမှု ဖြစ်သည်ဟု ပါမောက္ခ လာရီဒိုင်းမွန်းက သူ၏ Ill Winds ဆိုသည့် ၂၀၁၉ နှစ်ဆန်းတွင် ထုတ်ဝေသည့် စာအုပ်တွင် မှတ်ချက်ပြုရေးသားထားသည်။

(ဂ) သမ္မတစနစ်၊ လွှတ်တော်ကဏ္ဍနှင့် နတ်သမီးပုံပြင်

Republic သမ္မတစနစ်အကြောင်း ပြောရမယ် ဆိုရင်ဖြင့် ပြင်သစ်တော်လှန်ရေးကာလတို့ ရောမခေတ်တို့ ချန်လှပ်ထား၍ ရနိုင်မည်မဟုတ်ပေ။

ယခု အပိုဒ် ဂ တွင်တော့ ပြင်သစ်နှင့် အမေရိကန် တို့၏ အယူအဆ စဉ်းစားချက်အချို့ကို ဖော်ပြပါ့မည်။

ပြင်သစ်အတွေးအခေါ်ပညာရှင် မွန်တက်စကျူ က အယူအဆအရမူ အာဏာခွဲဝေခြင်းမှာ၊ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေး သီးခြားစီရှိနေခြင်းမှာ အရေးကြီးဆုံးအရာဖြစ်ပြီး အာဏာမဏ္ဍိုင် ၃ ရပ် အား ဖွဲ့စည်းပုံအခြေခံဥပဒေအတွင်းမှ သီးခြားအာဏာ ခွဲထားပေးရန် လိုအပ်ပြီး ယင်းအချက်မှာ အာဏာ အလွဲသုံးစားလုပ်ပြီး လူထုအပေါ် ချိုးဖောက်မှုလုပ်ခြင်း အား ကာကွယ်ရာရောက်စေမည်ဟု မွန်တက်စကျူ က ပြောခဲ့သည်။

အမေရိကန် ဖက်ဒရယ်လစ်ဇ်နှင့် အမေရိကန် ဖက်ဒရယ်စနစ် ဖခင်ဟုဆိုနိုင်သော ဂျိမ်းစ် မက်ဒီဆင် အဆိုအရမူ အုပ်ချုပ်သူဟာ နတ်သမီးဖြစ်နေရင်တော့ အာဏာ ၃ ရပ် (အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေ ပြုရေး) အကြား အပြန်အလှန်ထိန်းကျောင်းရေး ဒေါက်တိုင်တွေဆောက်စရာ မလိုဟု ဆိုသည်။

နတ်သမီးကဲ့သို့ ဖြူစင်ဖြောင့်မတ်ကာ သူ့၏ကြီး မြတ်မှုတန်ခိုး၊ ဖြောင့်မတ်မှုတွေကြောင့် အာဏာမဏ္ဍိုင် များအကြား အပြန်အလှန်ထိန်း-ထေစနစ် မလိုအပ် သည့်သဘောဖြစ်ပြီး သာမန်လောကီသားဆိုရင်ဖြင့် အာဏာမဏ္ဍိုင်တွေအကြား အာဏာခွဲဝေမှု အပြန်အလှန် ထိန်းကျောင်းမှု လိုအပ်မည်ဟုဆိုသည်။

ဒါကြောင့် အုပ်ချုပ်သူ အာဏာအလွဲသုံးစားတာမျိုးမလုပ်အောင် အာဏာ ၃ ရပ် တန်းတူအခွင့် အာဏာပေးတာမျိုး ဒီမိုကရေစီစနစ်မှာ လုပ်ကြရ ခြင်းဖြစ်သည်။

အုပ်ချုပ်ရေးမဏ္ဍိုင်က လွှတ်တော်ဥပဒေပြု ရေးအပေါ်သို့ ရောက်နေခြင်း သို့တည်းမဟုတ် သမ္မတ ဖြစ်စေ၊ အုပ်ချုပ်သူတစ်ဦးဦးကဖြစ်စေ လွှတ်တော်၏ အပေါ်တွင် သြဇာလွှမ်းမိုးမှုရှိပါက သက်ဦးဆံပိုင်ဘုရင် စနစ်အဖြစ် သတ်မှတ်ကြောင်း အမေရိကန် ဖက်ဒရယ် စနစ် ခေါင်းကိုင်ဖခင်ဖြစ်သူ ဂျိမ်းစ်မက်ဒီဆင်က ဆိုသည်။ သမ္မတစနစ်တွင် လူနည်းစုအတွက် အခွင့်အရေးများ လည်း ပေးကြရပါသည်။

ဒီမိုကရေစီ အနိုင်ကျင့်စေမှု မရှိစေရေး၊ လူအုပ် ဖြင့် အနိုင်ယူမှုမရှိစေရေးအတွက် အကျိုးစီးပွားအလိုက် ပြည်နယ်များအတွက် သီးခြားလွှတ်တော်တစ်ရပ် ထားရှိ စေခြင်း (အထက်လွှတ်တော် ဆီးနိတ်) မှာ သမ္မတ စနစ်သုံး အမေရိကန် ဖက်ဒရယ်စနစ်၏ အမြုတေပင် ဖြစ်ပေသည်။

၂၀၀၈ အခြေခံဥပဒေအရ သမ္မတစနစ်ကျင့်သုံးသည့် မြန်မာနိုင်ငံ၏ ဒုတိယအကြိမ် လွှတ်တော်သက်တမ်း လွှတ်တော်ဆိုင်ရာ သုတေသန စာတမ်းအချို့တွင်မူ “ပြည်ထောင်စု လွှတ်တော်သည် အုပ်ချုပ်ရေးမဏ္ဍိုင်အောက် ကျရောက်နေသည်။ ပါတီခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည် အစိုးရအဖွဲ့အတွင်း ရောက်ရှိသွားခြင်းက လည်း လွှတ်တော်အမတ်များအဖို့ အစိုးရအား ထိန်း-ထေရာတွင် ပိုမိုစိုးရွံ့မှုဖြစ်စေပြီး သူမရှိနေသည့် အစိုးရအဖွဲ့အား ထိန်း-ထေရန်ဆိုသည့်ကိစ္စမှာ မသင့်လျော် သည့်အရာ မှတ်ယူထားသူ လွှတ်တော်ကိုယ်စားလှယ် အများအပြားရှိနေသည်။ ဒီမိုကရေစီအရ အနိုင်ကျင့်မှု များရှိသည်။ လွှတ်တော်သည် မူဝါဒရေးရာ ရေးဆွဲချ မှတ်မှုများ၊ ကောင်းမွန်သည့်ဥပဒေများ ပေါ်ပေါက်လာရေးအတွက် ရေးဆွဲမှုများတွင် အားနည်းမှုများရှိသည်။ အုပ်ချုပ်ရေးမဏ္ဍိုင်အား ထိန်းထေမှုမပြုနိုင်သည့်အပြင် ပါတီအုပ်စုနိုင်ငံရေးသက်သက်ဖြစ်နေသည်” စသဖြင့် ဖော်ပြထားမှုများ ရှိနေသည်။ 

(မှတ်ချက်။ ။ အသေးစိတ် ဖတ်လိုပါက Renaud Egreteau, Parliamentary Deve-lopment in Myanmar, Asia Foundtion စာတမ်း၊ အမျိုးသားလွှတ်တော် အခန်းကဏ္ဍနှင့် ဖက်ဒရယ် အိပ်မက် စသည့် စာတမ်းများအား ဖတ်ရှုရန် )

(ဃ) ရောမခေတ်နှောင်းပုံပြင်နှင့် ပကတိ အရပ်ဘက် စစ်ဘက်ဆက်ဆံရေး

သမ္မတစနစ် Republic ဟု ဆိုလိုက်လျှင် ရောမ ခေတ်ကို ချန်ထား၍ မရနိုင်ပါချေ။

ရောမခေတ်ပျက်သုဉ်းရခြင်းတွင် သမ္မတစနစ် မှ အင်ပါယာအဖြစ် ကူးပြောင်းခြင်းက အဓိကကျသည်ဟု ဆိုကြသည်။

သမ္မတစနစ်ကျင့်သုံးစဉ်က Praetorain Guard ဟုခေါ်သည့် ရောမစစ်တပ်၏ အစိတ်အပိုင်း တစ်ပိုင်းဖြစ်သည့် စစ်သည်များမှာ အကြီးအမှူးများ၊ မှူးမတ် ဆီးနိတ်တာများ၏ ပုဂ္ဂိုလ်ရေးအရ လုံခြုံရေးရယူပေးရသည့် တပ်ဖွဲ့များဖြစ်သလို ထောက်လှမ်းရေး သတင်းလုပ်ငန်းများ ဆောင်ရွက်ရသူများဖြစ်သည်။

အင်ပါယာစနစ်သို့ ကူးပြောင်းချိန်တွင် အာဏာ ပိုင်စနစ် ထူထောင်ရေးမှာ အဓိကကျလာခဲ့ပြီး ယင်း ပရေတိုးရီးယန်းများကို ဘုရင်က အပြန်အလှန် အာဏာတည်ဆောက်ရေးအတွက် Secret Police အဖြစ် လည်းကောင်း၊ ပြိုင်ဘက်များကို လုပ်ကြံသတ်ဖြတ်ရာ တွင်လည်းကောင်း အသုံးပြုလာခဲ့သလို ဆီးနိတ် လွှတ်တော် အခန်းကဏ္ဍမှာလည်း မရှိတော့ပါ။ ယခင် ရောမ ရီပတ်ပလစ်၏ အာဏာဗဟိုချက်မှာ တိုင်ပင် ဆွေးနွေးညှိနှိုင်း ထိန်းထေမှုရှိသော ဆီးနိတ်တွင် တည်ရှိ ခဲ့ခြင်းဖြစ်ပြီး ဆီးနိတ်အတွင်း ဂိုဏ်းဂဏ အားပြိုင်မှု၊ အုပ်စုဖွဲ့နိုင်ငံရေးမှတစ်ဆင့် ပြည်တွင်းစစ်သို့ ဆင်းသက် ရသလို အင်ပါယာအာဏာပိုင်စနစ် အားကောင်းလာခြင်း ဖြစ်သည်။ အင်ပါယာထုံးစံအတိုင်း နယ်မြေချဲ့ထွင် စစ်ပွဲများနှင့်သာ အစောပိုင်း အချိန်ကုန်ခဲ့ပြီး နိုင်ငံ တည်ဆောက်ရေးဘက်တွင် ဟုတ်ဟုတ်ညားညား မလုပ်နိုင်ခဲ့ပါ။

အာဏာပိုင် ပဒေသရာဇ်ဘုရင်မှာ ပရေတိုးရီး ယန်းများကို ၎င်းအာဏာအတွက် မြှောက်စားရင်း နောက်ပိုင်းတွင် ပရေတိုးရီးယန်းများကလည်း ဘုရင်ကို လုပ်ကြံပြီး အာဏာတင်မြှောက်မှုများ သို့တည်းမဟုတ် ၎င်းတို့အလိုကျ အကျပ်ကိုင်ဆောင်ရွက်စေမှုများ ပြုလုပ်လာခဲ့သည်။ ပဒေသရာဇ်များ အာဏာတည်စေရေးအတွက်လည်း ပရေတိုးရီးယန်းများနှင့် အကျိုး စီးပွားဆိုင်ရာ အပေးအယူလုပ်ရသည်သာ။ သို့သော် ယင်းအပေးအယူမှာ ပုဂ္ဂိုလ်ရေး စီးပွားသာဖြစ်ပြီး ယနေ့အခေါ် တစ်နိုင်ငံလုံး တစ်မျိုးသားလုံး အကျိုးစီးပွား မဆောင်ခဲ့ချေ။

စီးပွားရေးမှာလည်း အရင်းအမြစ်များအား အဓမ္မထုတ်ယူသည့် Extractive စီးပွားရေးစနစ် ဖြစ်ရလေကား ရေရှည်တွင် ဒီမိုကရေစီ ပြိုလဲမှုနှင့် စစ်ပွဲများ၊ အထိန်းအထေမရှိသည့် အုပ်ချုပ်ရေး၊ လုံခြုံ ရေးအာဏာပိုင်စနစ်ကြီးထွားလာမှု၊ မတည်ငြိမ်မှုများ၊ အာဏာလုပွဲများနှင့်အတူ တိုင်းပြည်မှာ ချည့်နဲ့လာခဲ့ပြီး ရိုမန်အင်ပါယာ ပျက်စီးခြင်းသို့ ရောက်ရလေသည်။

ရောမခေတ်ပျက်သုဉ်းရခြင်းမှာ သမ္မတနိုင်ငံ Republic စနစ်မှ အင်ပါယာစနစ်သို့ ကူးပြောင်းခဲ့မှု ကြောင့်ဖြစ်သည်ဟု ကမ္ဘာကျော် Why Nations Fail စာအုပ်ကို ရေးသားသည့် ပါမောက္ခ Daron Acemoglu က မှတ်ချက်ပြုသည်။

ယင်းရောမခေတ်နောက်ပိုင်းကာလ အုပ်ချုပ် မှုတွင် ပရေတိုးရီးယန်းလုံခြုံရေးတပ်များ အရေးပါလာ မှုနှင့်အတူ တိုင်းပြည်အုပ်ချုပ်မှုတွင် အရပ်သားအုပ်ချုပ် သူများအနေနှင့် လုံခြုံရေးတပ်များနှင့် မည်ရွေ့မည်မျှ အပေးအယူ ညှိနှိုင်းဆောင်ရွက်နိုင်စွမ်းနှင့် ဆက်ဆံ ရေး တည်ဆောက်နိုင်စွမ်း၊ ယင်းတည်ဆောက်မှုမှာ အများပြည်သူအတွက် အကျိုးဖြစ်ထွန်းစေသလော၊ ဥပမာ-လူထုအုပ်ချုပ်မှု အခြေပြု ဒီမိုကရေစီ ပေါ်ပေါက် စေရန်လော ဦးတည်သလော ဆိုသည့် အရပ်ဘက် စစ်ဘက် ဆက်ဆံရေးဆိုင်ရာ ဘာသာရပ်အတွက် ဥပမာပြု လေ့လာရသည့် အကြောင်းအရာများ ဖြစ် လာပါသည်။

ဒီမိုကရေစီမဟုတ်သည့်နိုင်ငံများတွင် အရပ်ဘက် စစ်ဘက်ဆက်ဆံရေး ဆိုးရွားနေလေ့ရှိပြီး ကူးပြောင်းစနိုင်ငံများတွင် အရပ်ဘက်အုပ်စိုးသူနှင့် စစ်တပ်အကြား ဆက်ဆံရေး၊ ယင်းဆက်ဆံရေးကောင်းမွန်မှုမှာ ကျယ်ပြန့်သည့်ဒီမိုကရေစီ အကူးအပြောင်းမူဘောင်များအထိ ဦးတည် မတည်ဆိုသည့်ကိစ္စရပ်များမှာ ဒီမိုကရက်တစ် အကူးအပြောင်း အောင်မြင်၊ မအောင်မြင်အထိ တာသွားလေ့ရှိပါသည်။

စစ်ဘက်အာဏာပိုင်စနစ်ကျင့်သုံးမှု ကြာမြင့်ခဲ့သည့်တိုင်းပြည်များတွင် စစ်တပ်အနေနှင့် Guardian အုပ်ထိန်းသူအယူအဆများ ကိန်းအောင်းနေလေ့ရှိကာ အရပ်ဘက်၏ အုပ်ချုပ်ရေးယန္တရား မနိုင်နင်းမှုများကလည်း နိုင်ငံရေး၊ အုပ်ချုပ်ရေးတွင် ၎င်းတို့ ဝင်ပါစေရေးအတွက် အကြောင်းပြစရာကိစ္စရပ်များအဖြစ် အမြဲမှတ်ယူထားလေ့ရှိပါသည်။

အကျိုးစီးပွားအခြေခံ ပရေတိုးရီးယန်း အယူအဆများနှင့်အတူ နိုင်ငံရေး၊ နိုင်ငံရေးအာဏာ မှန်းမျှော်ချက်မျိုးလိုကိစ္စတွေက အစပါ။

ယေဘုယျအားဖြင့် ဒီမိုကရေစီနိုင်ငံတွေမှာ အရပ်ဘက် စစ်ဘက်ဆက်ဆံရေးဆိုတာ ဓမ္မဒိဋ္ဌာန်ကျတဲ့ အရပ်သားအုပ်ချုပ်မှုဟု ပါမောက္ခဟန်တင်တန်က ဖွင့်ဆိုသည်။ (၁။ စစ်တပ်၏ ပရိုဖက်ရှင်နယ် အရည် အသွေးမြင့်မားခြင်းနှင့် စစ်သားများ၏ လုပ်ပိုင်ခွင့်တွင် အကန့်အသတ်စည်းမျဉ်းများ ရှိသည်ဆိုသည်ကို စစ်သားများက လက်ခံမှု၊ ၂- နိုင်ငံရေးသမားများက စစ်တပ်အပေါ် ထိထိရောက်ရောက် ထိန်းချုပ်ခွင့်ရထား ပြီး အခြေခံစစ်ရေးနှင့် နိုင်ငံခြားရေးမူဝါဒ ချမှတ်ခွင့် ရှိခြင်း၊ ၃- စစ်တပ်၏ စစ်ပညာပိုင်းဆိုင်ရာ စွမ်းဆောင် မှုနှင့် ကိုယ်ပိုင်ဆုံးဖြတ်ခွင့်အပေါ် နိုင်ငံရေးခေါင်းဆောင် များ၏ အသိအမှတ်ပြုမှု၊ ၄- အကျိုးဆက်အနေနှင့် နိုင်ငံ ရေးမှာ စစ်တပ်ပါဝင်စွက်ဖက်မှု အနည်းဆုံးဖြစ်အောင် လုပ်ထားနိုင်ခြင်း )

သို့ပေလင့်ကစား အာဏာရှင်နိုင်ငံများနှင့် ဒီမိုကရေစီ ကူးပြောင်းစနိုင်ငံများ၏ အရပ်ဘက် စစ်ဘက် ဆက်ဆံရေးမှာ ယင်းကဲ့သို့ အခြေအနေမျိုး မဟုတ်ဟု ဟန်တင်တန်က ဆိုသည်။

၂၀၁၀ နောက်ပိုင်း မြန်မာ အခြေအနေအရတော့ “တပ်မတော်ဟာ အြွကင်းမဲ့အာဏာကို စွန့်လွှတ် လိုက်ပြီး ဗီတိုအာဏာကို ဆက်ကိုင်ထားခဲ့တယ်။ ဒါပေမဲ့ နိုင်ငံတော်ရဲ့ အုပ်ထိန်းသူနေရာမှာတော့ ဆက်ရှိနေခဲ့တယ်။ တပ်မတော်ဟာ အုပ်ထိန်းသူ အတွေး အခေါ်ကို တည်ဆောက်တဲ့နေရာမှာ အရပ်ဘက်နိုင်ငံ ရေးအသိုက်အမြုံရဲ့ အားနည်းချက်တွေ၊ လိုအပ်ချက် တွေကို အဓိက မီးမောင်းထိုးပြတယ်။ အရပ်ဘက်နိုင်ငံ ရေး အသိုက်အမြုံအားနည်းလို့ကို အုပ်ထိန်းသူဆိုတာ ရှိနေရတယ်ဆိုတဲ့ သဘောမျိုးပေါ့။ ဒါကိုလည်း သမိုင်းနဲ့ ချီပြီး တရားဝင်ထူထောင်ထားတယ်”ဟု အရပ်ဘက် စစ်ဘက် ဆက်ဆံရေး လေ့လာနေသူတစ်ဦးဖြစ်သည့် ကိုရဲမျိုးဟိန်း၏ ဆောင်းပါးတစ်ပုဒ်တွင် ဖော်ပြထား သည်။

တစ်ချိန်တည်းတွင်လည်း ဒီမိုကရေစီနိုင်ငံသစ် များအနေနှင့် အရပ်ဘက် စစ်ဘက် ဆက်ဆံရေး ကောင်းမွန်ရန် ကြိုးပမ်းရသည့် အရပ်ဘက် စစ်ဘက် ဆက်ဆံရေးအား အချိန်တိုအတွင်း အများကြီး ပြုပြင် ပြောင်းလဲနိုင်ရေးဆိုသည့် ဧရာမစိန်ခေါ်မှုကြီးကို ဒီမိုကရေစီနိုင်ငံသစ်တွေက ရင်ဆိုင်ရလေ့ရှိသည်ဟု ပါမောက္ခဟန်တင်တန်က ဆိုသည်။

 တကယ်တော့ ယင်းစိန်ခေါ်မှုက များပြားလှတဲ့ အခြားစိန်ခေါ်မှုတွေထဲက တစ်ခုလောက်ပဲ ဖြစ်တတ်ပါသည်။

ဒီမိုကရေစီနိုင်ငံသစ်များ၏ အတွေ့အကြုံများ ကူးပြောင်းသည့်နိုင်ငံများကို ကြည့်ပါက လုပ်ပိုင်ခွင့် အာဏာအသစ်ကို ပြည်သူတွေလက်ခံလာအောင် လုပ်ဆောင်ရသလို အခြေခံဥပဒေအသစ်တွေကို ရေးဆွဲ ရပါသည်။ ပြိုင်ဆိုင်မှုအားကောင်းတဲ့ ပါတီစုံစနစ်နှင့် အခြားဒီမိုကရက်တစ် အင်စတီကျူးရှင်းတွေ ပေါ်ပေါက်လာအောင် တည်ထောင်ပေးရသလို မီဒီယာလွတ်လပ် ခွင့်အပါအဝင် လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့်များ ဖော်ဆောင်ပေးခြင်းနှင့် နိုင်ငံသားအခွင့်အရေးအား ကောင်းလာစေရန် ဆောင်ရွက်ပေးခြင်း၊ အရင်က ရှိခဲ့ ဖူးသော ဗဟိုချုပ်ကိုင်အမိန့်ပေး စီးပွားရေးစနစ်တွေ နိုင်ငံတော်လွှမ်းမိုးမှုခံရတဲ့ စီးပွားရေးစနစ်တွေကို လစ်ဘရယ်ဆန်အောင် လုပ်ပေးရပါသည်။ ပုဂ္ဂလိက ပိုင်ဖြစ်အောင် ပြောင်းပေးခြင်းအပါအဝင် ဈေးကွက် စီးပွားရေးအဖြစ် ဖော်ဆောင်ပေးရသည်။ ငွေကြေးဖောင်းပွမှုနှုန်းနဲ့ အလုပ်လက်မဲ့နှုန်းကို ထိန်းချုပ်နိုင်အောင် ကြိုးစားရင်း ဘတ်ဂျက်လိုငွေပြမှု လျော့နည်းအောင်လည်း ကြိုးစားရသလို ရာဇဝတ်မှုများနှင့် အကျင့်ပျက်ခြစားမှုတွေကို တိုက်ဖျက်နေတဲ့ တစ်ချိန်တည်းမှာ တိုင်းရင်းသားအချင်းချင်း တင်းမာမှုနှင့် ပဋိပက္ခများ ရပ်စဲရေး ဘာသာရေးတင်းမာမှုတွေ၊ အကြမ်းဖက်မှုတွေကိုလည်း ထိန်းချုပ်နိုင်အောင် ကြိုးစားကြရလေ့ရှိသည်။

မြန်မာအနေနှင့် ပြန်ကြည့်လျှင်မူ ယင်းအချက် များကို အာဏာရှင်ခေတ်လွန် ဒုတိယသက်တမ်းတွင် အောင်မြင်အောင် စီမံဖြေရှင်းနိုင်ခြင်းမရှိသလို နိုင်ငံ တကာဖိအားများလည်း ရင်ဆိုင်လာနေရကာ ပဋိပက္ခ တင်းမာမှုများလည်း ဆက်ရှိနေကာ လုံခြုံရေးကဏ္ဍ ရှေ့ရောက်၊ စစ်တပ်အခန်းကဏ္ဍရှေ့ရောက်နေသည့် ဒေသများမှာလည်း လွန်ခဲ့သည့် ၁၀ နှစ်အတွင်း ပိုမို များပြားလာခဲ့သည်။ ဒီမိုကရေစီမူဘောင်မှာ နိုင်ငံတကာ အဖွဲ့အစည်းများမှတ်တမ်းများအရ ကျုံ့လာနေသည်။ သမ္မတစနစ်တွင် အရေးပေးရမည့် အခန်းကဏ္ဍတွင်ရှိ သော လူနည်းစုများနှင့် ဗဟိုအာဏာပိုင်များအကြား ဆက်ဆံရေး လူမျိုးစုဒေသများမှ ပဋိပက္ခများမှာ နိုင်ငံတကာကပင် မေးငေါ့စရာ၊ မီးမောင်းထိုးစရာ အခြေအနေရောက်လာနေသည်။

တစ်ချိန်တည်းတွင်လည်း စပ်ကြားစနစ် အုပ်ချုပ် ရေးအောက်တွင် အရပ်သားအစိုးရ အုပ်ချုပ်စီမံခွင့်ရှိ သောဌာနများ၊ အာဏာရပါတီကြီးစိုးသော လွှတ်တော်တို့မှာ အင်စတီကျူးရှင်း ပြုပြင်ပြောင်းလဲရေးတွင် ထိုက်သင့်သလောက်ပင် ဆောင်ရွက်နိုင်မှု မရှိခဲ့ပါဟု ဆိုပါက လွန်မည်မထင်ပါ။

အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးတွင် အခြား သီအိုရီတစ်ခုလည်း ရှိနေပါသေးသည်။ ယင်းမှာ လူမျိုးစု တိုင်းရင်းသားများပါ ရှိနေသည့် တိုင်းပြည်တစ်ခုတွင် ဒီမိုကရေစီအားကောင်းစေရန် အရပ်ဘက် စစ်ဘက် ဆက်ဆံရေး တည်ဆောက်မည်ဆိုပါက နိုင်ငံရေး စစ်ရေး အိလိ (Elite) တစ်ဦး နှစ်ဦးလောက်အကြားနှင့်ပင် မလုံလောက်တော့ဘဲ လူမျိုးစုများအတွက်ပါ ထည့်သွင်း စဉ်းစားရမည့် တင်ကူးအခြေအနေလိုအပ်မှုပင်။

၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်တွင်းရှိ လူထု ( ဗမာ + တိုင်းရင်းသားများ ) တင်မက နိုင်ငံတကာ၏ Legitimate ကိုပါ ရရှိခဲ့သည့် ဒီချုပ်အစိုးရအနေနှင့် တိုင်းရင်းသားများနှင့် နိုင်ငံတကာ၏ ထောက်ခံမှု လျော့နည်းလာသည့်လက္ခဏာများ ပြနေမှုမှာ အရပ် ဘက် စစ်ဘက်ဆက်ဆံရေး ကောင်းမွန်စွာ တည်ဆောက်ပြီး အမျိုးသားနိုင်ငံတော် တည်ဆောက်မှု အသွင်ကူး ပြောင်းရာတွင် ထိပ်သီးခေါင်းဆောင်နှစ်ဦး ( ဥပမာ- ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်)တို့ သက်သက်မျှနှင့် မလုံလောက်သည့် အချက်ကို ညွှန်းပြနေသကဲ့သို့ပင်ရှိသည်။ (ကိုးကား။ ။ Civil Military Relations, Nation Building and National Identity)

ဆိုခဲ့ပါ ခေါင်းဆောင် ၂ ဦးတည်း အဆင်ပြေသဖြင့် လည်း ခေတ်မီတိုးတက်သည့် ဒီမိုကရေစီနိုင်ငံတော်သို့ သွားမသွား အာမခံနိုင်မည် မဟုတ်ချေ။ ဥပမာအားဖြင့် ပရေတိုးရီးယန်းများနှင့် ရောမအာဏာပိုင်များ အပြန်အလှန် အလုပ်အကျွေးပြုရင်း အုပ်ချုပ်သည့် အင်ပါယာစနစ်ကို ပြန်ကြည့်ရန် ဖြစ်သည်။

အချုပ်အားဖြင့်ဆိုရသော် သမ္မတစနစ်တွင် ဒီမိုကရက်တစ် အင်စတီကျူးရှင်းများလည်ပတ်အား ကောင်းစေမှု၊ အာဏာမဏ္ဍိုင်များအကြား ထိန်း-ညှိ ထိန်းထေနိုင်စွမ်း၊ နိုင်ငံသားအခွင့်အရေး ဖွင့်ဆိုချက်၊ လူနည်းစုအခွင့်အရေး အကာအကွယ်ပေးမှုများ၊ ထင်ရာစိုင်းမှုများကို အကာအကွယ်ပေးထားမှုများ စသဖြင့် သမ္မတစနစ်၏ စံတန်ဖိုးများ၊ ဖွင့်ဆိုချက်များရှိနေပါသည်။

ဆောင်းပါးအစပိုင်းတွင် စာရေးသူ ကိုးကားခဲ့သည့် Facebook Post ပိုင်ရှင် ကိုအမရသီဟကတော့ အခုအချိန်အထိ သူ့မိတ်ဆွေတွေနဲ့ ဆုံလို့ အရက်သောက်ဝိုင်းထိုင်ရင်တောင် ပထမဆုံးဆုတောင်းက သမ္မတနိုင်ငံ တည်တံ့ပါစေဟု ဆုတောင်းနေသေးသည်ဟု ရေးသားထားသည်။

ဘာကြောင့် အမျိုးသားနိုင်ငံများ ကျရှုံးရသနည်း Why Nations Fail စာအုပ်ကို ရေးသားသူ Daron Acemoglu နှင့် James A. Robinson တို့ ကမူ နိုင်ငံများ ကျရှုံးရခြင်း၊ အောင်မြင်ရခြင်း ကွာခြားချက်မှာ ယဉ်ကျေးမှု ဓလေ့၊ ပထဝီအခြေအနေသို့တည်းမဟုတ် အခွင့်အရေး Chance ကြောင့်မဟုတ်ဘဲ အာဏာမဏ္ဍိုင်များ၊ အင်စတီကျူးရှင်းများ တည်ဆောက် လည်ပတ်မှုပုံစံတွင်သာ မူတည်သည်ဟု မှတ်ချက်ပြုပါသည်။

စိုင်းထွန်းအောင်လွင်

(မှတ်ချက်။ ။ ဆောင်းပါးရှင် စိုင်းထွန်းအောင်လွင်သည် ပြည်ထောင်စုအင်စတီကျုမှ နိုင်ငံရေး သုတေသီတစ်ဦးဖြစ်သည်) 
ကိုးကား- Why Nations Fail, Daron Acemoglu and James A. Robinson 
Civil Military Relations, Nation-Building and National Identity, Constaine. P Danoupolous
Samuel P. Huntington, International Forum for Democratic Studies and the George C. Marshall European Center for Security Studies in Washington, D.C.
James. Madison, Federalists paper 51)